(ဆာဘီယန့်ဘာသာစကားဖြင့်) ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည်က Nick Vujicic ပါ။ ၁၉၈၂ခုနှစ် သြစတြေးလျမှာ မွေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဩစတေးလျမှ ကယ်လီဖိုးနီးယား သို့ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဘဝဇာတ်ကြောင်းက- ကျွန်တော် ကျေးဇူးတင်ပါတယ်။ လူတွေဟာ ကျွန်တော့်ဘဝရဲ့ အဆင့် အချို့ကို ကြည့်ရှုအားပေးခဲ့တဲ့အတွက်၊ YouTube ဗီဒီယိုတွေကို ကြည့်ခဲ့တာ၊ ခြေလက်အင်္ဂါမဲ့ ကလေးလေးရဲ့ အပြုံးပုံတွေကို ကြည့်ခဲ့ကြတဲ့ အတွက်ပါ။ ခင်​ဗျားတို့ သိလား။ လူတွေက ကျွန်တော့်ကို အမြဲမေးကြတာက ခင်ဗျား ဘယ်လိုဖြစ်ခဲ့တာလဲ။ ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ဘယ်လို ကျော်လွှားခဲ့တာလဲ။ ကျွန်တော် ဖြေကြားပေးခဲ့တာတွေကို ခေါင်းစဉ် တပ်ပေးရမယ် ဆိုရင် "နံရံတွေကို ပြတင်းပေါက် အဖြစ်သို့ ပြောင်းလဲပစ်ခြင်း" ဖြစ်ပါတယ်။ အဲဒါကို အများပြည်သူ နားလည်အောင် ပြောရရင်၊ "အတားအဆီးများကို အခွင့်အရေး အဖြစ် ပြောင်းလဲခြင်း" ဆိုပြီး ရှင်းပြရတာကို ကျွန်တော် သဘောကျပါတယ်။ အဲဒါကို ကျွန်တော် ကောင်းကောင်း နားလည်လို့ ခင်ဗျားတို့နဲ့ ဝေမျှဖို့ အခု အသင့်ပါပဲ။ ဒီနေ့တွင် လူပေါင်း တစ်ဘီလီယံလောက် အဆာငတ်နေကြတာ ကျွန်တော်သိပါတယ်။ ဒီနှစ်ထဲမှာ လူတစ်သန်းလောက် မိမိကိုယ်ကို အဆုံးစီရင်ကြမှာကို ကျွန်တော် သိတယ်။ ဒါဟာ စက္ကန့် ၄၀ တိုင်းမှာ တစ်ယောက်နှုန်းကျပါ။ ဒီနေ့တွင် ကျေးကျွန်ပေါင်း သန်း ၁၂၀ ရှိတာ ကျွန်တော် သိထားရပြီး ကျွန်တော် ကျေးကျွန် ၆ ယောက်နဲ့ တွေ့ဆုံခဲ့ဘူးတဲ့ အပြင် ကျွန်တော်ဟာ စီးပွားရေးဆိုတဲ့ ပိရမစ်ရဲ့ ထိပ်ဆုံးကိုလည်း မြင်ခဲ့ပြီးလို့ ဘီလီယံနာတွေနဲ့လည်း တွေ့ဆုံခဲ့ဘူးတယ်။ ဘဏ် လုပ်ငန်းရှင်တွေကို တွေခဲ့ဘူးသလို မိဘမဲ့တွေကိုလည်း တွေ့ခဲ့ဘူးတယ်။ ကျွန်တော်တို့ အားလုံးဟာ တစ်စုံတစ်ခုကို ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကို ရှာကြံနေကြတယ်။ ကိုယ်ဟာ မျှော်လင့်ချက်နဲ့ မွေးလာခဲ့ရုံနဲ့ မျှော်လင့်ချက်ကို ဆက်မရရှိနိုင်ပါဘူး။ အဲဒီလို မဟုတ်ဘဲ၊ ကျွန်တော်တို့တွေ နာကျင်မှုနဲ့အတူ မွေးဖွားလာရတာပါ။ ကျွန်တော်တွေ မွေးဖွားလာရတာ၊ နေထိုင်ရတာ အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်ရင်းနဲ့ပါ။ ကျွန်တော်တို့ရဲ့ ဘဝထဲမှာ - မိဘတွေက ကျွန်တော့်ကို အမြဲတမ်း သင်ပေးခဲ့ကြတာက၊ ကျွန်တော် ဘာကြောင့် ဒီလိုပုံစံမျိုးနဲ့ ဒမွေးလာရတာ ကျွန်တော်တို့ မသိကြတောင် ကျွန်တော်တို့မှာ ရွေးစရာ ရှိတာကိုပါ။ ကိုယ့်မှာ မရှိတဲ့အရာတွေ အတွက် ဒေါသထွက်နေမလား။ ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့ အရာတွေအတွက် ကျေးဇူးတင်မလား။ အဲဒီရွေးချယ် ပိုင်ခွင့်ဟာဖြင့် ကျွန်တော် ကိုယ်တိုင် ဆင်ခြင် နားလည် ခဲ့ပြီးတဲ့ နောက်မှာ၊ မိမိဘာသာမိမိ အထူးသဖြင့် ကျောင်းနေစဉ် အစောပိုင်း နှစ်တွေမှာ ဆုံးဖြတ်ခဲ့ရတယ်။ ကလေးတွေ တော်တော်များများတို့က ကျွန်တော်ဆီလာပြီး ကျီစယ်တတ်ကြတယ်။ ကျွန်တော်ဟာ ညီလာခံ ၅ ခုမှာ တက်ပြီး စကားပြောခဲ့သူပါ၊ ကမ္ဘာတစ်ဝန်းက သမ္မတ ၇ ယောက်နဲ့ တွေ့ဆုံခဲ့သူပါ။ ကျွန်တော်ရဲ့ အကြီးမားဆုံး ပရိသတ်က လူ ၁၁၀၀၀၀ ရှိခဲ့ဘူးတယ်။ ဟောပြောပေးဖို့ ကျွန်တော် ဖိတ်ကြားချက် ၃၀၀၀၀ ရရှိထားပါတယ်။ ဒါကြောင့် ဘယ်နေရာကိုပဲ သွားသွား ကျွန်တော်ဟာ ဘဝဟာ တန်ဖိုးရှိပုံအကြောင်း၊ အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ရေး အမှာစကားတွေကို ပြောတတ်ပါတယ်။ နိုင်ငံအသီးသီးရှိ ပညာရေးစနစ်တွေ အတွက်ပါ။ အကြီးမားဆုံး အရာက ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော်တို့ဆီမှာ အချစ်မေတ္တာ မလုံလောက်ဘူးလို့ ခံစားရရင်၊ မျှော်လင့်ချက် မလုံလောက်ဘူးလို့ ခံစားမိရင်၊ ကျွန်တော်တို့ဟာ ရှင်သန်ရေး ခွန်အားတွေ စပြီး ဆုံးရှုံးလာကြမှာပါ။ ကလေးဘဝတုန်းက ကျွန်တော့ဆီမှာ ကြီးမားတဲ့ နံရံကြီး ရှိခဲ့ပါတယ်။ ကျွန်တော့်ကို နံရံတွေလေးခု ဝန်းရံလျက် မျက် နှာကျက်က အခွင့်အရေးကို အုပ်မိုးထားခဲ့တယ်။ ကျွန်တော့ကို နည်းလမ်းများစွာဖြင့် လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့ကြတယ်။ အထူးသဖြင့် ကျွန်တော်ကိုချစ်ပြီး အားပေးခဲ့တဲ့ မိဘတွေနဲ့အတူ ကျွန်တော်ဟာ ကျွန်တော်ရဲ့ နဂိုပုံစံအရကို လှပသူ ဖြစ်တာမို့လို့ အခြားသူတွေ ဘယ်လိုပဲပြောပြေ ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ရှင်းပြခဲ့ကြတဲ့ မိဘတွေနဲ့အတူ နေထိုင်းရင်း နေ့စဉ်ဘဝကို ရှင်သန် ဖြတ်ကျော်နိုင်ခဲ့တာပါ။ တကယ်တော့ ကျွန်တော်ဟာ ခြေလက်မရှိလို့ အထူးလိုအပ်ချက် ရှိခဲ့ပေမဲ့ ဩစတျေးလျရဲ့ အခြေခံ ပညာရေး စနစ်ထဲ ပါဝင်ပြီး ပညာသင်နိုင်ခဲ့တဲ့ ပမထဦးဆုံး ကလေးဖြစ်ခဲ့ပြီး ၁၉၉၀ ခုနစ် လူငယ် နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရသူပါ။ ကမ္ဘာကြီးဟာ ထိခိုက်လွယ်တဲ့ နေရာဖြစ်လို့ ကမ္ဘာကြီးဟာ မျှော်လင့်ချက် လိုအပ်ပါတယ်။ ကမ္ဘာကြီးဟာ ချစ်ခြင်းမေတ္တာကိုလည်း လိုအပ်ပါတယ်။ မျှော်လင့်ချက်မရှိရင် "တို့ ဒီမှာ ရှိနေတာ ဘာ့အတွက်လဲ"လို့ ခံစားရမှာပါ။ စိတ်ဓာတ်ကျစရာကြီးပဲလေ။ ကျွန်တော့် အဖြစ်က ဒီလိုပါ။ ဒီနေ့တွင်လည်း ကျွန်တော့်မှာ ခြေတွေ လက်တွေ မရှိသေးပေမဲ့၊ အရာရာတိုင်း ပြောင်းလဲနေပြီ။ အရာအားလုံးပါပဲ။ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှု‌တွေကို ကျွန်တော် ရှာကြံနေခဲ့တယ်။ နှစ်များစွာ ကြာအောင် ကျွန်တော် ရှာမတွေ့မိဘူး။ တကယ်လို့ စားပွဲရဲ့ဒီဘက်ခြမ်းဟာ ကျွန်တော် ရဲ့မျှော်လင့်ချက်ကို ကိုယ်စားပြုရင် အမှန်တရားက ကျွန်တော်ဖြစ်နိုင်တဲ့ အရာအားလုံးဖြစ်လာဖို့ အားပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ မုသားကိုလည်း နေ့တိုင်း ကြားနေရပြီး ကျွန်တော့်တို့ရဲ့ အသိစိတ်ထဲ ဝင်လာလို့ စိတ်ဓာတ်ကျအောင် လုပ်တဲ့သူတွေ ရှိတယ်။ ခင်ဗျားတို့ သိရဲ့လား၊ ခင်ဗျားတို့ ဘဝထဲက လူတချို့တို့ဟာ ခင်ဗျားတို့အတွက် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ နေ့ရက်ပဲ ဖြစ်ပါစေ၊ ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင် လုပ်ကြမယ့် သူတွေပါ။ ဒါမှမဟုတ် ခင်ဗျားတို့ သိပ်ကို ဆိုးဝါးတဲ့နေ့ကို ရင်ဆိုင်ရပါစေ၊ သူတို့ဟာ သင့်ကို ဒီထက် ပိုနှိမ့်ချဖို့ လုပ်ကြမယ့် သူတွေပါ။ ကျွန်တော်ဘာကို ဆိုလိုမှန်း ခင်ဗျားတို့ နားလည်တယ်နော်။ ခင်ဗျားတို့ ဘဝထဲက စိတ်ဓာတ်ကျစရာ အကြီးမားဆုံး သုံးချက်ကို တွေးကြည့်ပါ။ ခင်ဗျားတို့ရဲ့စိတ်ဓာတ်ကျစရာက အဲဒီအချက်တွေ မဟုတ်ဘူး။ သင်ကိုယ်တိုင်ပါ။ ကျွန်တော်ဟာ ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင် ပြောချင်ရင် ၃ စက္ကန့်ပဲ လိုအပ်ပေမဲ့၊ အဲဒီ စကားလုံးတွေကို ခင်ဗျားတို့ တသက်လုံး မေ့ရနိုင်မှာ မဟုတ်ဘူး အသက် ၄၀၊ ၅၀ အရွယ် အမျိုးသမီး အများအပြားကို ကျွန်တော် တွေ့ဆုံခဲ့ဖူးတယ်။ သူတို့ဟာ ဖခင် ပြောခဲ့တဲ့စကားတွေကို မှတ်မိနေကြတုန်းပါပဲ။ ဘယ်တော့မှ မကြားချင်စရာ စကားလုံးတွေပါ။ စကားလုံးတွေဟာ စွမ်းထက်ကြပါတယ်။ သင်ဟာ အဲဒီလို စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ သင့်ရဲ့ အသိစိတ်ဟာ အဲဒီမုသားစကားတွေနဲ့ ကြီးထွားလာတော့မှာပါ။ "Nick၊ မင်း သိပ်မတော်သေးဘူး၊ ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူး၊ လက်လျှော့လိုက်တော့’’။ "မင်း လက်ထပ်နိုင်မှာ မဟုတ်ဘူး၊ ဇနီးရဲ့ လက်ကိုတောင် ကိုင်ထားနိုင်မှာ မဟုတ်ဘူး။" "ကိုယ့်ကလေးတွေ ငိုနေချိန်မှာ မချီယူနိုင်စွမ်းတောင် မရှိဘူးဆိုရင်၊ မင်းဟာ ဘယ်လိုလုပ်ပြီး အဖေ တစ်ယောက် ဖြစ်နိုင်မှာလဲ။" ကိုယ်ဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့မှာပဲ။ ကိုယ့်မိဘတွေ ကိုယ့်ကို ပွေ့ဖက်ကြမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ပွေ့ဖက်ခြင်းက ကိုယ့်ကို ကုသမပေးနိုင်ဘူး။ အရှုံးသာ ပေးလိုက်တော့။ အရှုံပေးလိုက်တော့။ အရှုံးပေးလိုက်တော့။ အသက် ၈ နှစ် အရွယ်မှာ ကျွန်တော် အဆုံးစီရင် သင့်တယ်လို့ တွေးမိခဲ့တယ်။ ဘာကြောင့်လဲ။ ကျွန်တော့်ဆီမှာ မျှော်လင့်ချက်တွေ မရှိဘူး၊ မျှော်လင့်ချက် မရှိဘူးလို့ ထင်ခဲ့လို့ပါ။ ဒီနေ့တွင် သင်တို့ မြင်ကြရသလို ကျွန်တော့်ဆီမှာ မျှော်လင့်ချက် ရှိနေပါပြီ။ ကိုယ်က ယုံကြည်ပေမဲ့ ကိုယ်မြင်မရနိုင်တဲ့ အရာအတွက် စကားလုံးက ဘာလဲ။ ယုံကြည်မှုပါ။ စကားလုံးတွေဟာ အရာအများကြီးကို ပြုလုပ်နိုင်စွမ်း ရှိကြတယ်၊ ပွေ့ဖက်ခြင်းတွေက စကားလုံး တွေထက် ပိုပြီး အစွမ်းထက်ကြပေမဲ့၊ ပွေ့ဖက်ခြင်းက ဘာကိုမှ လုပ်မပေးနိုင်ရင် ယုံကြည်မှုက ဝင်ပြီး ကူပေးရတယ်။ ကျွန်တော့်မှာ စကားလုံး‌တွေနဲ့ပွေ့ဖက်မှုတွေ မလုံလောက်ခဲ့ပေမဲ့၊ ယုံကြည်မှု မဲ့နေခဲ့တယ်။ ဒါကြောင့် အရှုံးပေးချင်စိတ် ပေါ်လာခဲ့တယ်။ အသက် ၁၀ နှစ်မှာ ၆ လက်မ အနက်ရှိတဲ့ ရေထဲမှာ နှစ်သတ်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့ အိမ်မှာပါ။ အဖေ့ကို ကစားနေတာလို့ ရှင်းပြခဲ့ပေမဲ့ တကယ်တော့ ကိုယ့်ဘဝကို အဆုံးစီရင်ချင်ခဲ့တာ။ ဖြစ်ခဲ့ပုံက မျိုးစုံပါပဲ။ တော်လောက်ပါပြီ။ (ဆာဘီးယန်း ဘာသာစကားနဲ့) ပမထ နှစ်ကြိမ်မှာ ကျွန်တော် လက်လျှော့ ပေးလိုက်ရတယ်။ အသက်ရှူမထုတ်မီ အဆုတ်ထဲမှာ လေကို ဘယ် လောက်ကြာ အောင့်ထားနိုင်မလဲ သိချင်ခဲ့တယ်။ တတိယ အကြိမ်မှာကျတော့ ကိုယ့်ဘဝထဲက အနိုင်ကျင့်ခံရမှာတွေကြောင့်၊ ကိုယ်ဟာ ကိုယ့်မိဘတွေ အတွက် ဝန်ထုပ်ကြီး ဖြစ်နေတာကြောင့်၊ ကိုယ့်ဆီမှာ မျှော်မှန်းစရာ အနာဂတ်ရယ်လို့ မရှိခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်ဟာ ဒီလောကကြီးကို စွန့်ပစ် ချင်တယ်လို့ စိတ်ထဲမှာ ခံစားမိတယ်။ အဲဒီအချိန်မှာ ကျွန်တော် သဘောပေါက်လိုက်တဲ့ တစ်ချက်က ကိုယ်ဟာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် လိုက်မယ်ဆိုရင် ကျွန်တော့ မိဘတွေမှာ ရှိနှင့်နေတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ပိုဆိုးလာစေခဲ့မှာကိုပါ။ ခြေလက်မရှိတဲ့ ကလေးတစ်ယောက် ရှိတာနဲ့ စာရင် မျှော်လင့်ချက် နည်းစရာ ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ပိုးလေးလံစရာ အရာတစ်ခုပဲ ရှိနိုင်တယ်လေ။ အဲဒါက ဘာလဲ ဆိုတော့ ဘဝကိုအရှုံး ပေးလိုက်တဲ့ ခြေလက်မရှိတဲ့ ကလေးပါ။ ကိုယ့်ကို အဆုံးစီရင်ခဲ့လို့ ကျွန်တော့်အဖေနဲ့အမေကို၊ ပြီးတော့ ကျွန်တော့ ညီအကိုတွေ ကျွန်တော့်အုတ်ဂူမှာ ငိုနေကြတာကို မြင်ယောင်မိခြင်းက ကျွန်တော့်ကို ကယ်တင်လိုက်တယ်။ ကျွန်တော့် မိဘတွေက ကျွန်တော်ဟာ နဂိုရှိရင်း အတိုင်း လှပတယ်လို့ မပြောခဲ့ကြရင်၊ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ထူးကဲတယ် ချစ်တယ်လို့ မပြောခဲ့ကြရင်၊ ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။ လူငယ်တွေကို အားပေးဖို့ ကြိုးစားနေကြတဲ့ မိဘတွေကို ကျွန်တော် အားပေးပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ၊ လူငယ်တွေဟာ တံခါးမှာ 'မနှောင့်ယှက်ပါနဲ့' ဆိုတဲ့ စာတန်းကို တပ်လေ့ရှိကြတော့ ပိုလို့ကို အားပေးဖို့ လိုပါတယ်။ ကမ္ဘာတစ်ဝန်းက မိဘတွေနဲ့ ဆယ်ကျော်သက်တွေကြား စကားပြောဆိုပုံဟာ -ကျောင်းမှာ ဘယ်လိုလဲ-ကောင်းတယ် -ဘာသင်ခဲ့လဲ-ဘာမှမသင်ခဲ့ရဘူး' -အိမ်စာ လုပ်ပြီးပြီလား။-မလုပ်ရသေဘူး။ တစ်နေ့တာ စကားပြောဆိုကြပုံက အဲဒီလို ပုံစံမျိုးလေ။ ကိုယ်က ကိုယ့်ကလေးတွေကို လှပပါတယ်လို့ ပြောတဲ့အခါ သူတို့ ပြောလာမှာက "ဟုတ်တယ်။ ကျွန်ုပ် လှတာပေါ့၊ ခင်ဗျားတို့ရဲ့ သား၊ သမီးပဲလေ။ ခင်ဗျားတို့ အဲဒီလိုပဲ ပြောကြရမှာပါ။" ဒါပေမယ့် သူတို့ မှန်ကြပါတယ်။ လူသား တစ်ဦးချင်းဆီမှာ တန်ဖိုးဆိုတာ ရှိတတ်ပြီး၊ ကိုယ်တန်ဖိုးကို ကိုယ့် ပုံပန်းကို ကြည့်ပြီး ဆုံးဖြတ် မရနိုင်ပါဘူး၊ ကိုယ့် အလုပ်တွေ၊ ဘယ်နေရာက လာ‌တာလဲ၊ ဘယ်မှာမွေးတာလဲ၊ ဘယ်လောက် ပိုက်ဆံရှိတာလဲ၊ အဲဒါတွေ အားလုံးဟာ ဘာမှ အရေးမပါပါဘူး။ ဆယ်ကျော်သက်တွေက အချင်းချင်း ကျွန်ုပ် တို့ရဲ့ အသွင်အပြင်တွေကို ကျီစယ်ကြတယ်ပေါ့။ ကျွန်တော်က ဆယ်ကျော် သက်တွေကို မေးတတ်တာက၊ "မင်းရဲ့ သူငယ်ချင်းအဖြစ် လက်ခံဖို့ ငါဟာ စမတ်ကျတယ် ထင်လား" သူတို့ ဖြေလေ့​ ရှိကြတာက၊ "သိပ် ဟုတ်တာပေါ့' ကျွန်တော်က၊ "ငါ့ဆီမှာ ခြေလက် တွေမရှိဘူး"၊ သူတို့က "အဲဒါ အရေးမကြီးဘူးတဲ့" ကျွန်တော်က "ခြေလက်တွေ မရှိတာ တကယ်ပဲ အရေးမကြီးဘူးလား။" သူတို့က အရေးမကြီးပါဘူးတဲ့။ အဲဒါနဲ့ ကျွန်တော်က "အဲဒါ တကယ့်ကို အရေးမကြီးဘူး ဆိုရင်၊ ဘာကြောင့်များ လူတွေ အချင်းချင်း စကားလုံးတွေနဲ့ ထိုးသတ်နေကြတာလဲ၊ တကယ့်ကို အရေးမကြီးဘူး ဆိုရင်ပေါ့။" ကျွန်ုပ်တို့ဟာ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ကြတဲ့ အခါ တန်ဖိုးထားရမယ့်သူ အစား ရုပ်ဆိုးသူကို မြင်ကြရတာ ဘာဖြစ်လို့လဲ။ ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက ခင်ဗျားတို့ ရှာဖွေနေကြတာက ဘာများလဲ။ ကျွန်တော်က ခင်ဗျားတို့ကို ဒေါ်လာတစ်ဘီလီယံ ပေးရင် ခင်ဗျားတို့ စိတ်ချမ်းသာမလား။ တကယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဒေါ်လာ တစ်ဘီလီယံ ပေးရင် ကျွန်တော်ပျော်မှာပါ။ ဒါပေမဲ့ ကျွန်တော့်အမေ ဒီညမှာ ဆုံးသွားရင်၊ ကျွန်တော် ပျော်နိုင်မလား။ ဘယ်ပျော်နိုင်မလဲဗျာ။ ကမ္ဘာပေါ် ရှိသမျှ ပိုက်ဆံတွေ ပိုင်တောင် ကျွန်တော် ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား။ ငွေဆိုတာ စိတ်နှလုံးကို မကုစားနိုင်လို့ပါ။ ဒါကြောင့် ဆယ်ကျော်သက်တွေက အချစ်ကို၊ စိတ်နှလုံးကို ကုစားနိုင်မယ့် အချစ်ကို၊ အသည်းနှလုံးကို ပြီးပြည့်စုံလာစေမယ့် ချစ်ခြင်းမေတ္တာကို ရှာဖွေနေကြတာပါ။ ဒါပေမဲ့ လက်မထပ်မီအထိ ကျွန်တော်ဟာ လူပျိုစစ်စစ် ဖြစ်ခဲ့သူပါ။ ကျွန်တော့ ဇနီးဟာ တကယ့်ကို လှပသူပါ၊ ပထမဆုံးသား မွေးမှာကို စောင့်နေကြတယ်။ သူမရဲ့လက်ကို ဆုပ်ကိုင်ဖို့ ကျွန်တော့်ဆီမှာ လက်ရှိဖို့ မလိုပါဘူး၊ ကျွန်တော် ပွေ့ပိုက်ထားချင်တာက သူ့နှလုံးသားကိုပါ။ ကျွန်တော့် ကလေးကို ဘယ်လိုပွေ့ဖက်မှာကို ခင်ဗျားတို့ သိကြလား။ ကလေးတွေ ကျွန်တော့်ဆီလာကြတာ အများကြီး၊ အံ့အားသင့်စရာကြီးပဲ။ လည်ပင်းရဲ့ နောက်မှာ သူတို့လက်တွေ ချိတ် ထားရင်း လည်ပင်းနဲ့ ကျွန်တော့်ကို ဖက်ကြတယ်။ ကျွန်တော့ ဘဝမှာ၊ ဘဝထဲက အဆိုးဆုံး အစိတ်အပိုင်းကိုတောင်မှ၊ အကောင်းဘက်ကို ပြောင်းလဲရနိုင်တာကို ကျွန်တော် သိနားလည်မိတယ်။ ပိုလို့ကို ထူးကဲလာစေနိုင်ပါတယ်။ ဆယ်ကျော်သက်တွေ အချစ်ကို ရှာဖွေနေကြပြီး သူတို့ လုပ်ချင်ကြတဲ့ အရာတွေက၊ လက်မထပ်မီ ဖိုမဆက်ဆံဖို့ကိုပါ။ ကျွန်တော့် အတွက် လက်မထပ်ပဲ ဖိုမဆက်ဆံ ခြင်းဟာ ၅ ဒေါ်လာတန်တဲ့ Gucci နာရီလိုပါပဲ။ လက်ထပ်ပြီး လူတစ်ယောက်နဲ့ ဖိုမဆက်ဆံခြင်းဟာ၊ ကိုယ့်ကိုချစ်ပြီး ဘဝ တစ်သက်တာလုံး ကိုယ့်ကို သစ္စာရှိသူ၊ ကိုယ့်ကလေးရဲ့ အဖေ (သို့) အမေ ဖြစ်လာမယ့်သူနဲ့ ဖိုမဆက်ဆံခြင်းကမှ အချစ်စစ်စစ်ပါ။ ခင်ဗျားတို့ဟာ ကြိုက်သလောက် လူတွေ အများကြီးနဲ့ အိပ်နိုင်ပေမဲ့၊ "သူတို့ ငါ့ကို ချစ်ရဲ့လား" ဆိုတာ ခင်ဗျားတို့ သေချာပေါက် မသိနိုင်ဘူးလေ။ အချစ်ဆိုတာ တစ်သက်လုံးအတွက် ပေးရတဲ့ ကတိပါ။ ဘဝထဲ ရွေးရတာတွေ ရှိတတ်တယ်။ ကျွန်တော်တို့ စောင့်ကြည့်နေကြတုန်း။ ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ။ တစ်ကြိမ်ပဲ နေထိုင်ရတော့၊ အရက်ကို သောက်ချင်ရင် သောက်နိုင်တာပေါ့ဗျာ။ သင် ယုံကြည်တဲ့ ဘဝပုံစံက အဲဒါမျိုး ဆိုလည်း ကောင်းပါပေ့။ ကျွန်တော်က လောဘကြီးတယ်၊ အသက် ၉၀ ထက် ပိုပြီးနေချင်တယ်။ ကျွန်တော် နှစ်ပေါင်း ကု​ဋေချီပြီး နေချင်ပါတယ်။ ပြီးတော့ ကျွန်တော် သိသေးတာက၊ နေ့စဉ်နဲ့ အမျှ ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီဘဝကို၊ အခြားသူတွေရဲ့ဘဝနဲ့ ကျွန်တော့် ထာဝရအသက်ကို သက်ရောက်မယ် ဆိုတာကိုပါ။ ကိုယ်ဟာ ဘယ်သူလဲ၊ ဒီနေရာကို ရောက်ရှိနေတာ ဘာကြောင့်လဲ ကိုယ်ဟာ သိဖို့ လိုအပ်တယ်။ William Barkley ပြောခဲ့ဘူးတာက၊ လူတိုင်း ရဲ့ ဘဝထဲမှာ အထူးကဲဆုံး ရက် ၂ ရက်ရှိပါတယ်- ကိုယ် မွေးဖွားခဲ့တဲ့ နေ့နဲ့ ဘာကြောင့် မွေးခဲ့တာကို ကိုယ် သိလာတဲ့ နေ့ပါ။ ဒါကြောင့် "အား၊ ငါအရုပ်ဆိုးလိုက်တာ။" မဟုတ်ဘူး၊ ငါဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ လှပါတယ်လေ။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဘူး ဆိုရင်၊ မိန်းကလေးတွေ တော်တော်များလိုပဲ၊ စိတ်ပိုင်းအရ အလွှဲသုံးစားလုပ်တတ်ကြတဲ့ ချစ်သူတွေနဲ့ ဆက်နေနေကြတာက၊ "သူနဲ့ပြတ်ရင် ဘယ်သူက ကျွန်မကို လိုချင်မှာလဲ" စိုးရိမ်နေကြလို့ပါ။ ခင်ဗျားတို့ တွေ့မြင်ကြသလို ကျွန်တော်တို့ အားလုံးက အချစ်ကို လိုချင်ကြတယ်လေ။ အဲဒါက ကျွန်တော်တို့ ရံဖန်ရံခါ လုပ်တတ်ကြတာရဲ့ အကြောင်းရင်းပါပဲ။ လူအုပ်ထဲမှာ ဝင်ဆံ့နိုင်ဖို့၊ ကျွန်တော် ကျိန်ပြောရဲတယ်၊ အပြတ်သားနားရမယ်- လောကကြီးက အဲဒါမျိုးလေ။ "ငါ သူမနဲ့ တူချင်လိုက်တာ၊ ငါသာ သူ့ထက် အရပ် ပိုရှည်/တိုခဲ့ရင်၊ သားနား နာမည်ကြီးခဲ့ရင်" ကိုယ်က ဘာတွေပဲ လိုချင်လိုချင် မလုံလောက်နိုင်ပါဘူး။ အမှန်တရားကို သင် ရှာမတွေ့မချင်းပေါ့လေ။ ကျွန်တော့်ကို အံ့အားသင့်ဖွယ်၊ ပြီးပြည့်စုံအောင် ဖန်ဆင်းပေးထားတာပါ။ ကျွန်တော့် ဘဝအတွက် ကြီးမားတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ကျွန်တော် ဒီမှာ ရှိနေတာ အကြောင်းရှိတယ်။ ကျွန်တော့်မှာ အံ့ဩဖွယ်ရာ မရှိတာလည်း အမှန်ပါ။ ဒါပေမဲ့၊ အံ့ဩဖွယ်ရာတွေကို ဖန်တီးနိုင်တဲ့ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပြီး၊ ကျွန်တော့်ရဲ့ ဗီဒီယိုထဲမှာ ဖိနပ်တစ်စုံလည်း အသင့်ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့၊ မျက်မမြင်တွေ မြင်ကြတာ၊ စွံအသူတွေ ကြားနိုင်ကြတာ မြင်တွေ့ခဲ့ဘူးလို့ပါ။ ခင်ဗျားတို့ ကျွန်တော်ကို မယုံလည်း ရပါတယ်၊ အဲဒါကို ကင်မရာနဲ့ ရိုက်ထားတယ်လေ။ ဒါပေမဲ့၊ ကျွန်တော် နားလည်တာ တစ်ခုရှိတယ်။ ဘုရားသခင်က ကျွန်တော့် အခြေအနေကို ပြောင်းလဲမပေးဘူး ဆိုရင် ကျွန်တော့်ဘဝကို အခြားသူအတွက် အံ့သြဖွယ်အဖြစ် အသုံးပြုနိုင်မှာကိုပါ။ အံ့ဩဖွယ်ကို ကိုယ် မရရှိလိုက်ပေမဲ့၊ ကိုယ်ဟာ တစ်စုံတစ်ယောက် အတွက် အံ့သြဖွယ်ရာ ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော် လှပတဲ့ ဇာတ်လမ်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကျွန်တော် ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ နေထိုင်ခဲ့တယ်။ ကျွန်တော့်ဆီမှာ အဖွဲ့ ၂ ဖွဲ့ ရှိခဲ့ကြရာ အမြတ်မရှာတဲ့ အဖွဲ့အစည်းနဲ့ အမြတ်ရဖို့ လုပ်ကိုင်တဲ့ အဖွဲ့အစည်းပါ။ ကျွန်တော် ၂၀၀၇ နဲ့၂၀၁၀ ခုနှစ်ကြား ခန့် မှန်းခြေ အကြိမ် ၁၀၀၀ လောက် ဟောပြောခဲ့ပြီး လေယာဉ်စီးပြီး အကြိမ် ၆၀၀ လောက် ခရီးထွက်ခဲ့ရတယ်။ ကျွန်တော် လူ ၄.၅ သန်းလောက်ကို မျက်နှာ ချင်းဆိုင် ဟောပြောခဲ့ပြီး အခုဆာဗီးယားကို ရောက်နေစဉ် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ မီဒီယာမှတစ်ဆင့် ၅ သန်း ပြည့်လာခဲ့ပြီ။ ဒါကြောင့်၊ ကျွန်တော်တို့မှာ အခြားသူတွေ ချစ်ဖို့ လူ့နှလုံးသား ရှိပါတယ်။ လူတွေကို တစ်ဦးနဲ့တစ်ဦး ချစ်စေချင်တယ်၊ မိမိကိုယ်မိမိလည်း ချစ်ဖို့လိုတယ်၊ ကြီးမားတဲ့ ရည်မှန်းချက်ကို စိတ်ကူးကြပါ၊ ဘယ်တော့မှ အရှုံးမပေးကြပါနဲ့။ ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကို ရှာဖွေကြနေတယ်၊ ဟုတ်တယ်မလား။ ခင်ဗျားတို့ ဘာကို ရှာဖွေကြနေတာလဲ။ ပိုက်ဆံ၊ ဆေးဝါး၊ လိင်ဆက်ဆံမှု၊ အရက်၊ ကာမရာဂစိတ်ကို လှုံဆော်တဲ့ အရာ၊ ကျော်ကြားမှု၊ အခွင့်အလမ်းတွေလား။ ဘယ်တော့မှ ကျေနပ်နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ချမ်းသာမှုကို လိုအပ်ရင် ဒါကို စဉ်းစားကြည့်ကြပါ။ လွန်ခဲ့တဲ့ ၅-၆ နှစ်တုန်းက ကျွန်တော် အသက် ၂၄ နှစ်တွင် ကယ်လီဖိုးနီးယားမှာ နေခဲ့တယ်။ ကျွန်တော်နဲ့ တူတဲ့လူ တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးဘူး။ ကျွန်တော် အသက် ၁၀ နှစ်တုန်းက ကျွန်တော်နဲ့ တူတဲ့လူ တစ်ယောက်ယောက်နဲ့ တွေ့ချင်ခဲ့တယ်။ ဘယ်တုန်းကမှ လက်တွေ့ ဖြစ်မလာခဲ့ဘူး။ အံ့ဩဖွယ်ရာ ဖြစ်မလာခဲ့ဘူး။ အသက်၂၄ နှစ်မှာ ကယ်လီဖိုးနီးယားတွင် ကလေး တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်၊ ခြေလက်တွေ မရှိဘဲ ကျွန်တော်နဲ့ တူခဲ့ပြီး ၁၉ လအရွယ် ကလေးလေးပါ။ သူလည်း အနိုင်ကျင့်ခံရမှာကို ကျွန်တော် သိခဲ့တယ်၊ သူဟာ စိတ်ဓာတ်ကျမှုတွေ ဖြတ်ကျော်ရမှာ၊ အထီးကျန်လို ခံစားရမှာ၊ ချစ်သူ ရှိမှရှိပါ့မလား သူစိုးရိမ်မိမှာ၊ စသဖြင့် ကျွန်တော် နားလည်ခဲ့တယ်။ ဒါနဲ့ လူ ၂၀၀၀ တို့ရဲ့ရှေ့မှာ ကလေးကို စင်ပေါ် ခေါ်လာဖို့ ဖခင်ကို ပြောလိုက်တယ်။ ခန်းမထဲက လူတိုင်းဟာ ငိုနေခဲ့ကြတယ်။ အဲဒီဖြစ်ရပ်က ကိုယ်ဟာ အံ့ဩဖွယ်ရာ တစ်ခုခုကို မရရှိခဲ့ပေမဲ့၊ ကိုယ်ဟာ အခြားသူ တစ်ယောက်ယောက် အတွက် အံ့ဩဖွယ်ရာ ဖြစ်နိုင်တာကို တကယ့်ကို လက်တွေ့ လုပ်ပြပြီး သက်သေထူပြမှုပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် လူစွမ်းကောင်း မဟုတ်ပါဘူး၊ သင်တို့လိုပါပဲ၊ ဘဝထဲ အနိမ့်အမြင့်တွေကို ကျော်ဖြတ်နေရသူပါ။ ဒါပေမဲ့ တစ်ခါတစ်လေ တစ်ရက်လောက် အချိန်ယူပြီး၊ ကိုယ်ဟာ ဘယ်သူလဲ၊ ဒီမှာ ရှိနေတာ ဘာကြောင့်လဲကို သိရှိထားလို့ စိတ်ချမ်းမြေ့နေပြီလား၊ ဒီမှာမရှိတဲ့အခါ ကိုယ်ဟာ ဘယ်ကိုဆက်သွားမှာလဲ ဆိုတာကို ဆန်းစစ်ကြည့်ပါ။ ကျွန်တော့် အတွက်ကျတော့၊ ကျွန်တော် ဘယ်လို ကျော်ဖြတ်ခဲ့တာကို နားလည်ချင်တယ်။ ကျွန်တော့်မှာ နံရံတွေ တစ်ခုမှ မရှိတော့ဘူး ကျွန်တော့် စာအုပ်အမည်က "အကန့်အသတ် မရှိသော ဘဝ" ဆိုတော့ ဖြစ်ချင်ရာ ဖြစ်ပါစေ။ ကျွန်တော် ရုပ်ရှင်တိုမှာ သရုပ်ဆောင်ခဲ့ရာ ဆု ၃၀ ကို ရရှိခဲ့တယ်။ ကျွန်တော်ဟာ ရုပ်ရှင်တိုထဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရခဲ့တယ်။ ကျွန်တော် ကိုယ်ပိုင် ဂီတဗီဒီယိုကို ထုတ်လုပ်ခဲ့တယ်။ ကျွန်တော့ စာအုပ်နှစ်အုပ်ထဲက ပထမတစ်အုပ်ကို ဘာသာစကား ၃၀နဲ့ စောင်ရေ ၈၀၀၀၀၀ ထုတ်ပြီးပြီ။ အသက် ၂၉ နှစ်မှာ ကျွန်တော် ဘယ်သူလဲ ဆိုတာ သိတဲ့ လူတွေ တစ်ဘီလီယံ ရှိပါတယ်။ ကျွန်တော့် နာမည်ကို၊ အခြေအနေကို ကြွားဖို့အတွက် ပြောနေတာ မဟုတ်ပါဘူး၊ ကျွန်တော်ဟာ ခင်ဗျားတို့လိုပါပဲ ဆိုတာ ယုံကြည်စေလိုပါတယ်။ ဒါပေမဲ့၊ ကျွန်တော်က ကြီးမားတဲ့ ရည်မှန်းချက်ကို စိတ်ကူးနိုင်တယ် ဆိုတော့ ဒီလို လုပ်နိုင်တာ သိရှိရလို့ ခင်ဗျားတို့ပါ အားတက်မိကြမှာကို ခံစားမိပါတယ်။ နံရံတွေဆိုတာ မရှိပါဘူး။ စိတ်ချမ်းမြေ့မှုကို ရှာယူပြီး နံရံတွေကို ပြတင်းပေါက်တွေအဖြစ် ပြောင်းပစ်လိုက်ကြပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံ)