မာရီကျူရီရဲ့ လက်မူရေးမူတွေကို ခင်ဗျားအနေနဲ့ တစေ့တစောင်းကြည့်ချင်ရင် ခွင့်ပြုချက်မှာ လတ်မှတ်ထိုးဖို့နဲ့ ဓါတ်ရောင်ခြည်သင့်မှုတွေက ကာကွယ်ဖို့ အကာအကွယ်တွေ ဝတ်ဖို့ လိုပါလိမ့်မယ်။ ခဲအုပ်ထားတဲ့ ခေါင်းတလားထဲမှာ မဒမ်ကျူရီရဲ့ ရုပ်ကြွင်းကို မြှုပ်နှံထားတာကလည်း သူမရဲ့ ပင်မသုတေသနဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းဖြစ်နိုင်တဲ့ ဓါတ်ရောင်ခြည်တွေကို သေချာထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။ ရုရှားနယ်ထဲက ပိုလန်ပြည် ဝါဆောမြို့မှာ ကြီးပြင်းလာသူ အမည်ရင်း Maria Sklodowska ခေါ် သူငယ်မလေး မာရီဟာ ထက်မြက်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပေမဲ့ စိန်ခေါ်ဖွယ်ရာ အတားအဆီးအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်လို့ အထက်တန်းပညာဆည်းပူးခွင့် ပိတ်ပင်ခြင်းခံရတာကို အာခံဖီဆန်တဲ့အနေနဲ့ ပိုလန် လူငယ်ထုရဲ့ ပညာရေးကို နောက်ကွယ်မှ အားပေးတဲ့ လျှို့ဝှက် အဖွဲ့တစ်ခုရဲ့ Floating University မှာ ကျောင်းအပ်ခဲ့တယ်။ မူကြိုဆရာမ အလုပ်ကို လုပ်ကိုင်ရင်း၊ ငွေစုဆောင်းခြင်းဖြင့် အဆုံးမှာ နာမည်ကြီး Sorbonne မှာ ပညာသင်ဖို့ ပါရီမြို့ဆီ အရောက်သွားနိုင်ခဲ့တယ်။ အဲဒီမှာ ရူပဗေဒနဲ့ သင်္ချာ ဘွဲ့တွေကို ရရှိခဲ့တဲ့ မာရီဟာ ပေါင်မုန့်၊လက်ဖက်ရည်တို့နဲ့ပဲ အသက်ဆက်ခဲ့ပြီး တခါတရံ အဟာရပြတ်လုနီးနီးဖြစ်လို့ မူးလဲတဲ့အထိပါပဲ။ ပါရီမှာ စမ်းသပ်ခန်းနဲ့ နှလုံးသားအား ဝေမျှသူ ရူပဗေဒပညာရှင် Pierre Curie နဲ့ ဖူးစာဆုံခဲ့ပါတယ်။ ဒါပေမဲ့ ပိုလန်ကိုပြန်ဖို့ လွမ်းနေခဲ့ပါတယ်။ ဝါဆောမြို့ကို ပြန်သွားခဲ့ချိန်မှာ အမျိုးသမီးအဖြစ် ပညာရှင်ရာထူးမှာ ရပ်တည်ဖို့ အာမခံချက်က စိန်ခေါ်မှုဖြစ်ဆဲဆိုတာ သိသွားပါတယ်။ မျှော်လင့်ချက်တော့ ရှိပါသေးတယ် လွမ်းနာကျနေတဲ့ Pierre ဆီ ပါရီကိုပဲ ပြန်ကာ မြန်မြန်လေး လက်ထပ်လိုက်ပြီး အားကျစရာ သိပ္ပံမောင်နှံ ဖြစ်သွားပါတော့တယ်။ အခြား ရူပ ပညာရှင် တစ်ဦးရဲ့ အလုပ်က မာရီရဲ့ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပါတယ် ၁၈၉၆ ခုနှစ်မှာ Henri Becquerel က ဓာတ်ပုံ ဖလင်ပြားပေါ် သက်ရောက်နိုင်တဲ့ X-ray လို ထူးဆန်းတဲ့ ရောင်ခြည်တစ်မျိုးကို uranium က သဘာဝအလျောက်ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့တယ်။ အလားတူရောင်ခြည်ကို thorium ကလည်းထုတ်လွှတ် ကြောင်းကို ကျူရီ မကြာမီပင် ရှာတွေ့ခဲ့တယ်။ အရေးအကြီးဆုံးအနေနဲ့၊ ရောင်ခြည်ပြင်းအားဟာ ဒြပ်စင်ရဲ့ ပမာဏပေါ် လုံးလုံးမူတည်ပြီး ရုပ် သို့မဟုတ် ဓာတ်သဘော ပြောင်းလဲမှုကြောင့် အာနိသင်မပြောင်းနိုင်ဘူး ဆိုတဲ့အချက်ပါ။ ဒီအချက်အရ ရောင်ခြည်ဟာ ဒြပ်စင်တစ်ခုစီရဲ့ အက်တမ်အတွင်းပိုင်းရှိ အခြေခံကျတဲ့ တစုံတခုမှလာကြောင်း ကောက်ချက်ချဖို့ ဖြစ်လာပါတော့တယ်။ ဒီစိတ်ကူးက အခြေခံကျပြီး အမြဲယူဆလာကြတဲ့ အက်တမ်ဟာပိုင်းခြားမရကြောင်း အဆိုဟာ မမှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ နောက်ပြီး Pitchblende ခေါ် ထူးကဲ ရေဒီယိုသတ္တုရိုင်း ကို လေ့လာခြင်းဖြင့် ရောင်ခြည်အားလုံးကို ယူရေနီယမ်ချည်းသက်သက် မဖန်တီးနိုင်တာ ကျူရီမောင်နှံ သိသွားပါတယ်။ ဒီတော့ ရေဒီယိုသတ္တိပြရာမှာ ပါဝင်ကြတဲ့ အခြား ဒြပ်စင်တွေက ဘယ်မှာလဲ။ ၁၈၉၈မှာ သူတို့က ဒြပ်စင် အသစ် နှစ်ခုဖြစ်တဲ့ မာရီရဲ့ ဇာတိ ပိုလန် အမည်ဖြင့် ပေးထားတဲ့ ပိုလိုနီယမ်နဲ့ လက်တင်စကားအရ ရောင်ခြည်ဟု အဓိပ္ပါယ်ရတဲ့ ရေဒီယမ်တို့ကိုတင်ပြခဲ့တယ် Radioactivity ဝေါဟာရကိုလည်း သူတို့ပဲ လုပ်ရင်းကိုင်ရင်း စထွင်ခဲ့ကြပါတယ် ၁၉၂၀ မှာ ကျူရီမောင်နှံဟာ radium chloride ဆား သန့်သန့် ၁/၁၀ ဂရမ်ကို Pitchblende တန်ချိန်များစွာထဲမှ သန့်စင်ထုတ်ယူခဲ့ပြီး ထိုကာလရဲ့ အလွန့် အလွန်ထူးကဲတဲ့ အောင်ပွဲတစ်ခုပါ။ အဲ့ဒီနှစ်နောက်ပိုင်းမှာ Pierre Curieနဲ့ Henri Becquerel ကို ရူပဗေဒ နိုဘယ်လ်ဆုအတွက် အမည်တင်သွင်းခဲ့ပေမဲ့ မာရီကို လျစ်လျူရှုခဲ့ကြပါတယ် သူ့ ဇနီးဟာ အသိအမှတ်ပြုဖို့ လုံး၀ထိုက်တန် ကြောင်း Pierre က ရပ်တည်ခဲ့ပါတယ်။ ဒီတော့ ၁၉၀၃ရဲ့ နိုဘယ်လ်ဆုကို ကျူရီမောင်နှံ နဲ့ ဘက္ကရယ်တို့ ပူးတွဲယူလိုက်ခြင်းက မာရီကျူရီကို ပထမဆုံးသော အမျိုးသမီး နိုဘယ်လ်ဆုရှင် ဖြစ်သွားစေပါတော့တယ်။ ငွေကြေးအထောက်အပံ့၊ လေးစားခံရခြင်းတွေနဲ့အတူ ကျူရီမောင်နှံ အောင်ပန်းဆင်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၀၆မှာ Pierre က ရှုပ်ထွေးတဲ့ လမ်းဆုံကို ဖြတ်ကူးရင်း မြင်းရထားနင်းခံရတဲ့ ကြေကွဲစရာဖြစ်ရပ် ဖြစ်ပေါ်ခဲ့တယ်။ ယူကျုံးမရဖြစ်ရတဲ့ မာရီက သူ့ရဲ့သုတေသနထဲ ဘဝကိုမြှုပ်နှံပစ်ပြီး Sorbonne က Pierreရဲ့ သင်ကြားရေး ရာထူးကို လွှဲပြောင်းယူလိုက်ကာ ကျောင်းရဲ့ ပထမဆုံးသော အမျိုးသမီးပါမောက္ခ ဖြစ်လာပါတော့တယ်။ သူမရဲ့ တကိုယ်တော် လုပ်ဆောင်ချက်က အောင်မြင်ပါတယ်။ ၁၉၁၁ မှာ အခြားနိုဘယ်လ်ဆုတစ်ခု သူမ ထပ်ရခဲ့ပါသေးတယ်။ ဒီတကြိမ်မှာ ရေဒီယမ်နဲ့ ပိုလိုနီယမ်ကို ဦးစွာတွေ့ရှိမှုအတွက်နဲ့၊ ရေဒီယမ်သန့်သန့်နဲ့ ယင်း၏ဒြပ်ပေါင်းကို စိစစ်ခွဲထုတ်ခြင်းအတွက် ဓာတုဗေဒနဲ့ရခဲ့တာပါ။ ဒါက သူမကို ယနေ့ထိ မတူညီတဲ့ သိပ္ပံပညာရပ် ၂ခုမှာ နိုဘယ်လ်ဆုကို ဦးဆုံးနဲ့ တစ်ဦးတည်း ဆွတ်ခူးတဲ့သူ ဖြစ်သွားစေပါတယ်။ ပါမောက္ခကျူရီက သူ့တွေ့ရှိမှု တွေကို လက်တွေ့အသုံးချလျှက် ဆေးသုတေသနနဲ့ ကုထုံးတွေရဲ့အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ နယ်လှည့် ဓာတ်ရောင်ခြည်ခန်းတွေ ဖွင့်လှစ်ပြီး အကြိတ်တွေအပေါ် ဓာတ်ရောင်ခြည်တွေရဲ့ သက်ရောက်မှု ကို သုတေသနပြုခဲ့ပါတယ်။ လူသားထုကို အကျိုးပြုသော်လည်း ပြန်ပေးဆပ်ရတဲ့ စရိတ်ကကြီးမားပါတယ်။ ၁၉၃၄ မှာ ရိုးတွင်းခြင်ဆီ ရောဂါကြောင့် ကျူရီ ကွန်လွန်ခဲ့ပြီး၊ ယနေ့မှာတော့ အများစုက ဒါဟာရောင်ခြည်သင့်တာကြောင့်လို့ ယူဆကြပါတယ်။ ခေတ်ကိုပြောင်းလဲပေးတဲ့ မာရီကျူရီရဲ့ သုတေသနတွေက ရူပနဲ့ဓာတုဗေဒပညာရပ် တွေအပေါ် ကျုပ်တို့ နားလည်နိုင်ဖို့ အခြေခံတွေချမှတ်ပေးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကင်ဆာ၊ နည်းပညာ၊ ဆေးဘက်ဆိုင်ရာနဲ့ နျူးကလိယား ရူပဗေဒ အစရှိတဲ့ ပညာရပ်တွေကို လမ်းကြောင်းပေးခဲ့တယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမရဲ့ ဓာတ်ရောင်ခြည်တွေ့ရှိမှုက သိပ္ပံရဲ့အကြီးဆုံးလျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်ပေးတဲ့ ခေတ်သစ်ကို အစပြုစေခဲ့ပါတယ်