အခု လောလောဆယ် ကျွန်မတို့ ရှူနေတဲ့ ဝင်သက်ထွက်သက်နဲ့အတူ ကမ္ဘာတစ်လွှားက အဓိက မြစ်ဝကျွန်းပေါ် မြို့ကြီးတွေဟာ နိမ့်ဆင်းကျွံဝင်နေပါတယ်၊ နယူးယော့ခ်၊ လန်ဒန်၊ တိုကျို၊ ရှန်ဟိုင်း နယူး အော်လင်းအပါအဝင် ကျွန်မရဲ့မြို့တော် ဘန်ကောက်ရောပါ။ ဟောဒီမှာတော့ ရာသီဥတုပြောင်းလဲမှုရဲ့ ဖြစ်နေကျ ပုံစံတစ်ခုပါ။ ဒါက ကျွန်မ မြို့ရဲ့ပုံစံပါ။ ဘာမှ မဟုတ်ဘူး၊ လမ်းပေါ်က မိချောင်းတစ်ကောင်ပဲလေ။ (ရယ်သံများ) ဒါဟာ နိမ့်ဆင်းနေတဲ့ မြို့ကြီးတွေအပေါ် ရာသီဥတုပြောင်းလဲမှုရဲ့ အရေးပေါ် အကျိုးသက်ရောက်မှုတစ်ခုပါ။ ဒီမှာတော့ မြင်ရတဲ့အတိုင်း ဘန်ကောက်ရဲ့ မြို့ပြပုံစံသွတ်သွင်းမှုပါ၊ အရပ်မျက်နှာတိုင်းမှာ ကြီးထွားနေကာ ရေကို ရှူရှိက်၊ စုပ်ယူနိုင်တဲ့ စိမ့်ဝင်စေတဲ့ စိုက်ပျိုးမြေကနေ ကွန်ကရစ် တောကြီးမျက်မည်း တစ်ခုအဖြစ် ပြောင်းရွှေ့နေတာပါ။ ဒါကတော့ မိုးရေချိန် မိနစ် ၃၀ အပြီးမှာ ပုံပေါက်လာတဲ့ အစိတ်အပိုင်းတွေပါ။ ပြီးတော့ မိုးရွာတဲ့ အခါတိုင်း ကျွန်မရဲ့ကားကို လှေတစ်စီးအဖြစ် ပြောင်းသွားစေချင်မိတယ်။ ဒီမြေဟာ ရေအတွက် နေရာလပ်မရှိဘူး။ ၎င်းရဲ့စုပ်ယူမှုအစွမ်းက ဆုံးရှုံးသွားပြီ။ ဘန်ကောက်ရဲ့ မြို့တော်ပိုင်း ဒေသရဲ့ ဒိဌအဖြစ်က ပြောင်းလဲနေတဲ့ ရွံ့ထူတဲ့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုရဲ့ထိပ်မှာ နေထိုင်၊ လုပ်ကိုင်၊ သွားလာနေတဲ့ လူဦးရေး ၁၅ သန်းရဲ့ မြို့ကြီးတစ်မြို့ပါ၊ ဘန်ကောက်ဟာ တစ်နှစ်ကို တစ်ဆင်တီမီတာကျော် နိမ့်ဆင်းကျွံဝင်လာနေတယ်၊ ဒါက ခန့်မှန်းထားတဲ့ ပင်လယ်မျက်နှာပြင် မြင့်တက်မှုနှုန်းထက် လေးဆ ပိုမြန်တယ်။ ၂၀၃၀ မတိုင်မီ ပင်လယ်ရေမျက်နှာပြင် အောက်မှာ ရောက်နိုင်ပါတယ်၊ သိပ်မကြာခင် ဒီမှာဖြစ်လာတော့မှာပါ။ ကျွန်မက ဒီမှာ ဥယျာဉ်၊ပန်းပန် ဗိသုကာအဖြစ် ရှိနေတာဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကလေးတစ်ယောက်အဖြစ်နဲ့ ယာဉ်တွေ အ မြဲ ပြည့်ကျပ်နေတဲ့ လူရှုပ်တဲ့ လမ်းမဘေးနားက ဒီအိမ်တန်းတစ်ခုမှာ ကျွန်မ ကြီးပြင်းခဲ့တယ်။ ကျွန်မရဲ့အိမ်ရှေ့မှာ ကွန်ကရစ် ကားရပ်နားတဲ့နေရာတစ်ခုရှိပြီး ဒါက ကျွန်မရဲ့ကစားကွင်းပါ။ ကျွန်မတွေ့တွေ့နေတဲ့ တစ်ခုတည်းသော သက်ရှိသတ္တဝါနဲ့ ကျွန်မ ပျော်ရွှင်ခဲ့တာက ကွန်ကရစ် စင်္ကြံရဲ့ အက်ကြောင်းကနေ ကြီးထွား ဖို့ကြိုးစားနေတဲ့ ဒီခိုးကြောင်ခိုးဝှက် အပင်ငယ်လေးတွေပါ။ သူငယ်ချင်းတွေနဲ့အတူ ကျွန်မ အနှစ်သက်ဆုံး ကစားနည်းက ပပ်ကြားအက်ကနေ ကြီးသထက်ကြီးတဲ့ တွင်းတစ်တွင်းကို တူးဖို့ပါ၊ ဒီအပင်လေး တွယ်တက်ခွင့်ရဖို့ ပိုပိုပြီး တိုးထွက်ဖို့ပါ။ ပြီးတော့ ဥယျာဉ် ပန်းမန် ဗိသုကာပညာက ကျွန်မရဲ့ ရူးကြောင်ကြောင် ရည်မှန်းချက်ကို ဆက်လုပ်ဖို့ အခွင့်အလမ်းပေးတယ်။ (ရယ်သံများ) ဒီကွန်ကရစ် မြေကြီးကို သဘာဝနဲ့ ပြန်ဆက်သွယ်ဖို့လေ။ အရင်က ကျွန်မရဲ့လူမျိုး ထိုင်းတွေဟာ ကျွန်မတို့ဟာ စိုတစ်ခါ၊ ခြောက်တစ်လှည့် ရာသီစက်ဝန်းနဲ့ နေသားကျခဲ့ပြီး၊ ကျွန်မတို့ကို ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း သတ္တဝါတွေလို့ ခေါ်နိုင်ပါတယ်။ (ရယ်သံများ) ကျွန်မတို့ဟာ ကုန်းမှာရော ရေမှာပါ နေထိုင်ခဲ့တယ်။ နှစ်ခုစလုံးနဲ့ ကျင့်သားရခဲ့တယ်။ ရေက ကျွန်မတို့မြေကို မြေသြဇာကျွေးတဲ့အခါ ရေကြီးခြင်းဟာ ပျော်စရာအဖြစ်တစ်ခုပါ။ ဒါပေမဲ့ အခုကျတော့ ရေကြီးခြင်းဆိုတာက ကပ်ဘေးတစ်ခုလေ။ ၂၀၁၁ ခုနှစ်က သမိုင်းမှာ ထိုင်းနိုင်ငံဟာ ပျက်စီးမှု အများဆုံး၊ တန်ဖိုးအကြီးဆုံး ရေလွှမ်းမှု ကပ်ဘေးတစ်ခုဆိုက်ခဲ့တယ်။ ရေလွှမ်းမိုးမှုက ထိုင်းနိုင်ငံဗဟိုကို ဧရာမ ကန်တစ်ကန်အဖြစ် ပြောင်းလိုက်ပြီ။ ဒီမှာ ဒီရုပ်ပုံရဲ့ဗဟိုမှာ ရေလွှမ်းမိုးမှု အတိုင်းအတာကို မြင်နိုင်ပါတယ်။ ဘန်ကောက်ရဲ့ အတိုင်းအတာပါ၊ အဝါရောင်နဲ့ ဘောင်ခတ်ထားပါတယ်။ ရေဟာ မြောက်ဘက်ကနေ လျှံနေပြီး စီရင်စုအချို့ကိုဖြစ်ကာ ၎င်းရဲ့လမ်းကြောင်း ကို ဖောက်နေတယ်။ ကျွန်မနဲ့ ကျွန်မရဲ့မိသားစုအပါအဝင် သန်းချီတဲ့ ကျွန်မရဲ့လူတွေဟာ အိမ်ရာပစ်ပြေးရပြီး အိမ်ရာမဲ့ဖြစ်ခဲ့တယ်။ တစ်ချို့က မြို့ကို ရှောင်တိမ်းခဲ့ရတယ်။ အများအပြားဟာ သူတို့ရဲ့အိမ်နဲ့ ဥစ္စာ ပစ္စည်းတွေ ဆုံးရှုံးရတာကို ထိတ်လန့်နေတော့ လျှပ်စစ်မီးမရှိ၊ ရေသန့်မရှိတဲ့ ရေကြီးတဲ့ဆီမှာ ပြန်နေကြတယ်။ ကျွန်မအတွက် ရှင်းရှင်းလင်လင်း ထင်ဟပ်စေတာက ရေကြီးတာက ကျွန်မတို့ရဲ့ခေတ်မီ အခြေခံ အဆောက်အုံပါ၊ အထူးသဖြင့် ကွန်ကရစ်နဲ့ ရေကြီးတာကို တွန်းလှန်ခြင်းရဲ့ ကျွန်မတို့ရဲ့ သဘောထားက ကျွန်မတို့ကို အလွန်အမင်း ခုခံနိုင်စွမ်း နည်းပါးအောင် ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ဒီကပ်ဘေးရဲ့ အလယ်ဗဟိုထဲမှာ ဘဝပေးတာဝန်ကို တွေ့ခဲ့တယ်။ ကျွန်မရဲ့မြို့ ဆက်လက် နိမ့်ဆင်းနေတာကြောင့် ထိုင်ပြီး မစောင့်နိုင်တော့ဘူး။ ဒီမြို့ဟာ ကျွန်မကို လိုအပ်ခဲ့ပြီး ဒီပြဿနာကိုဖြေရှင်းနိုင်စွမ်း ကျွန်မမှာရှိတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က ကျွန်မရဲ့စီမံကိန်းကို စတင်ခဲ့တယ်။ Chulalongkorn Centenary Park ဒီဇိုင်း ပြိုင်ပွဲမှာ ကျွန်မတို့အနိုင်ရခဲ့တယ်။ ထိုင်းနိုင်ငံက ပထမဆုံး တက္ကသိုလ်ရဲ့ ကြီးမား၊ရဲရင့်တဲ့ တာဝန်ပါ၊ တက္ကသိုလ်နှစ်တစ်ရာမြောက် ပွဲအတွက် ဒီမြေနေရာကို ကျွန်မတို့ မြို့အတွက် အများပြည်သူ ပန်းခြံအဖြစ်ပေးတာပါ။ ပန်းဥယျာဉ်တစ်ခုရှိတာဟာ အခြားသော မြို့ကြီးတွေမှာ ပုံမှန်ဖြစ်နေပုံရပေမဲ့ ဘန်ကောက်မှာတော့ မဟုတ်ဘူး၊ အာရှမှာရှိတဲ့ မြို့တော်ကြီးတွေအနက် တစ်ဦးချင်း အများပြည်သူ စိမ်းလန်းစိုပြေရေး နေရာလွတ် အနည်းဆုံးရှိတဲ့ မြို့တစ်မြို့ပါ။ ကျွန်မတို့ရဲ့ စီမံချက်ဟာ နှစ် ၃၀ နီးပါးအတွင်း ပထမဆုံး ပြည့်သူ့ ပန်းဥယျာဉ်တစ်ခုဖြစ်လာပါပြီ။ ၁၁ ဧက ရှိတဲ့ ပန်းခြံ၊ ဘန်ကောက်ရဲ့အလယ်ဗဟိုက ကြီးမားတဲ့ အစိမ်းရောင် အက်ကြောင်းတစ်ခုဟာ မနှစ်ကပဲ ပွင့်ခဲ့တာပါ။ (လက်ခုပ်သံ၊ အားပေးသံများ) ကျေးဇူးပါရှင်။ (လက်ခုပ်သံများ) ဒီပန်းဥယျာဉ်ဟာ အလှဖန်တီးမှု(သို့) အပန်းဖြေမှု သက်သက်မဟုတ်တာကို စည်းရုံးသိမ်းသွင်းဖို့နံ့ သိမ်းသွင်း တာကို လက်မလျှော့ဖို့ လေးနှစ်လုံးလုံး မရေမတွက်နိုင်တဲ့ အစည်းအဝေးတွေ တွန်းလုပ်ခဲ့ရတယ်။ ဒါက ရေကို ဖြေရှင်းဖို့ အကူအညီဖြစ်ရမယ်၊ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ရာမှာ မြို့ကို အကူအညီဖြစ်ရမယ်။ ဒီမှာတော့ အလုပ်လုပ်ပုံပါ။ ဘန်ကောက်ဟာ မြေပြန့် မြို့တစ်မြို့ဆိုတော့ မိုးရေစက်တိုင်းကို စုယူဖို့ ပန်းဥယျာဉ်တစ်ခုလုံးကို ငဲ့စောင်းခြင်းနဲ့ ကမ္ဘာမြေ ဆွဲငင် စွမ်းအားကို ထိန်းချုပ်အသုံးပြုခဲ့တယ်။ ကမ္ဘာမြေ ဆွဲအားက စီးဆင်းရေကိုအမြင့်ဆုံး နေရာကန အနိမ့်ဆုံးနေရာအထိ ဆွဲယူလိုက်တယ်။ ဒီပန်းဥယျာဉ်မှာ စနစ်တစ်ခုအဖြစ် အလုပ်လုပ်တဲ့ အစိတ်အပိုင်း သုံးခုရှိတယ်။ ပထမက ခေါင်မိုးစိမ်းပါ၊ ဒါဟာ မိုးရေ လှောင်ကန်တွေနဲ့ အောက်ခြေမှာ ပြတိုက်ပါတဲ့ ထိုင်းနိုင်ငံရဲ့အကြီးဆုံး ခေါင်မိုးစိမ်းပါ။ ခြောက်သွေ့တဲ့ ရာသီမှာ စုဆောင်းထားတဲ့ ရေကို ပန်းဥယျာဉ်ကို ရေလောင်းဖို့ တစ်လအထိ အသုံးပြုနိုင်တယ်။ ခေါင်မိုးစိမ်းပေါ်က စီးဆင်းရေဟာ ရေကို စစ်ပြီး သန့်စင်ပေးနိုင်တဲ့ သဘာဝ ရေ စက်ရုံတွေရှိတဲ့ စိမ့်မြေအရပ်တွေကနေ လျှောဆင်းသွားတယ်။ အနိမ့်ပိုင်း အဆုံးမှာ ရေထိန်းကန်ကနေပြီး ရေအားလုံးကို စုဆောင်းတယ်။ ဒီကန်မှာ ရေလွှာ စက်ဘီးတွေရှိတယ်။ လူတွေဟာ နင်းပြီး ရေကို ကူညီ သန့်စင်ပေးနိုင်တယ်။ သူတို့ လေ့ကျင့်ခန်းက ပန်းဥယျာဉ် ရေစနစ်ရဲ့ အသက်ဝင်တဲ့ အစိတ်အပိုင်းဖြစ်လာတယ်။ ဘဝက ရေလွှမ်းမိုးမှုတစ်ခု ပေးတဲ့အခါ ရေနဲ့ ပျော်လိုက်တာပေါ့ရှင်။ (ရယ်သံများ) Centenary Park ဟာ လူတွေအတွက်နဲ့ ရေအတွက် နေရာပေးတာပါ၊ ဒါက ကျွန်မတို့နဲ့ ကျွန်မတို့မြို့ကြီးတွေ လိုအပ်တာနဲ့ ထပ်တူပါ။ ဒါက ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း ပုံစံတစ်ခုပါ။ ဒီပန်းဥယျာဉ်ဟာ ရေကြီးတာကို ဖယ်ရှားဖို့မဟုတ်ပါ။ ရေကြီးတာနဲ့ အတူနေထိုင်ဖို့ နည်းလမ်းတစ်ခုကို ဖန်တီးခြင်းပါ။ ဒီပန်းဥယျာဉ်ထဲမှာ ရေတစ်စက်ကလေးမှ မဖြုန်းတီးပစ်ပါဘူး။ ဒီပန်းဥယျာဉ်က ရေဂါလံ တစ်သန်းကို ထိန်းသိမ်း စုဆောင်းထားနိုင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ကျွန်မအတွက်တော့ ပေးထားသမျှ စီမံချက်တိုင်း ဟာ ဥယျာဉ်၊ပန်းမန် ဗိသုကာပညာကို ဖြေရှင်းမှုတစ်ခုအဖြစ် အသုံးပြုရင်း ကွန်ကရစ် တောနက်ကြီးထဲမှာ ပိုများတဲ့ စိမ်းလန်းစိုပြေတဲ့ အက်ကြောင်း တွေ ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုပါ။ ဥပမာ ကွန်ကရစ် ခေါင်မိုးကို မြို့ပြ လယ်ယာအဖြစ် ဖန်တီးခြင်းပါ။ ဒါက မိုးရေစုပ်ယူဖို့ကူညီပေးနိုင်တယ်၊ မြို့ပြ အပူ ကျွန်းကို လျော့ပါးစေပြီး မြို့လယ်ခါင်မှာ စားစရာ စိုက်ပျိုးနိုင်တယ်၊ စိမ်းလန်းတဲ့ ခြေကျင်လျှောက် တံတားတစ်ခု ဖြစ်လာဖို့ စွန့်ပစ်ထားတဲ့ ကွန်ကရစ် အဆောက်အအုံကို ပြန်အသုံးပြုနိုင်တယ်၊ Thammasat University မှာရှိတဲ့ နောက်ထပ် ရေကြီးတာ ကာကွယ်တဲ့ ဥယျာဉ်တစ်ခုပါ။ ဒါက အရှေ့တောင် အာရှက တက္ကသိုလ် ပရဝုဏ်တစ်ခုက အကြီးဆုံး ခေါင်မိုးစိမ်းကို အပြီးသတ် လုလုဖြစ်စေတာပါ။ ပြင်းထန်တဲ့ ရေကြီးခြင်းဟာ ကျွန်မတို့ရဲ့ ပုံမှန်ဖြစ်မှု အသစ်ပါ၊ အရှေ့တောင် အာရှဒေသကို ကမ်းရိုးတန်း အများစုနဲ့ ဒေသကို ပြင်းထန်တဲ့ ဘေးအန္တရာယ် ဆိုက်ရောက်နေစေတာပါ။ ပန်းဥယျာဉ်တစ်ခုဖန်တီးခြင်းဟာ အဖြေတစ်ခုပဲ ရှိသေးတာပါ။ ရာသီဥတု ပြောင်းလဲမှုကို သတိမူမိတာက ကျွန်မတို့ဟာ ကျွန်မတို့ပါဝင်တဲ့ ဘယ်အသက်မွေးမှုမှာမဆို ရာသီဥတု ဘေးအန္တရာယ်ကို နားလည်ဖို့ တိုးတိုးပြီး တာဝန်ရှိတယ်လို့ ခံယူပြီး ဒီအဖြေရဲ့ အစိတ်အပိုင်းအဖြစ် ကျွန်မတို့ လုပ်ကိုင်နေသမျှကို ထည့်သွင်းတာပါ။ အကြောင်းက ကျွန်မတို့ရဲ့ မြို့ကြီးတွေဟာ လက်ရှိအတိုင်း ဆက်ရှိနေမယ်ဆိုရင် အလားတူ ကပ်ဘေးတစ်ခု ထပ်ကာ ထပ်ကာ ဖြစ်လာဦးမှာပါ။ နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးတွေမှာ အဖြေတစ်ခုကို ဖန်တီးခြင်းဟာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တာမျိုးပါ။ ဒီအတွက်တော့ ကျွန်မရဲ့စိတ်ထဲမှာ အမြဲ ဆောင်ထားတဲ့ စကားလုံးတစ်လုံးကို ဝေမျှချင်ပါတယ်။ ဒါကတော့ "tangjai" ပါ။ တိုက်ရိုက် ဘာသာပြန်ရင် "tang" က "ခိုင်မာစွာ ရပ်တည်သည်" "jai"က ကတော့ "နှလုံးသားပါ။ သင့်ရည်မှန်းချက်မှာ သင့်နှလုံးသားကို ခိုင်ကျည်စွာ ရပ်တည်ထားပါ။ ထိုင်းဘာသာစကားမှာ တစ်ခုခုလုပ်ဖို့ ရည်စူးတဲ့အခါ သင့်စကာလုံးရှေ့မှာ "tangjai" ကို ထားတာဆိုတော့ သင့်နှလုံးသားဟာ သင့်လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ လမ်းကြောင်းက ဘယ်လိုပင် ကြမ်းကြမ်း၊ အက်ကြောင်းက ဘယ်လောက်ကြီးကြီး သင့်ရဲ့ပန်းတိုင်ဆီ ဇွတ်တိုးချီတက်ပါ၊ အကြောင်းက ဒါက သင့်နှလုံးသားရှိရာမို့ပါ။ နောက်ပြီး ထိုင်းနိုင်ငံဟာ ကျွန်မရဲ့မွေးရပ်မြေပါ။ ဒီမြေဟာ ကျွန်မရဲ့အိမ်ဖြစ်ပြီး ကျွန်မရဲ့နှလုံးသား ခိုင်မြဲစွာ တည်ရှိတဲ့နေရာပါ။ သင်တို့နှလုံးသားက ဘယ်မှာ တည်ရှိလဲ။ ကျေးဇူးပါ။ (လက်ခုပ်သံများ) ကျေးဇူးပါ။ ကျေးဇူးတင်ပါတယ်ရှင်။ (လက်ခုပ်သံ၊အားပေးသံများ)