ကျွန်မက ပုံပြင်ပြောသူ တစ်ယောက်ပါ။ အခု ရှင်တို့ကို "တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်"လို့ခေါ်တဲ့ ကိုယ်ရေး ပုံပြင်တွေကို ကျွန်မ ပြောပြချင်ပါတယ်။ ကျွန်မက အရှေ့ Nigeria ရဲ့ တက္ကသိုလ်မှာ ကြီးပြင်းတာပါ။ ကျွန်မ အမေကတော့ ကျွန်မက အသက် ၂ နှစ်မှာ စာစဖတ်တယ်လို့ပြောတယ်။ ဒါပေမဲ့ ၄ နှစ်က ပိုမှန်မယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မက စာကို စောပြီး ဖတ်တတ်လာသူပါ။ ကျွန်မ ဖတ်တာတွေကတော့ ဗြိတိန်နဲ့ အမေရိကန် ကလေးစာအုပ်တွေ ဖြစ်ပါတယ်။ ကျွန်မက စာကို စောပြီး ရေးတတ်သူလည်း ဖြစ်ပါတယ်။ ၇ နှစ်လောက်မှာ ကျွန်မ ခဲတံရယ် ရောင်စုံတွေနဲ့ ခြယ်သထားပြီး ကျွန်မ သနားစရာ အမေကို ဖတ်ခိုင်းတဲ့ ပုံပြင်တွေ စရေးတော့ ကျွန်မ ဖတ်နေခဲ့တဲ့ ပုံပြင်တွေကိုဘဲ အတိအကျ ပြန်ရေးတာပါ။ ဇာတ်ကောင်တွေ အားလုံးက အသားဖြူဖြူ မျက်လုံးပြာပြာနဲ့။ သူတို့က နှင်းထဲမှာ ကစားတယ်။ သူတို့ ပန်းသီးတွေ စားတယ်။ (ရယ်သံများ) ပြီးရင် သူတို့က ရာသီအကြောင်း မကြာမကြာပြောတယ်။ နေထွက်လာတာ ဘယ်လောက်တောင် သာယာလဲဆိုတာပေါ့။ (ရယ်သံများ) ကျွန်မ Nigeria မှာနေတယ် ဆိုပေမဲ့ လည်း အရင်တုန်းက Nigeria အပြင်ကို မရောက်ခဲ့ဖူးပါဘူး။ ကျွန်မတို့ဆီမှာ နှင်းမကျဘူး။ ကျွန်မတို့ သရက်သီးစားတယ်။ ပြီးရင် ကျွန်မတို့ ဘယ်တော့မှ ရာသီအကြောင်း မပြောကြဘူး။ အကြောင်းက ပြောစရာမလိုလို့လေ။ ကျွန်မ ဇာတ်ကောင်တွေက ချင်းဘီယာတွေ သောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဗြိတိန် စာအုပ်ထဲက ဇာတ်ကောင်တွေလည်း သောက်လို့လေ။ ချင်းဘီယာ ဘာလဲဆိုတာ ကျွန်မ မသိခဲ့တာကို ထားလိုက်ပါတော့။ (ရယ်သံများ) နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျွန်မ ဂျင်းဘီယာ အရသာကို အင်မတန်ဘဲ မြည်းကြည့်ချင်ပါတယ်။ ဒါပေမဲ့ ဒါက နောက်အကြောင်းအရာ တစ်ခုပါ။ ကျွန်မထင်တာက ဒါက ကျွန်မတို့တွေ ပုံပြင်နဲ့ပတ်သတ်လာရင် ဘယ်လောက်တောင် ယုံကြည်လွယ်တာကို ပြသလိုက်ပါတယ်။ အထူးသဖြင့် ကလေးဘဝမှာပေါ့။ ဘာလို့လဲဆို ဖတ်သမျှ ပုံပြင်တွေထဲက ဇာတ်ကောင်တွေကနိုင်ငံခြားကလေ။ စာအုပ်တွေဟာ သူတို့ သဘောသဘာဝအရ နိုင်ငံခြားသားတွေပါရမယ် ကျွန်မ ကိုယ်တိုင် မခွဲခြားနိုင်တဲ့အရာတွေ ပါရမယ်ဆိုပြီး ကျွန်မယုံကြည်လာပါတယ်။ အာဖရိက စာအုပ်တွေ ကျွန်မ ဖတ်ပြီးနောက် အရာရာက ပြောင်းလဲသွားပါတယ်။ အဲစာအုပ်တွေက သိပ်လဲမရှိသလို နိုင်ငံခြားစာအုပ်လို အရာ ရှာဖို့မလွယ်ဘူးလေ။ ဒါပေမဲ့ Chinua Achebe နဲ့ Camara Laye စာရေးဆရာတွေကြောင့် ကျွန်မရဲ့ စာပေနဲ့ ပတ်သတ်တဲ့ အမြင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ ကျွန်မ သိလိုက်တာက ကျွန်မလို လူတွေ ချောကလက်ရောင် အသားရေ စည်းလို့မရအောင် လိမ်ကောက်နေတဲ့ ဆံပင်နဲ့ ကောင်မလေးတွေလည်း စာပေထဲမှာ တည်ရှိနိုင်တယ်ဆိုတာကိုပေါ့။ ဒါကြောင့် ကျွန်မ မှတ်မိတဲ့ အကြောင်းအရာတွေကို စရေးခဲ့ပါတယ်။ ကျွန်မ အမေရိကန် နဲ့ ဗြိတိန်စာအုပ်တွေကိုလည်း ကြိုက်ပါတယ်။ ဒါတွေက ကျွန်မရဲ့စိတ်ကူးကို နှိုးဆွပေးသလို ကျွန်မကို ကမ္ဘာအသစ်ဆီ ခေါ်ဆောင်ပေးတယ်လေ။ ဒါပေမဲ့ မရည်ရွယ်ထားတဲ့ နောက်ဆက်တွဲကတော့ ကျွန်မလို လူတွေ စာပေထဲမှာ တည်ရှိနိုင်တယ်ဆိုတာကို မသိရှိခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဖရိက စာရေးဆရာတွေကို ရှာဖွေတွေ့ရှိခြင်းဟာ ကျွန်မကို တစ်ပုဒ်တည်းသော ပုံပြင်ကိုသာ သိရှိခြင်းကနေ ကယ်တင်ခဲ့ပါတယ်။ ကျွန်မက သာမန် အလယ်တန်းစား Nigeria မိသားစုကနေလာတာပါ။ ကျွန်မ အဖေကတော့ ပါမောက္ခ။ ကျွန်မ အမေကတော့ အုပ်ချုပ်ရေးမှူးပါ။ အစဉ်အလာအတိုင်းပေါ့ ကျွန်မတို့ မှာ အနီးအနားရွာက လာနေတဲ့ အိမ်တွင်း အစေခံ တစ်ယောက်ရှိပါတယ်။ ကျွန်မ အသက် ၈ နှစ်ပြည့်တော့ ကောင်လေး အသစ်တစ်ယောက် ရောက်လာပါတယ်။ သူကတော့ Fide ပါ။ သူမိသားစုနဲ့ ပတ်သတ်ပြီး ကျွန်မ အမေပြောခဲ့တဲ့ အရာတစ်ခုက သူတို့က အရမ်းဆင်းရဲတယ်ဆိုတာ ဖြစ်ပါတယ်။ အမေက သူတို့မိသားစုကိုမျောက်ဥ၊ ဆန်၊ အင်္ကျီဟောင်းတွေ ပေးလေ့ရှိပါတယ်။ တကယ်လို့ ကျွန်မက ညနေစာကို မကုန်ဘူးဆိုရင် ကျွန်မ အမေက "ကုန်အောင်စား၊ မင်းမသိဘူးလား။ Fide တို့လိုမိသားစုကဘာမှ မရှိဘူးဆိုတာ။" လို့ပြောတတ်ပါတယ်။ ဒါကြောင့် ကျွန်မ Fide မိသားစု အပေါ် အင်မတန်ဘဲ သနားမိပါတယ်။ စနေနေ့တစ်နေ့မှာတော့ ကျွန်မတို့ သူ့ရွာကို အလည်သွားတော့ သူ့အမေက ကျွန်မတို့ကို ဆေးဆိုးထားတဲ့ ထန်းရွက်နဲ့ သူ့အစ်ကို ရက်လုပ်ထားတဲ့ ခြင်းတောင်းလှလှလေးကို ပြခဲ့ပါတယ်။ ကျွန်မ အလွန်ပဲ အံအားသင့်ခဲ့ပါတယ်။ သူ့မိသားစုထဲက တစ်ယောက်ယောက်က ဒါမျိုးလုပ်နိုင်မယ်လို့ ကျွန်မ မသိထားခဲ့ဘူးလေ။ ကျွန်မ ကြားသိရသမျှကတော့ သူတို့ ဘယ်လောက်ဆင်းရဲလဲဆိုတာပါ။ ဒါကြောင့် ကျွန်မအတွက် သူတို့ကို ဆင်းရဲတာကလွဲရင် တခြားအရာအဖြစ် မြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ သူတို့ရဲ့ဆင်းရဲမှုဟာ ကျွန်မအတွက် သူတို့ရဲ့တစ်ပုဒ်တည်းသောပုံပြင်ပါ။ နှစ်အနည်းငယ်ပြီးနောက် အမေရိကန် မှာ တက္ကသိုလ်တက်ဖို့ Nigeria ကိုထွက်ခွာတော့ ဒီအကြောင်းကို စဉ်းစားမိပါတယ်။ အဲတုန်းက ကျွန်မက ၁၉နှစ်ပါ။ ကျွန်မရဲ့ အမေရိကန် အခန်းဖော်က ကျွန်မကြောင့် အံအားသင့်ခဲ့ပါတယ်။ ကျွန်မ အင်္ဂလိပ်စာ ဒီလောက်ပြောတတ်အောင် ဘယ်ကနေသင်ခဲ့သလဲ ဆိုပြီး သူမ မေးပါတယ်။ ကျွန်မက Nigeria မှာ အင်္ဂလိပ်စာက ရုံးသုံးစကား ဖြစ်တယ်လို့ပြောတော့ သူမ မယုံနိုင် ဖြစ်သွားပါတယ်။ ကျွန်မရဲ့ တိုင်းရင်း သီချင်းကို ဖွင့်ပြဖို့ သူမတောင်းဆိုပါတယ်။ ဒါပေမဲ့ ကျွန်မ Mariah Carey တိတ်ခွေဖွင့်ပြတော့ သူမ တော်တော်စိတ်ပျက်သွားပါတယ်။ (ရယ်သံများ) သူမက ကျွန်မ ဟာ မီးဖို မသုံးတတ်ဘူးလို့လည်း ယူဆထားပါတယ်။ ကျွန်မ ပိုအံအားသင့်ခဲ့တာက သူမက ကျွန်မကို မမြင်ခင်ကတည်းက ကျွန်မကို သနားနေတာပါ။ သူမ ကျွန်မအပေါ် အာဖရိကလူ တစ်ယောက်အနေနဲ့ ပင်ကို ရှိတဲ့ စိတ်ထားက နှိမ်ချတဲ့ အဓိပ္ပါယ်ရှိတဲ့ သနားမှုမျိုးပါ။ ကျွန်မ အခန်းဖော်က အာဖရိက ပုံပြင်တစ်ပုဒ်တည်းသာ ကြားဖူးတာပါ။ ကံဆိုးမိုးမှောင်ကျတဲ့ ပုံပြင်လေးပေါ့။ ဒီပုံပြင်လေးထဲမှာ အာဖရိကလူတွေ သူမနဲ့ တူနိုင်စရာ မရှိပါဘူး။ သနားစရာကလွဲ၍ တခြားခံစားမှုတွေ မရှိပါဘူး။ အခွင့်အရေးညီမျှတဲ့ လူသားအဖြစ် ဆက်နွယ်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မ ဝန်ခံရမယ် အမေရိကန်ကို မရောက်ခင်က ကျွန်မကိုယ့်ကို အာဖရိကလူအဖြစ် မခံယူပါဘူး။ ဒါပေမဲ့ အာဖရိက အကြောင်းပေါ်လာတိုင်း လူတွေက ကျွန်မကို လှည့်ကြည့်တယ်။ Namibia လို နေရာအကြောင်း ဘာမှမသိတာတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ကျွန်မဒီသတ်မှတ်ချက် အသစ်ကိုလက်ခံလာတယ် ကျွန်မကိုယ့်ကိုအာဖရိကသူ အဖြစ် မှတ်ယူပါတယ်။ ဒါပေမဲ့လည်း အာဖရိကကို နိုင်ငံအဖြစ် ရည်ညွန်းတဲ့အခါ ကျွန်မ ဒေါသထွက်ပါတယ်။ မကြာခင်လေး လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မ Lagos မှ အပြန်လေကြောင်းခရီးလေး Virgin လေကြောင်းလိုင်းမှာ "အိန္ဒိယ၊ အာဖရိကနှင့် အခြားသောနိုင်ငံများ"မှ ရန်ပုံငွေအဖွဲ့အကြောင်း ကြေငြာတာပါ။ (ရယ်သံများ) အမေရိကန်မှာ အာဖရိကသူ တစ်ယောက်အနေနဲ့ နှစ်အချို့နေပြီးနောက် ကျွန်မ အခန်းဖော်ရဲ့ ကျွန်မအပေါ် တုန့်ပြန်မှုကို စတင် နားလည်လာပါတယ်။ ကျွန်မသာ Nigeria မှာ ကြီးပြင်းတာမဟုတ်ဘူး ကျွန်မသာ အာဖရိကကို ကျော်ကြားတဲ့ ရုပ်ပုံတွေကနေသာ သိခဲ့မယ်ဆိုရင် ကျွန်မလည်း အာဖရိကက လှပတဲ့ ရှုခင်း၊ လှပတဲ့ တိရစ္ဆာန်တွေ၊ နားမလည်နိုင်တဲ့၊ အဓိပ္ပါယ်မဲ့ စစ်ပွဲတွေတိုက်နေတဲ့၊ ဆင်းရဲမွေတေမှု AIDS ကြောင့်သေနေတဲ့ ကိုယ့်ကိုအတွက် စကားမပြောနိုင်ဘဲ ကြင်နာတဲ့ လူဖြူ နိုင်ငံခြားတစ်ယောက်လာ ရောက်ကယ်ဆယ်ဖို့ကို စောင့်မျှော်နေတဲ့ လူတွေ ရှိနေတဲ့ နေရာတစ်ခုအဖြစ် မြင်မိမှာပါ။ ကျွန်မ အာဖရိကသားတွေကို ငယ်ငယ်တုန်းက Fide မိသားစုကို မြင်မိသလို ရှုမြင်မိမှာပါ။ ဒီရဲ့ တစ်ပုဒ်တည်း ပုံပြင်က အနောက်တိုင်း စာပေက လာတယ်လို့ ထင်ပါတယ်။ ဒါကတော့ အနောက်အာဖရိကကို ၁၅၆၁ တုန်းက ရွက်လွင့်သွားခဲ့ပြီး ရေကြောင်းခရီးရှည်သွားခဲ့တာကို မှတ်တမ်းတင်ထားတဲ့ လန်ဒန် ကုန်သည် John Locke ရေးထားတဲ့ စာတစ်ကြောင်းဖြစ်ပါတယ်။ လူမည်း အာဖရိကသားတွေကို "အိုးမဲ့ အိမ်မဲ့ တိရစ္ဆာန်"အဖြစ်ရည်ညွန်းပြီးနောက် သူက ဆက်ရေးပါတယ်။ "သူတို့တွေက ခေါင်းမရှိတဲ့ လူတွေပါ။ သူတို့ရဲ့ ပါးစပ်နဲ့ မျက်လုံးတွေက သူတို့ရဲ့ ရင်သားမှာ ရှိတာပါ။" ကျွန်မ ဒီစာကို ဖတ်မိတိုင်း ရယ်ပါတယ်။ John Locke ရဲ့ စိတ်ကူး စိတ်သန်ကို ချီးကျူးရပါမယ်။ ဒါပေမဲ့ သူ့အရေးနဲ့ ပတ်သတ်ပြီး အရေးကြီးတာက အနောက်တိုင်းမှာ အာဖရိက ပုံပြင်ပြောတဲ့ ဓလေ့အစကို ကိုယ်စားပြုလိုက်တာပါ။ မကောင်းမှုတွေ၊ ခြားနားမှု၊ အမှောင်ထု၊ ကဗျာဆရာ Rudyard Kipling စကားအရ မကောင်းဆိုးဝါးတစ်ပိုင်း ကလေးတစ်ပိုင်း ဖြစ်နေတဲ့ လူတွေရှိနေတဲ့ Sub-Saharan နေရာလေးရဲ့ ဓလေ့လေးပေါ့။ ဒါကြောင့် ကျွန်မ သိလိုက်တာက ကျွန်မရဲ့ အခန်းဖော်က သူမ ဘဝတစ်လျှောက် မျိုးစုံသော တစ်ပုဒ်တည်း ပုံပြင်ကို ကြားဖူးမြင်ခဲ့ဖူးမှာပါ။ ကျွန်မ ဝတ္ထုကို "အာဖရိက မစစ်မှန်ဘူး"လို့ ပြောခဲ့တဲ့ ပါမောက္ခတစ်ယောက်လိုပေါ့။ အခု ကျွန်မရဲ့ ဝတ္ထုနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ် နေရာတစ်ချို့မှာ လွဲနေတယ်ဆိုတာ ကျွန်မ ဝန်ခံ ပြောဖို့ အသင့်ပါဘဲ။ ဒါပေမဲ့ အာဖရိက စစ်မှန်မှု မရှိဘူးဆိုတာတော့ ကျွန်မ မစဉ်းစားမိခဲ့ပါဘူး။ တကယ်တော့ အာဖရိက စစ်မှန်မှု ဆိုတာ ဘာလဲ ကျွန်မ မသိခဲ့ပါဘူး။ ပါမောက္ခက ကျွန်မရဲ့ဇာတ်ဆောင်တွေက သူနဲ့တော်တော်တူတယ်လို့ပြောပါတယ်။ ပညာတတ် အလယ်တန်းစား လူတစ်ယောက်ပေါ့။ ကျွန်မ ဇာတ်ဆောင်တွေက ကားမောင်းတယ်။ ငတ်မွတ် ခေါင်းပါးနေတာလည်း မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့က အာဖရိက မစစ်မှန်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မ ဒီ တစ်ပုဒ်တည်းသော ပုံပြင် နဲ့ ပတ်သတ်ပြီး အပြစ်မကင်းတာကိုလည်း ဝန်ခံရပါမယ်။ အရင်နှစ်အနည်းငယ်တုန်းက ကျွန်မ မက္ကဆီကို ကို အလည်သွားခဲ့ပါတယ်။ အဲတုန်းက အမေရိကန်က နိုင်ငံရေးတွေက မတည်ငြိမ်ပါဘူး နိုင်ငံကူးပြောင်းတာနဲ့ ပတ်သတ်ပြီး အငြင်းပွားတာတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်မှာ ဖြစ်ပျက်နေသလိုပါဘဲ မက္ကဆီကို လူတွေနဲ့ နိုင်ငံကူးပြောင်းတာတွေဟာ တစ်ထပ်တည်း ဖြစ်လာပါတယ်။ မက္ကဆီကိုလူတွေ ကျန်းမာရေးဝန်ဆောင်မှုကနေ အမြတ်ထုတ်တာတွေ နယ်နိမိတ်ကို ခိုးဖြတ်တာတွေ နယ်နိမိတ်မှာ ဖမ်းခံရတာတွေ စတဲ့ ပုံပြင်တွေအများကြီးရှိပါတယ်။ Guadalajara မှာ ပထမတစ်ရက် လမ်းပတ် လျှောက်ရင်း လူတွေအလုပ်သွားတာတွေ tortilla မုန့်လုပ်တာတွေ ဆေးလိပ်သောက်တာတွေ ရယ်မောနေတာတွေ ကြည့်တာကို ပြန်သတိရပါတယ်။ ကျွန်မ ပထမအကြိမ် အံအားသင့်မှုကို မှတ်မိပါတယ်။ ပြီးရင် ကျွန်မ အင်မတန်ရှက်မိပါတယ်။ ကျွန်မ ဟာ မက္ကဆီကို နဲ့ပတ်သတ်ပြီး သတင်းမီဒီယာ ရဲ့ တင်ပြမှုကို ယုံစားမိနေတာကို သိလိုက်ရပါတယ်။ ကျွန်မ အတွေးထဲမှာ သူတို့က အရာတစ်ခု ဖြစ်လာပါတယ်။ သနားစရာ နိုင်ငံကူးပြောင်းသူတွေပေါ့။ မက္ကဆီကန်တွေရဲ့၁ပုဒ်တည်း ပုံပြင်ကိုယုံစားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်မ အင်မတန်ရှက်မိပါတယ်။ တစ်ပုဒ်တည်းသော ပုံပြင်ကို ဖန်တီးချင်ရင် လူတွေကို အရာတစ်ခုတည်း အဖြစ်သာ ပြသပါ။ အရာတစ်ခုတည်းလေးပေါ့။ ထပ်ခါ ထပ်ခါ ပြသပါ။ ဒါနဲ့ပဲ သူတို့က အဲဒါတွေ ဖြစ်လာပါတယ်။ အာဏာအကြောင်းမပြောဘဲ တစ်ပုဒ်တည်း ပုံပြင်ကို ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Igbo စကားလုံးလေး တစ်လုံးလေးရှိပါတယ်။ ကမ္ဘာတစ်ဝန်း အာဏာအကြောင်း တွေးမိတိုင်း ဒီစကားလုံးကို ကျွန်မ စဉ်းစားမိပါတယ်။ အဲဒါကတော့ "nkali"ပါ။ ဒါက နာမ်ဖြစ်ပြီး "အခြားသောအရာထက် ကြီးမြတ်သော"လို့ ဘာသာပြန်လို့ရတယ်။ ကျွန်မတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး ဝန်းကျင်မှာ ပုံပြင်တွေကို "nkali" နိယာမနဲ့ သတ်မှတ်ကြပါတယ်။ သူတို့ကို ဘယ်လိုပြောလဲ၊ ဘယ်သူကပြောလဲ၊ ဘယ်အချိန်ပြောလဲ၊ ဘယ်နှပုဒ်လောက် ပြောလဲဆိုတာတွေဟာ အာဏာအပေါ် မှုတည်ပါတယ်။ အာဏာက လူတစ်ယောက်ရဲ့ ပုံပြင်ကို ပြောပြနိုင်ရုံသာမက အဲဒီ ပုံပြင်ကို နောက်ဆုံးပုံပြင် ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ ပါလက်စတိုင်းကဗျာဆရာ Mourid Barghouti ကရေးတာက သင်က လူတစ်စု ကို လှည့်စားချင်ရင် အလွယ်ဆုံးနည်းက သူတို့ကို ပုံပြင်ပြောပါ။ ဒါပေမဲ့ ဒုတိယအကြိမ်နဲ့ စပါ။ မူလ အမေရိကလူတွေ ရဲ့ မြှားအကြောင်းနဲ့ ပုံပြင်ကို စပါ။ ဗြိတိလျှတွေ ရောက်လာတဲ့ အကြောင်းမဟုတ်ဘူးပေါ့။ ဒါဆို ရှင်က လုံးဝကွဲပြားတဲ့ ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။ အာဖရိက ကျရှုံးမှုအကြောင်းနဲ့ စပါ။ အာဖရိကကို ကိုလိုနီအဖြစ် သိမ်းသွင်းမှုနဲ့ မစပါနဲ့။ သင်က နောက်လုံးဝ ကွဲပြားတဲ့ ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။ ကျွန်မ တက္ကသိုလ်တစ်ခုမှာ ဟောပြောတုန်း ကျောင်းသားတစ်ယောက်က ကျွန်မကို Nigeria အမျိုးသားတွေက ကျွန်မ ဝတ္ထုထဲက အဖေလို အကြမ်းအတမ်းသမားဖြစ်နေတာ ရှက်စရာကောင်းတယ်လို့ ပြောပါတယ်။ ကျွန်မကလည်း သူကို American Psycho ဝတ္ထုကိုဖတ်ပြီးကြောင်းရယ် (ရယ်သံများ) ပြီးရင် အမေရိကန်လူငယ်တွေက ဆက်တိုက် လူသတ်သမား ဖြစ်နေကြတာ ရှက်စရာကြီးပါလို့ ပြောလိုက်ပါတယ်။ (ရယ်သံများ) (လက်ခုပ်သံများ) အဲဒါကို ကျွန်မ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တာပါ။ (ရယ်သံများ) ဒါပေမဲ့ ကျွန်မ ဝတ္ထုတစ်ပုဒ်ဖတ်တိုင်း အဲထဲက ဇာတ်ဆောင်ကလူသတ်သမား ဆိုရင် သူက အမေရိကန်လူအားလုံးကို ကိုယ်စားပြုတယ်လို့ ကျွန်မ ဘယ်တော့မှ မတွေးထင်ပါဘူး။ အဲဒါကလည်း ကျွန်မ ကအဲဒီကျောင်းသား ထက်တော်နေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်ရဲ့ ဓလေ့ထုံးတမ်း စီးပွားရေး အာဏာကြောင့်ပါ။ ကျွန်မ အမေရိကန်ပုံပြင်အများကြီး ဖတ်ဖူးပါတယ်။ Tyler ရယ် Updike ရယ် Steinbeck ရယ် Gaitskil ရယ် စတာတွေရဲ့ စာပေကို ဖတ်ဖူးပါတယ်။ ကျွန်မမှာ အမေရိကန်ရဲ့ တစ်ပုဒ်တည်း ပုံပြင်ဆိုတာမရှိပါဘူး။ နှစ်အနည်းငယ်အကြာက အောင်မြင်ဖို့ မပျော်တဲ့ကလေးဘဝပိုင်ဆိုင် ရမယ်လို့ မှတ်သားလိုက်ရတဲ့ အခါ ကျွန်မ စဉ်းစားလိုက်ပါတယ်။ ကျွန်မ မိဘတွေ ကျွန်မကို ဘယ်လို ညှင်းပန်းခဲ့လဲဆိုတာကို ဖန်တီးဖို့လေ။ (ရယ်သံများ) တကယ်တော့ ကျွန်မ ပျော်ရွှင်တဲ့ ကလေးဘဝကို ပိုင်ဆိုင်ခဲ့ ပါတယ်။ စည်းလုံးတဲ့ မိသားစုကြီးမှာ ရယ်စရာရွှင်စရာနဲ့ ပြည့်နှက်လို့ ။ ဒါပေမဲ့ ကျွန်မ ဘိုးဘွားတွေက ဒုက္ခသည်စခန်းမှာ သေဆုံးခဲ့ပါတယ်။ ကျွန်မ မောင်ဝမ်းကွဲ လုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုကို မရခဲ့လို့ သေဆုံးခဲ့ပါတယ်။ ကျွန်မ သူငယ်ချင်း Okoloma က လေယာဉ်ပျက်ကျလို့သေဆုံးခဲ့ပါတယ်။ အကြောင်းက ကျွန်မတို့ မီးသတ်ကားက ရေမရှိလို့ပါ။ ကျွန်မက ဖိနှိပ်တဲ့ စစ်အစိုးရ လက်အောက် မှာ ကြီးပြင်းတာပါ။ သူတို့က ပညာရေးကို အရေးမထားတဲ့အတွက်ကြောင့် တစ်ခါတစ်လေ ကျွန်မ မိဘတွေ လစာမရကြပါဘူး။ ဒါကြောင့် ငယ်ငယ်တုန်းက မနက်စာစားပွဲကနေ ယိုဘူးလေး ပျောက်သွားတာမျိုး ကြုံဖူးပါတယ် ပြီးရင် ထောပတ် ပျောက်ကွယ်သွားတယ် ပြီးရင် ပေါင်မုန့်တွေက စျေးကြီးလာတယ် ပြီးရင် နွားနို့တွေကို ချွေတာလာရတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေး ကြောက်ရွံမှုတွေ ကျွန်မတို့ ဘဝကို ထိုးဖောက်ခဲ့ပါတယ်။ ဒီ ပုံပြင်တွေအားလုံး ကျွန်မကို သတ်မှတ်ပါတယ်။ ဒါပေမဲ့ မကောင်းတဲ့ ပုံပြင်တွေကိုဘဲ ဆက်ဖော်ပြနေမယ်ဆိုရင် ကျွန်မရဲ့ အတွေ့အကြုံကို ချိုးနှိမ်ရာရောက်ပြီး ကျွန်မကို ဖွဲ့စည်းခဲ့တဲ့ တစ်ခြားသော ပုံပြင်တွေကို လျစ်လျူရှုရာရောက်ပါတယ်။ တစ်ပုဒ်တည်း ပုံပြင်တွေက မှုသေ အမြင်တွေကို ဖန်တီးပါတယ်။ မှုသေ အမြင်ရဲ့ ပြဿနာက မမှန်ကန်တာမဟုတ်ပါဘူး။ သူတို့က မပြည့်စုံတာပါ။ သူတို့က ပုံပြင်ကိုတစ်ပုဒ်တည်း ပုံပြင် ဖြစ်အောင်လုပ်ပါတယ်။ သေချာတာက အာဖရိတိုက်ဟာ ကပ်ဘေးတွေနဲ့ ပြည့်နှက်နေပါတယ်။ ကြီးမားလှတဲ့ တစ်ခုကတော့ကွန်ဂိုမှာ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ မုဒိန်းမှုပါ။ စိတ်ဓာတ်ကျစရာကောင်းတဲ့ တစ်ခုကတော့ လူအယောက် ၅၀၀၀ အလုပ်တစ်ခုရဖို့ အလုပ်လျှောက်တဲ့အကြောင်းဖြစ်ပါတယ်။ ကပ်ဘေးအကြောင်းမဟုတ်တဲ့ အခြားသော ပုံပြင်တွေလည်းရှိပါတယ်။ အဲဒါတွေလည်း အရေးပါသလို အဲပုံပြင်တွေကို ပြောဖို့လည်း အရေးကြီးပါတယ်။ ကျွန်မ အမြဲစဉ်းစားမိတာက နေရာတစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကို နားလည်ဖို့ သူရဲ့ ကိုယ်စီ ပုံပြင်ကို နားမလည်ဘဲနဲ့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ပုဒ်တည်းသော ပုံပြင်ရဲ့ ရလဒ်က ဒီလိုပါ။ လူတွေရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်ပါတယ်။ လူသားတွေတူညီမှု အသိအမှတ်ပြုတဲ့နေရာမှာ ခက်ခဲအောင်လုပ်ပါတယ်။ ကျွန်မ တို့ ဘယ်လိုတူညီသလဲဆိုထက် ကျွန်မတို့ ဘယ်လိုခြားနားလဲဆိုတာကို အသားပေးရာရောက်ပါတယ်။ မက္ကဆီကို ခရီးစဉ်မတိုင်ခင်လေး ကျွန်မသာ နိုင်ငံကူးပြောင်းတာနဲ့ အငြင်းပွားမှုကို US နဲ့ မက္ကဆီကို နှစ်ဖက်စလုံးကနေ လိုက်ခဲ့ရင် ဘာဖြစ်မလဲ။ ကျွန်မ အမေသာ ကျွန်မတို့ကို Fide မိသားစုက ဆင်းရဲပေမဲ့ အလုပ်ကြိုးစားတယ်ဆိုတာ ပြောခဲ့ရင် ဘာဖြစ်မလဲ။ ကျွန်မတို့သာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အာဖရိက အကြောင်းအစုံကို ထုတ်လွင့်ပေးတဲ့ ရုပ်မြင်သံကြားသာ ရှိခဲ့ရင် ဘာဖြစ်မလဲ။ ဒါကို Nigeria စာရေးဆရာက "ပုံပြင် ညီမျှမှု" လို့ ခေါ်ပါတယ်။ ကျွန်မ အခန်းဖော်သာ အိပ်မက်ကို အကောင်အထည်ဖော်ပြီး ပုံနှိပ်တိုက်ဖွင့်ဖို့ ဘဏ်အလုပ်ကနေ နှုတ်ထွက်ခဲ့တဲ့ Nigeria စာပေထုတ်ဝေသူ Muhtar Bakare ကိုသာ သိခဲ့ရင် ဘာဖြစ်မလဲ။ အခု လူတွေယုံကြည်ကြတာက Nigeria လူတွေက စာပေ မဖတ်ကြဘူးဆိုတာပါ။ သူကတော့ သဘောမတူပါဘူး။ သူထင်တာက လူတွေက စာဖတ်နိုင်တယ် စာဖတ်ကြလိမ့်မယ် စာပေတွေကို လူတွေတက်နိုင်အောင် လွယ်လွယ်နဲ့ရအောင်လုပ်ပေးမယ်ဆိုရင်ပေါ့။ ကျွန်မရဲ့ ပထမဆုံးဝတ္ထု ထုတ်ဝေပြီး မကြာခင်မှာဘဲ အင်တာဗျူးဖြေဖို့ Lagos က ရုပ်သံဌာနကို သွားရောက်ခဲ့ပါတယ်။ ပြီးတော့ သတင်းပေးပို့သူ အမျိုးသမီးက ကျွန်မဆီ လာပြီးတော့ ပြောပါတယ်။ "မင်း ဝတ္ထုကို ငါ တကယ် ကြိုက်တယ်။ အဆုံးသတ်ကို မကြိုက်ဘူး။ မင်း နောက်ဆက်တွဲရေးရမယ်။ ဒါကတော့ ဆက်ဖြစ်မယ့် အရာလေးပေါ့။.." (ရယ်သံများ) သူမ ကျွန်မကို နောက်ဆက်တွဲမှာ ဘာရေးရမယ်ဆိုတာ ဆက်ပြောပါတယ်။ ကျွန်မ ကျေနပ်ရုံ တင်မက ကြည်နူးမိပါတယ်။ သူမကတော့ စာမဖတ်တတ်ဘူးလို့ ထင်ခံရတဲ့ Nigeria သာမန်လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်ပါ။ သူမက စာအုပ်ဖတ်ရုံတင်မက စာအုပ်မှုပိုင်ခွင့်ကိုပါ ရယူပြီး ကျွန်မကို နောက်ဆက်တွဲကို ဘယ်လိုရေးဖို့ ပြောခဲ့ပါတယ်။ ကျွန်မ အခန်းဖော်သာ Lagos မှာ ရုပ်သံ တင်ဆက်နေတဲ့ ကျွန်မသူငယ်ချင်း Fumi Onda အကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ သူမက ကျွန်မတို့ မေ့လေ့ရှိတဲ့ ပုံပြင်ကို ပြောဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ပါတယ်။ ကျွန်မ အခန်းဖော်သာ ပြီးခဲ့တဲ့ တစ်ပတ် Lagos ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ နှလုံးခွဲစိတ်မှု အကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ ကျွန်မ အခန်းဖော်သာ Nigeria ခေတ်သစ် တေးဂီတအကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ လူတော်တွေက Jay-Z ရယ် Fela ရယ် Bob Marley ရယ် သူတို့ရဲ့ ဘိုးဘေးဘီဘင်က လွှမ်းမိုးမှုတွေကို ပေါင်းစပ်ပြီး English လို Pidgin လို Igbo လို Yoruba လို ပြီးရင် Ijo လို သီဆိုနေတာတွေပေါ့။ ကျွန်မ အခန်းဖော်သာ အမျိုးသမီးတိုင်း ပက်စ်ပို့ သက်တမ်းမတိုးခင် ခင်ပွန်းဆီ ခွင့်ပြုချက်ရယူဖို့ ပြဌာန်းထားတဲ့ ဥပဒေကို Nigeria တရားရုံမှာ စိန်ခေါ်လိုက်တဲ့ အမျိုးသမီး ရှေ့နေ တစ်ယောက်အကြောင်းသိရင် ဘာဖြစ်မလဲ။ ကျွန်မ အခန်းဖော်သာ နည်းပညာ အခက်အခဲတွေကြား ရုပ်ရှင်တွေ ဖန်တီးနေတဲ့ ထိုးထွင်း ဉာဏ်ရှိလူတွေပြည့်နေတဲ့ Nollywood အကြောင်းကို သိရင်ဘာဖြစ်မလဲ။ ရုပ်ရှင်တွေက ကျော်ကြားလွန်းလို့ Nigeria လူတွေသူတို့ ထုတ်ကုန်ပြန်စားသုံးတဲ့ အကြောင်းကို ပြသနေတဲ့ အကောင်းဆုံး ဥပမာ ဖြစ်နေတယ်လေ။ အခန်းဖော်သာ ကျွန်မရဲ့ရည်မှန်းချက် ကြီးလှတဲ့ဆံကျစ်သူကိုသိရင်ဘာဖြစ်မလဲ။ သူမက ဆံပင်တုရောင်းတဲ့ ကိုယ်ပိုင် စီးပွားရေးကို စတင်သူလဲ ဖြစ်ပါတယ်။ ဒါမဟုတ် စီးပွားရေးလုပ်တယ် တစ်ခါတစ်လေ ရှုံးတယ် ဒါပေမဲ့လည်း ရည်မှန်းချက်ဆက်ထိန်းထားတဲ့ သန်းပေါင်းများစွာသော Nigeria လူတွေ အကြောင်းကော။ ကျွန်မ အိမ်မှာ ရှိတိုင်း Nigeria လူထုကို ဒေါသထွက်စေတဲ့ အရာတွေနဲ့ ရင်ဆိုင်ရပါတယ်။ ကျွန်မတို့ရဲ့ကျရှုံးနေတဲ့ ဖွဲ့စည်း ပုံတွေ၊ ကျရှုံးနေတဲ့ အစိုးရတွေ။ ဒါတင်မက အစိုးရ ကျရှုံးနေပေမဲ့လည်း စိတ်ပျက်အားလျော့မဲ့အစား လူထုတွေရဲ့ စိတ်ဓာတ်ကြံခိုင်မှုကိုလည်း မြင်တွေ့ရပါတယ်။ ကျွန်မ Lagos မှာ နွေရာသီတိုင်း စာရေးသင်တန်းပို့ချပါတယ်။ လာရောက်လျှောက်ထားတဲ့ လူဘယ်လောက်တောင်များလဲ လူတွေ စာရေးပြီး ပုံပြင်ပြောဖို့ ဘယ်လောက် စိတ်အားထက်သန်လဲဆိုတာ မြင်ရတော့ ကျွန်မ အံအားသင့်ရပါတယ်။ Nigeria စာပေထုတ်ဝေသူ နဲ့ ကျွန်မတို့ Farafina Trust လို့ ခေါ်တဲ့ ကိုယ်ကျိုးမဖက် အဖွဲ့ကို စတင်ခဲ့ပါတယ်။ ကျွန်မတို့မှာရည်မှန်းချက်ကြီး တွေရှိပါတယ်။ စာကြည့်တိုက် ဆောက်ဖို့၊ စာကြည့်တိုက်တွေကို ပြန်လည် ပြုပြင်ဖို့၊ ဘာမှ မရှိသေးတဲ့ ကျောင်းစာကြည့်တိုက်တွေ အတွက် စာအုပ်တွေထောက်ပံ့ပေးဖို့၊ ပြီးရင် စာရေးခြင်း စာဖတ်ခြင်း နဲ့ ပတ်သတ်ပြီး သင်တန်းတွေ ဖွင့်လှစ်ဖို့ပေါ့။ ကျွန်မတို့ ပုံပြင်တွေကို ပြောပြဖို့ စိတ်အားထက်သန်တဲ့ လူတွေအတွက်ပါ။ ပုံပြင်တွေက အရေးပါပါတယ်။ များစွာသော ပုံပြင်တွေက အရေးပါပါတယ်။ သူများကို ရှင်းထုတ်ဖို့၊အပုပ်ချဖို့ ပုံပြင်ကိုအသုံးပြုကြပါတယ်။ ဒါပေမဲ့လည်း ပုံပြင်တွေနဲ့ လူထုယဉ်ကျေးအောင် စိတ်အားထက်သန်အောင် လုပ်လို့ရပါတယ်။ ပုံပြင်တွေက ဂုဏ်သိက္ခာကို ချိုးဖျက်နိုင်ပါတယ်။ ဒါပေမဲ့လည်း ပုံပြင်တွေက ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာကို ပြန်ပြုပြင်နိုင်ပါတယ်။ အမေရိကန် စာရေးဆရာ Alice Walker က တောင်ပိုင်းကနေ မြောက်ပိုင်းကို ရွှေ့ပြောင်းသွားတဲ့ သူမရဲ့ ဆွေမျိုးအကြောင်းကို ရေးသားခဲ့ပါတယ်။ သူမ သူတို့ကို သူတို့ စွန့်ခွာခဲ့တဲ့ တောင်ပိုင်း ဘဝလေး အကြောင်းရေးထားတဲ့ စာအုပ်လေး နဲ့ မိတ်ဆတ်ခဲ့ပါတယ်။ "သူတို့က ပတ်လည် ထိုင်ကြတယ်။ စာအုပ်ဖတ်ရင်း တစ်ဖက်က ကျွန်မ စာအုပ်ဖတ်ပြတာကို နားထောင်ရင်းနဲ့ပေါ့။ ပြီးရင် ပျော်ရွင်မှု ပြန်လည်ရရှိသွားပါတယ်။" ကျွန်မ ဒီအတွေးလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ ကျွန်မတို့ တစ်ပုဒ်တည်းသော ပုံပြင်ကို စွန့်ပစ်တဲ့အခါ ကျွန်မတို့ ဘယ်နေရာဘဲဖြစ်ဖြစ် တစ်ပုဒ်တည်းသော ပုံပြင်ဆိုတာမရှိဘူးလို့ သိရှိလာတဲ့အခါ ကျွန်မတို့ ပျော်ရွှင်မှု ပြန်လည် ရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)