ပြောင်းဖူးဟာ လက်ရှိကမ္ဘာ့စိုက်ပျိုးရေးရဲ့ ဆယ်ပုံတစ်ပုံကို လွှမ်းမိုးထားပါတယ်။ အမေရိကန်ပြည်ထောင်စုက ပြောင်းခင်းတွေဟာ ဂျာမနီတပြည်လုံးကိုတောင် ဖုံးထားနိုင်ပါတယ်။ သို့သော် တခြားသီးနှံတွေကို အမျိုးအစားမျိုးစုံ စိုက်ပျိုးကြပေမဲ့ ပြောင်းဖူးကိုတော့ Yellow Dent #2 ဆိုတဲ့ မျိုးတစ်ခုတည်းကိုပဲ ၉၉ % စိုက်ကြတယ်။ ပြောရမယ်ဆိုရင်တော့ Yellow Dent #2 ဆိုတဲ့ ပြောင်းဖူးမျိုးကို တခြားအပင်တွေထက် ပိုပြီးစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဆိုတော့ကာ ဒီမျိုးအစား တစ်ခုတည်းက ဘယ်လိုလုပ်ပြီး ကမ္ဘာ့စိုက်ပျိုးရေးသမိုင်းမှာ အကြီးဆုံး အောင်မြင်လာခဲ့တာလဲ? ပြောင်းဖူး (Corn ခေါ် Maize) ဟာ လွန်ခဲ့တဲ့နှစ် ၉၀၀၀ လောက်က အမေရိကတိုက်အလယ်ပိုင်းက Teosinte ဆိုတဲ့ မြက်မျိုးရင်းကနေ လူတွေနဲ့ရင်းနှီးလာတာပါ။ သူ့ရဲ့အစေ့ဟာ အရမ်းမာပြီး စားဖို့ခက်ပေမဲ့ သူ့ရဲ့အမွှေးများတဲ့အခွံကို လူ့အသုံးအဆောင်တွေ တီထွင်ဖန်တီးပါတယ်။ နောင်နှစ်ပေါင်း ၄၇၀၀ ကျော်မှ လယ်သမားတွေက အူတိုင်အလုံးကြီးပြီး အသားများတဲ့ စားလို့ရတဲ့ပြောင်းအဖြစ် မွေးနိုင်ခဲ့တယ်။ အမေရိကတိုက်အနှံ့ ပျံ့နှံ့လာတဲ့အခါမှာတော့ ဒေသခံလူမျိုးတွေက စိုက်ပျိုးရေးကို ဖန်တီးပေးတဲ့နတ်ဘုရား၊ ပြောင်းမိခင် အဖြစ် အလေးထားကိုးကွယ်ကြပါတယ်။ ဥရောပသားတွေ အမေရိကားရောက်လာတော့ ပြောင်းကို စိမ်းနေလို့ ရှောင်ရှားခဲ့ပါတယ်။ တချို့တွေကလည်း ဒေသခံတွေနဲ့ မိမိတို့ဥရောပသားတွေ ယဉ်ကျေးမှုမတူဘူး ဆိုပြီး ပစ်ပယ်ခဲ့ကြတယ်။ သို့သော်လည်း၊ ဥရောပက စားပင်တွေကို အမေရိကမှာ ဘယ်လိုမှ စိုက်လို့မရတဲ့အခါမှာ ပြောင်းကို စမ်းစားကြည့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သူတို့အကြိုက်အရသာဖြစ်လာတဲ့အခါမှာ ပြောင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဥရောပကို ရောက်ရှိလာခဲ့ပါတယ်။ ဥတုမရွေး ရှင်သန်နိုင်တဲ့ သူ့အစွမ်းကြောင့် ပြောင်းဟာ ဥရောပမှာ ထင်ရှားလာပါတယ်။ သို့သော် အမေရိကကတော့ ကမ္ဘာ့ပြောင်းစျေးကွက် အချက်အခြာ ဖြစ်နေပါသေးတယ်။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွေက အမေရိကန်ပြည်နယ်တွေ ဒေသတွေမှာ အရသာရော အရွယ်ပါမတူညီတဲ့ ပြောင်းမျိုးတွေကို မတူညီစွာ စိုက်ပျိုးခဲ့ကြပါတယ်။ သို့သော် ၁၈၅၀ ပြည့်နှစ်တွေမှာတော့ ဒီလိုမတူတဲ့မျိုးတွေကြောင့် ရထားကုမ္ပဏီတွေ၊ ကုန်သည်တွေအနေနဲ့ ထုတ်ပိုးသယ်ယူရောင်းချဖို့ ခက်ခဲလာစေတာမို့ ချီကာဂိုလို ရထားလမ်းဆုံမြို့တွေက ကုန်သည်အဖွဲ့တွေက လယ်သမားတွေကို စံတစ်မျိုးတည်းသာ စိုက်ကြဖို့ တိုက်တွန်းလာပါတယ်။ ၁၈၉၃ ခုနှစ် World’s Fair မှာတော့ ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ James Reid ရဲ့ yellow dent ပြောင်းမျိုးဟာ ဖဲကြိုးပြာဆု ဆွတ်ခူးခဲ့ပါတယ်။ နောင်နှစ် ၅၀ ကျော်မှာ yellow dent မျိုးဟာ အမေရိကန်တစ်နိုင်ငံလုံး ခြုံလွှမ်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် နည်းပညာတွေတိုးတက်လာတဲ့အခါ စက်မှုလယ်ယာ ရိတ်သိမ်းစက်တွေ အသုံးများလာခဲ့ပါတယ်။ အရင်ကတစ်ရက်လုံး လက်နဲ့ရိတ်ရတဲ့ ပြောင်းခင်းကို ငါးမိနစ်နဲ့ အပြီးရိတ်နိုင်ခဲ့ပါတယ်။ စစ်သုံးနည်းပညာတစ်ခုဖြစ်တဲ့ ဗုံးလုပ် ammonium nitrate ဟာလည်း လယ်ယာတွေအတွက် ဓာတ်မြေသြဇာအဖြစ် အသုံးဝင်လာပြီး ခေတ်တစ်ခုဖြစ်လာပါတယ်။ ဓာတ်မြေသြဇာကြောင့် မြေကို ပြန်ပြင်စရာ၊ အချိန်ပေးစရာ မလိုတော့ပဲ ထူထဲလှတဲ့ပြောင်းခင်းကြီးတွေ နှစ်စဉ်စိုက်လို့ ရသွားပါတယ်။ ဒီလို ခေတ်မှီနည်းပညာတွေကြောင့် ပြောင်းကို အမေရိကန်လယ်သမားတွေ စိတ်ဝင်စားလာပေမယ့် အစိုးရက စျေးနှုန်းတည်ငြိမ်အောင် ပြောင်းစိုက်ပျိုးပမာဏကို ကန့်သတ်ထားခဲ့ပါတယ်။ ၁၉၇၂ မှာ ဆိုဗီယက်ပြည်ထောင်စုကို ပြောင်းအကြီးအကျယ် တင်ပို့ကာမှ အမေရိကန်သမ္မတနစ်ဆင်က ဒီကန့်သတ်ချက်ကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒီလို ကုန်သွယ်လမ်းသစ်တွေနဲ့ စစ်သုံးနည်းပညာတွေကြောင့် ပြောင်းထုတ်လုပ်မှုဟာ ကမ္ဘာ့ဖြစ်စဉ်တစ်ခုထိ ထင်ရှားလာခဲ့ပါတယ်။ ဒီလိုပေါများလှတဲ့ ပြောင်းဖူးတွေနဲ့အတူ ပြောင်းအသုံးဝင်ပုံတွေကလည်း များပြားလာပါတယ် ပြောင်းမှုန့်ကို ဓာတ်ဆီကနေ ကော်ထုတ်တဲ့အထိ Thickening Agent အဖြစ် အသုံးပြုလာသလို Fructose မြင့် အချိုရည်အနေနဲ့ စျေးချိုစွာ ထုတ်လုပ်နိုင်လာပါတယ်။ ပြောင်း (Maize) က ကမ္ဘာ့စျေးအပေါဆုံး တိရိစ္ဆာန်အစာ ဖြစ်လာပြန်ပါတယ်။ ဒါ့ကြောင့် အသားထုတ်လုပ်မှုစရိတ် ကျဆင်းလာသလို တဖက်မှာလည်း အသားနဲ့ ပြောင်း လိုအပ်မှုပမာဏ မြင့်တက်လာပါတယ်။ ယနေ့ခေတ်မှာ လူတွေဟာ စိုက်သမျှပြောင်းရဲ့ ၄၀ ရာနှုန်းကိုပဲ စားပြီး ကျန် ၆၀ ရာနှုန်းကတော့ တခြားထုတ်ကုန်တွေအတွက် သုံးနေပါတယ်။ ပြောင်းသီးနှံရဲ့ အံ့မခန်းအောင်မြင်မှုအတွက် ပြန်ပေးဆပ်ရတာတွေတော့ ရှိပါတယ်။ ပြောင်းခင်းတွေက ပိုလျှံဓာတ်မြေသြဇာတွေဟာ ကမ္ဘာ့ရေထုကို ညစ်ညမ်းစေသလို အသားထုတ်လုပ်မှု များပြားလာတာနဲ့အတူ စိုက်ပျိုးရေးတွေထဲက ပြောင်းဟာ ကာဘွန်ထုတ်လွှတ်မှု အများဆုံးဖြစ်လာပါတယ်။ ပြောင်းကထုတ်တဲ့အချိုရည် သုံးတာကလည်း ဆီးချိုနဲ့ အဝလွန်တာတွေ ဖြစ်လာစေပါတယ်။ ပြောင်းတစ်မျိုးတည်းကို တစိုက်မတ်မတ် စိုက်ပျိုးနေတာကလည်း အဖျက်ပိုးအန္တရာယ်အရမ်းကြီးမားနေပြီး ပြောင်းကို ဖျက်တဲ့ပိုးတစ်မျိုးတည်းက လူသားအားလုံးကို ဒုက္ခပေးသွားနိုင်ပါတယ်။ ပြောင်းဟာ ချုံမြက်သာသာ ဘဝကနေ ကမ္ဘာထုတ်ကုန်တွေရဲ့ အရေးပါတဲ့အရာ ဖြစ်လာပါပြီ။ ဒါပေမဲ့ ဘယ်လောက်ထိခံမလဲ ဆိုတာကတော့ အချိန်ကသာ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။