ကျွန်မရဲ့လက်ရာကနေ ရာသီဥတု ပြောင်းလဲမှုရဲ့ အရေးတကြီးဖြစ်မှုကို သိရှိစေဖို့ ကျွန်မ ဘဝရဲ့ တာဝန်လို့ ဆင်ခြင်မိပါတယ်။ အာတိတ် မြောက်ဘက်ဆီ ဝင်ရိုးစွန်း အရည်ပျော်တဲ့ အဖြစ်ကို ပြတဲ့ ဇာတ်လမ်းကို ရိုက်ယူဖို့ တောင်ဘက်ကို နောက်ဆက်တွဲ ပင်လယ်ရေ မြင့်တာ မှတ်တမ်းတင်ဖို့ ခရီးထွက်ဖူးတယ်။ သိပ်မကြာခင်က Greenland ရဲ့ ရေခဲဖုံးတဲ့ ကမ်းခြေနဲ့ Maldives ရဲ့ မြေနိမ့်ပိုင်း ကျွန်းတွေကို လည်ပတ်ခဲ့တယ်။ နှိုင်းယှဉ်မရအောင် ခြားနားပုံရပေမဲ့ တူညီတဲ့ ဘေးသင့်နေတဲ့ ကျွန်မတို့ ကမ္ဘာရဲ့ အပိုင်း နှစ်ခု ဆက်စပ်ခြင်းပါ။ ကျွန်မရဲ့ ပုံတွေဟာ ကူးပြောင်းခြင်း လှိုင်းထန်ခြင်းနဲ့ ငြိမ်သက်ခြင်းရဲ့ တဒင်္ဂကာလတွေကို စူးစမ်းရှာဖွေပါတယ်၊ ကြည့်ရှုသူတွေကို ကိုယ်ဘယ်တော့မှ လည်ပတ်ခွင့် မရှိနိုင်လောက်တဲ့ နေရာတစ်ခုနဲ့ စိတိပိုင်းအရ ဆက်စပ်ခွင့်ပေးရင်းပေါ့။ အကြီးအကျယ် ပျက်စီးတာကို ဆန့်ကျင်ပြီး အလှအပကို သိစေဖို့ ရွေးထားတယ်။ ဒီရှုခင်းတွေရဲ့ သိမ်မွေ့နူးညံ့မှုကို သင်ခံစားနိုင်တယ်ဆိုရင် ဖြစ်နိုင်တာက သင့်မှာဒါတွေကို ကာကွယ်၊ ထိန်းသိမ်းလိုစိတ် ဖြစ်ပေါ်လာမှာပါ။ အပြုအမူပိုင်း စိတ်ပညာက ပြောတာက ကျွန်တော်တို့ဟာ ဒီပြင်အရာ အားလုံး အထက်က စိတ်ခံစားမှုတွေကို အခြေခံပြီး အရေးယူ၊ ဆုံးဖြတ်ချက်ချတာပါတဲ့။ လေ့လာမှုတွေက ပြတာက အနုပညာဟာ ထိတ်လန့်စရာ သတင်းတွေထက် ကျွန်မတို့ စိတ်ခံစားမှုတွေကို လက်တွေ့အားဖြင့် ပိုပြီး သက်ရောက်စေပါတယ်တဲ့။ ကျွန်ကျင်သူတွေ ခန့်မှန်းတာက ၂၀၂၀ အစောပိုင်းလောက်မှာ အာတိတ်နွေရာသီတွေဟာ ရေခဲကင်းမဲ့မယ်တဲ့။ ရာစုအကုန်လောက်မှာ ပင်လယ်ရေမျက်နှာပြင် တွေဟာ နှစ်ပေက ဆယ်ပေအတွင်း မြင့်တက် လာနိုင်ခြေရှိတယ်။ ကျွန်မအလုပ်ကို ဒီခန့်မှန်းခြေတွေကို နားလည် လွယ်တဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုနဲ့ မီးမောင်းထိုးပြဖိူ့ ရည်စူးထားပါတယ်။ ကိန်း ဂဏန်းတွေက ကျွန်မတို့ကို မတွန်းနိုင်လောက်တဲ့ နည်းလမ်းတစ်ခုပေါ့။ ကျွန်မရဲ့ လုပ်ငန်းစဉ်ကို ရုာသီဥတု ပြောင်းလဲမှုရဲ့ ရှေ့တန်းက နေရာတွေကို ခရီးထွက်ရင်း စတင်ခဲ့ပါတယ်။ နေရာမှပဲ ထောင်ချီတဲ့ ဓာတ်ပုံတွေရိုက်ပါတယ်။ စတူဒီယိုထဲပြန်တယ်၊ အရမ်း ကြီးမားတဲ့ အကြီးစား အခင်းအကျင်း တွေဖန်တီးဖို့ ကိုယ့်အတွေ့အကြုံ မှတ်ဉာဏ်၊ ဓာတ်ပုံ နှစ်မျိုးစလုံးကနေ လုပ်ကိုင်ပါတယ်။ တစ်ခါတစ်လေ အကျယ် ၁၀ ပေကျော်တယ်။ ရောင်စုံမြေဖြူအနုတွေနဲ့ ဆွဲပါတယ်၊ မီးသွေး ခဲလို ခြောက်ပေမဲ့ အရောင်တွေနဲ့ပါ။ ကိုယ့်လက်ရာကို ပုံကြမ်းတွေလို့ တွေးပေမဲ့ သူများတွေက ပန်းချီကားတဲ့။ ကျွန်မကို လက်ချောင်း "ပန်းချီဆရာမ" လို့ ထုတ်ပြောတာတော့ တွန့်မိတယ်။ (ရယ်သံများ) ဒါပေမဲ့ ဘာကိရိယာမှ ကျွန်မ မသုံးပါဘူး၊ စာရွက်ပေါ်က ဆေးရောင်ကို ကိုင်တွယ်ဖို့ လက်ချောင်းတွေ၊ လက်ဖဝါးတွေကို အမြဲသုံးပါတယ်။ ကျွန်မအတွက် ပုံဆွဲခြင်းဟာ ကမ္မဋ္ဌာန်းပွားတဲ့ ပုံစံတစ်ခုပါ။ ဒါက စိတ်ကို ဆိတ်ငြိမ်စေပါတယ်။ ကျွန်မရေးဆွဲနေတာကို ရေခဲ (သို့) ရေ အဖြစ် မမြင်မိဘူး။ ဒီအစား ရုပ်ပုံကို ၎င်းရဲ့ အရောင်နဲ့ အသွင်ရဲ့ အခြေခံအကျဆုံး သဏ္ဍာန်ထိ တစ်စစီဖြုတ်ချလိုက်တာပါ။ လက်ရာပြီးပြီ ဆိုတာနဲ့ နောက်ဆုံး အခင်းအကျင်းကို တစ်ခုလုံး အဖြစ် တွေ့ကြုံခံစားနိုင်ပါတယ်၊ ရေခဲစိုင်တစ်ခု ဖန်ရောင်ထနေတဲ့ ရေထဲ မျောလွင့်နေသလို ဒါမှမဟုတ် အမြှပ်နဲ့ လှိုင်းခေါင်းဖြူတစ်ခုပေါ့၊ ပျမ်းမျှအားဖြင့် ဒီအရွယ် လက်ရာတစ်ခု ဟာ မြင်တဲ့အတိုင်း ကျွန်မအတွက် ၁၀ စက္ကန့်လောက်ကြာတာပါ။ (ရယ်သံများ) (လက်ခုပ်သံများ) တကယ်က ဒီအရွယ်မျိုးအတွကိ နာရီ ၂၀၀ ၊ ၂၅၀ ကျော်လောက်ပေါ့။ ဒါပေမဲ့ တကယ်တော့ ရောင်စုံ စကိုင်နိုင်ကတည်း ဆွဲနေခဲ့တာပါ။ အမေက ပန်းချီဆရာမဖြစ်ပြီး ကြီးလာတော့ တစ်အိမ်လုံးမှာ အနုပညာ အထောက်အပံ့တွေ ရခဲ့ပါတယ်။ အမေရဲ့ ဓါတ်ပုံပညာ မြတ်နိုးမှုက သူမကို အဝေးလံဆုံး ကမ္ဘာ့ ဒေသတွေဆီ သူမကို တွန်းပို့ပေးခဲ့ကာ မိသားစုနဲ့ ကျွန်မဟာ ဒီစွန့်စားမှုတွေမှာ ပါဝင်ပြီး သူမကို ထောက်ပံ့ရအောင်ကို ကံအတော်ကောင်းခဲ့တာပေါ့။ အာဖရိက မြောက်ပိုင်းမှာ ကုလားအုတ်တွေ စီးခဲ့ပြီး မြောက်ဝင်ရိုးစွန်းနားမှာ ခွေးစွပ်ဖား တွေပေါ် ဒရွတ်ဆွဲခဲ့တယ်။ ၂၀၁၂ ဩဂုတ်မှာ ပန်းချီပညာရှင်တွေနဲ့ ပညာရှင်အဖွဲ့ကို Greeland ရဲ့ အနောက်မြောက် ကမ်းခြေထိ ခေါ်ဆောင်တဲ့ကျွန်မရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးခရီးကို ဦးဆောင်ခဲ့တယ်။ မူလက ဒီခရီးကို ကျွန်မအမေက ဦးဆောင်ဖို့ပါ။ အတူတူ သွားဖို့ ရည်ရွယ်ခဲ့တဲ့ အတွက် အမေနဲ့ ကျွန်မဟာ စီစဉ်တာရဲ့ အစအဦး အဆင့်တွေမှာပဲ ရှိသေးတုန်း သူမဟာ ဦးနှောက်ကင်ဆာရဲ့ သားကောင်ဖြစ်သွားခဲ့တယ်။ ကင်ဆာက သူမရဲ့ ကိုယ်နဲ့ စိတ်ကို ရုတ်ချည်း အနိုင်ယူသွားပြီး ခြောက်လအကြာမှာ ကွယ်လွန်သွားရှာပါတယ်။ ဒါပေမဲ့ သူမ နာမကျန်းတဲ့ လတွေအတွင်းမှာ လေ့လာရေး ခရီးအပေါ် သူ့ ရည်စူးချက်က လုံးဝ မယိမ်းယိုင်တော့ သူ့နောက်ဆုံးခရီးကို လုပ်ဆောင်ဖို့ ကတိပြုလိုက်တယ်။ အာတိတ်အတွက် အမေ့ရဲ့ ထက်သန်မှုဟာ Greenland က ကျွန်မအတွေ့ အကြုံကနေ ပဲ့တင်ရိုက်ပြီး မြေပြင်ရှုခင်းရဲ့ စွမ်းအားနဲ့ မခိုင်ခံ့မှုကို ခံစားရပါတယ် ရေခဲစိုင်တွေရဲ့ ကြီးမားလှတဲ့ အရွယ်အစားဟာ ကျိုးနွံလျက်ပါ။ ရေခဲပြင်တွေဟာ ကျွန်မတစ်ခါမှ မမျှော်လင့်မိတဲ့ နည်းလမ်းတစ်ခုမှာ လှုပ်ရှားမှု၊ အသံတွေနဲ့အတူ အသက်ဝင်နေတယ်။ ကျွန်မ တွေ့ကြုံခဲ့တဲ့ တူညီတဲ့ အံအားသင့်မှု သဘော ပေးဖို့ ကျွန်မရဲ့ အခင်းအကျင်းတွေရဲ့ အရွယ်ကို ချဲ့ခဲ့တယ်။ ဒါပေမဲ့ ရေခဲရဲ့ ခမ်းနားမှုဟာ ပေါ်လွင်ပေမဲ့ ၎င်းရဲ့ ခုခံနိုင်စွမ်းကလည်း ထို့အတူပါ။ ကျွန်မတို့ လှေပေါ်ကနေ မတန်တဆ ပူနွေးတဲ့ နေအောက်မှာ ချွေးထွက် နေတဲ့ ရေခဲကို တွေ့နိုင်ခဲ့ပါတယ်။ အခု ဧရာမ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့ Greenland က Inuit လူနေရပ်ကွက် အများကြီးကို လည်ပတ်ခွင့်ရခဲ့တယ်။ ဒေသခံတွေ ကျွန်မကိုပြောတာက တစ်ခါက အေးခဲခဲ့ဖူးတဲ့ ကျယ်ပြန့်တဲ ပင်လယ်ရေခဲပြင်တွေဟာ မအေးခဲတော့ဘူးတဲ့။ ရေခဲမရှိတော့ သူတို့ အမဲလိုက်တဲ့နဲ့ ရိတ်သိမ်းတဲ့ အကွက်တွေဟာ အကြီးအကျယ် လျော့သွားကာ ဘဝရှင်သန်မှု နဲ့ ရှင်ကျန်မှုကို ခြိမ်းခြောက်နေပါတယ်။ Greenland က အရည်ပျော်နေတဲ့ ရေခဲမြစ်တွေက ပင်လယ်ရေ မြင့်တက်ခြင်းကိုဖြစ်စေတဲ့ အကြီးမားဆုံး အကြောင်းအချက်တစ်ခုပါ။ ဒါက ကမ္ဘာ့ အနိမ့်ပိုင်းအဖြစ်ဆုံး ကျွန်းတစ်ချို့ကို စပြီးနှစ်မြှပ်ပြီးပါပြီး Greenland ခရီးအပြီး တစ်နှစ်အကြာမှာ Maldives ကို အလည်ရောက်ခဲ့တယ်၊ တစ်ကမ္ဘာလုံးမှာ အနိမ့်ဆုံးနဲ့ အပြန့်ပြူးဆုံး နိုင်ငံပါ။ အဲဒီမှာရှိတုန်း လက်ရာရဲ့ ကိုယ်ထည် သစ်အတွက် ပုံရိပ်တစ်ချို့နဲ့ စေ့ဆော်မှုကို စုစောင်းခဲ့တယ်။ ဒီရာစုနှစ်အတွင်းမှာ လုံးဝကို ရေ အောက်ရောက်သွားနိုင်တဲ့ နိုင်ငံတစ်ခုရဲ့ ကမ်းခြေပေါ်ကို တဖျပ်ဖျပ်ရိုက်နေတဲ့ လှိုင်းတွေရဲ့ ပုံတွေပါ၊ အကြီးအကျယ် ပျက်စီခြင်း ဖြစ်ရပ်တွေ ကမ္ဘာနဲ့ရော ပုဂ္ဂိုလ်ရေး နှစ်ရပ်လုံးမှာ နေ့စဉ် ဖြစ်နေပါတယ်။ Greenland မှာ ရှိစဉ် အမေ့ရဲ့ ပြာတွေကို အရည်ပျော်နေတဲ့ ရေခဲတွေကြားမှာ ကြဲခဲ့ပါတယ်။ အခုတော့ သူမဟာ သူမအရမ်းမြတ်နိုးတဲ့ ရှုခင်းရဲ့ အစိတ်အပိုင်း ဖြစ်ကျန်နေပါတယ်။ ဒါဟာလည်း ပျက်ပြယ်ပြီး ပုံစံသစ်ဖြစ်သွားမယ်ဆိုတောင်ပါ။ အမေပေးခဲ့ဖူးတဲ့ လက်ဆောင်များစွာအနက် တစ်ခုက အပျက်သဘောထက် အပြုသဘောကို အာရုံစိုက်နိုင်စွမ်းပါ။ ကျွန်မဆွဲထားတာတွေက ကျွန်မတို့ ဆုံးရှုံး နိုင်လောက်တာရဲ့ အလှကို ချီးကျူးဖို့ပါ။ မျှော်လင့်တာက ပြောင်းလဲခြင်းထဲက ရှုမော ဖွယ်ရှုခင်းတွေရဲ့ မှတ်တမ်းအဖြစ် ဖြည့်ဆည်း နိုင်ကာ အနာဂတ်အတွက် အရေးယူ ဆောင် ရွက်ဖို့ ကူးပြောင်းမှုကို မှတ်တမ်းတင်ပြီး ကမ္ဘာ့ အသိုင်းအဝိုင်းကို စေ့ဆော်ပေးခြင်းပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)