စစ်ပွဲတွေကို တားဆီးကူညီဖို့ ရာစုဝက်အတွင်းမှာ ကြိုးပမ်းရင်း ကျွန်မစိတ်ထဲမှ ထွက်မသွားတဲ့ မေးခွန်းရှိတယ်၊ အင်မတန် ပြင်းထန်တဲ့ အင်အားကို တန်ပြန်လျက်အင်အားကို မသုံးပဲနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူမဆန်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကလေးတစ်ဦး ကစားကွင်းမှာ အနိုင်ကျင့်သူကို ရင်ဆိုင်တာပဲဖြစ်ဖြစ်၊ ပြည်တွင်း အကြမ်းဖက်မှုပဲ ဖြစ်ဖြစ်၊ ဒီနေ့ Syria ရဲ့ လမ်းတွေပေါ်မှာ ရင်ဆိုင်နေရတဲ့ တင့်ကားတွေ၊ အမြှောက်ဆန်တွေပဲ ဖြစ်ဖြစ် အထိရောက်ဆုံး လုပ်ဖို့အရာက ဘာလဲ။ ပြန်တိုက်မလား၊ အလျှော့ပေးမလား။ အင်အားပိုသုံးမလား။ ဒီမေးခွန်းဖြစ်တဲ့ "အနိုင်ကျင့်သူတစ်ဦးကို လူရမ်းကား ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ" ဆိုတာဟာ ကလေးဘဝထဲက ကျွန်မနဲ့အတူ ရှိခဲ့တာပါ။ ကျွန်မ ၁၃ နှစ်လောက်တုန်းက အစက်အပြောက်ထနေတဲ့ အဖြူအမည်း တီဗီကို မျက်စိက မခွာတမ်း ကြည့်နေတာကို မှတ်မိသေးတယ်။ ဆိုဗီယက်တင့်ကားတွေ ဘူဒါပတ်စ် ကို လှိမ့်ဝင်အလာ ကျွန်မထက် အရမ်းကြီးတဲ့ ကလေးတွေဟာ တင့်ကားတွေဆီ စုံပစ်ဝင်နေကြပြီး အပြုံလိုက်ကြီး အသေခံနေကြတယ်။ ကျွန်မလည်း အပေါ်ထပ်ကို ပြေးတက်ပြီး ကိုယ့်သေတ္တာကို ထုပ်ပိုးတော့တာပေါ့။ အမေတက်လာပြီး ပြောတာက " ဟဲ့ နင်ဘာတွေလုပ်နေတာတုန်း" ကျွန်မက " ဘူဒါပတ်စ် သွားမလို့ပါ။" ပြီးတော့ အမေက " ဘာအတွက်တုန်း အေ။" ကျွန်မက "အဲဒီမှာ ကလေးတွေ အသေခံနေကြတယ်။ ဆိုးဆိုးဝါးဝါး တစ်ခုတော့ ဖြစ်နေတယ်။" ဒီတော့သူမက " ဒီလောက် မရူးစမ်းပါနဲ့ အေ။" ဒါနဲ့ ကျွန်မ စငိုပါလေရော။ ဒါကို သူမ သိတော့ ပြောတာက "ကောင်းပြီ၊ ဒါဟာ အရေးပါကြီးပေမဲ့ နင်ဟာ ကူညီပေးဖို့ ငယ်လွန်းပါတယ်။ သင်ပေးဖို့လိုတယ်၊ ငါကူညီပါ့မယ်။ ဒါပေမဲ့ နင့်သေတ္တာကို ရှင်းလိုက်ဦး။" ဒီလိုနဲ့ ကျွန်မ လေ့ကျင့်လိုက်ပြီး ကျွန်မရဲ့ အသက် ၂၀ အများစုကို အာဖရိကမှာ သွား အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မသဘောပေါက်ခဲ့တာက ကျွန်မတကယ် သိဖို့လိုတာကို သင်တန်းတွေကနေ မရနိုင်ဘူးဆိုတာပါ။ အကြမ်းဖက်တာဟာ ဘယ်လို၊ ဖိနှိပ်မှုဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်ချင်ခဲ့တယ်။ အဲဒီကတည်းက ကျွန်မ ရှာဖွေတွေ့ရှိတာက၊ အနိုင်ကျင့်သူတွေဟာ အကြမ်းဖက်တာကို နည်း ၃ နည်းနဲ့ အသုံးပြုတယ်။ ခြိမ်းခြောက်ဖို့ နိုင်ငံရေး အကြမ်းဖက်မှုကို သုံးတယ်။ အထိတ်တလန့်ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသုံးတယ်။ စိတ်ယိမ်းယိုင်သွားဖို့ စိတ်ပိုင်း (သို့) စိတ်ခံစားမှုဆိုင်ရာ အကြမ်းဖက်မှုသုံးတယ်။ ပြီးတော့ အင်မတန်ရှားပါးတဲ့ ကိစ္စအချို့မှာ ပိုပြီး အကြမ်းဖက်တာကို သုံးကြတယ်။ နယ်လ်ဆင် မန်ဒဲလား ဟာ အကြမ်းဖက်တာကို ယုံကြည်ရင်းနဲ့ ထောင်ကျခဲ့ပြီး နောက် ၂ရ နှစ်အကြာမှာ သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ တဖြည်းဖြည်း၊ ဂရုတစိုက်နဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ကမ္ဘာပေါ် မှာ အရက်စက်ဆုံး အစိုးရတွေထဲက တစ်ခုလို့သိထားတဲ့ အစိုးရကို ဒီမိုကရေစီ အသွင်ပြောင်းဖို့ လိုအပ်တဲ့ မယုံနိုင်စရာ ကျွမ်းကျင်မှုတွေကို သွေးယူခဲ့တယ်။ ဒါကို အကြမ်းမဖက်ရေးကို လုံးဝ ရည်စူးချက်နဲ့ လုပ်ခဲ့ကြတယ်။ အင်အားကို အင်အားသုံး ဆန့်ကျင်တာဟာ အလုပ်မဖြစ်ဘူးဆိုတာ နားလည်ခဲ့ကြတယ်။ ဒီတော့ အလုပ်လုပ်တာက ဘာလဲ။ တကယ်ကို အလုပ်ဖြစ်တဲ့နည်းပေါင်း ဒါဇင်ဝက်လောက်ကို စုလိုက်တယ်။ တကယ်တော့ အလုပ်ဖြစ်ပြီး၊ ထိရောက်တာတွေ အများကြီး ရှိပါသေးတယ်။ ပထမဆုံးတစ်ခုက ဖြစ်ဖို့လိုတဲ့ အပြောင်းအလဲကို ဟောဒီမှာ ဖြစ်ဖို့လိုတာပါ။ ကျွန်မ ကိုယ်ရဲ့ အတွင်းမှာလေ။ ဒါဟာ ကျွန်မထိန်းချုပ်ထားတဲ့ ဖိနှိပ်မှုကို ကျွန်မရဲ့ တုံပြန်မှု၊ ကျွန်မရဲ့ သဘောထားဖြစ်ပြီး ကျွန်မလုပ်နိုင်တာ တစ်ခုခုပါ။ ကျွန်မ ဖွံ့ဖြိုးဖို့ လိုအပ်တာက ဒါလုပ်ဖို့ ကိုယ့်ကိုယ်ကို အသိရှိဖို့ပါ။ ဆိုလိုတာက ကိုယ်ပြိုလဲတဲ့အခါ ဘယ်လို အရှိန်မပျက် ဆက်လုပ်ရမယ်ဆိုတာ သိဖို့လိုတာပါ။ ကိုယ့်ရဲ့ အထင်ကြီးစရာ အချက်တွေ ဘယ်မှာ၊ ကိုယ့်ရဲ့ ပိုအားနည်းတဲ့အချက်တွေက ဘယ်မှာ ဘယ်အချိန်မှာ လက်လျှော့ရမလဲ။ ဘာအတွက် ကိုယ်ရပ်တည်မလဲ။ အလေးအနက် ဆင်ခြင်ခြင်း (သို့) မိမိကိုယ်ကို စစ်ဆေးခြင်းဟာ နည်းလမ်းတွေထဲက တစ်ခု ထပ်ပြောရရင် တစ်နည်းတည်းမဟုတ်ဘူး အတွင်းအားကိုရယူဖို့ နည်းလမ်းတွေထဲက တစ်ခုပါ။ ကျွန်မရဲ့ သူရဲကောင်းက.. Satish's လိုမျိုး မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။ သူမဟာ ရန်ကုန် လမ်းတွေပေါ်က ကန့်ကွက်ပွဲတစ်ခုမှာ ကျောင်းသားတစ်စုကို ဦးဆောင်နေခဲ့တာပါ။ သူတို့တွေဟာ လမ်းထောင့်ကိုလာပြီး စက်သေနတ် တစ်သီကြီးကို ရင်ဆိုင်ပါတယ်။ သူမ ချက်ချင်း နားလည်တာက သေနတ်မောင်းတွေပေါ်မှာ တုန်ယင်နေတဲ့ လက်ချောင်းတွေနဲ့ စစ်သားတွေဟာ သူမနောက်က ကျောင်းသားဆန့်ကျင် သူတွေထက် ပိုလန့်နေတာကိုပါ။ ဒါပေမဲ့ သူမက ကျောင်းသားတွေကို ထိုင်ခိုင်းလိုက်ပါတယ်။ နောက်ပြီး တည်ငြိမ်လှတဲ့ ၊ ပြတ်သားလှတဲ့ ပထမဆုံး သေနတ် တည့်တည့်ကိုသွားနိုင်လောက်တဲ့ လုံးဝ အကြောက်တရား ကင်းမှုနဲ့ ရှေ့ကို တက်သွားလိုက်ပြီး သူမရဲ့လက်ကို သေနတ်ပေါ် တင်လိုက်ကာ နိမ့်ချလိုက်ပါတယ်။ တစ်ယောက်မှ အပစ်သတ် မခံရဘူးလေ။ ဒီတော့ ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင် ခြင်းက စက်သေနတ်တွေကို ရင်ဆိုင်နိုင်ရုံမက လမ်းထဲမှာ ဓားတစ်ချောင်းနဲ့ တိုက်ခိုက်တာကြုံရင်လဲ တတ်နိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ဖို့တော့ လိုတာပေါ့နော်။ ဒီတော့ ကျွန်မတို့ရဲ့ ကြောက်ရွံ့မှုကရော။ ကျွန်မှာ ဂါထာလေးတစ်ပုဒ် ရှိတယ်။ ကျွန်မရဲ့ အကြောက်တရားဟာ ကျွန်မ ကျွေးတဲ့ စွမ်းအင်ပေါ်မှာ ဝဖြိုးလာတယ်။ ပြီးတော့ အရမ်း ကြီးထွားလာရင် ဒါက ဖြစ်တတ်တာပါ။ ဒီတော့ မနက် ၃ နာရီ ရောဂါလက္ခဏာစုကို အားလုံး သိကြပါတယ်။ ကိုယ်တွေး ပူနေတဲ့ တစ်ခုခုက ကိုယ့်ကို နှိုးတဲ့အခါမှာပေါ့၊ လူအများကြီးတွေ့ဖူးတယ်၊ တစ်နာရီလောက် လူးလိုက်၊ လှိမ့်လိုက်နဲ့လေ၊ ဒါက ပို ပို ဆိုးလာတော့ ၄ နာရီရောက်ရော အဲလောက်ကြီးတဲ့ သတ္တဝါကြီးကြောင့် ကိုယ်ဟာ ခေါင်းအုံးနဲ့ ပိညပ်နေတာလေ။ တစ်ခုတည်းသော လုပ်စရာက အိပ်ရာထပြီး လက်ဖက်ရည် တစ်ခွက်လောက်ဖျော်၊ ဘေးမှာ ကလေးတစ်ယောက်ရှိနေသလို ကြောက်ရွံ့ခြင်းနဲ့ အတူထိုင်လိုက်ရုံပဲ သင်ဟာ လူကြီးပါ။ ကြောက်ရွံ့မှုက ကလေးလေ။ ကြောက်ရွံ့မှုကို စကားပြောပြီး သူလိုချင်တာ၊ သူလိုအပ်တာ မေးလိုက်ပါ။ ဒါက ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မှာလဲ။ ကလေးက ဘယ်လို ပိုအားကောင်း နိုင်မလဲ။ အစီအစဉ်တစ်ခု သင် လုပ်ပေါ့။ သင်က " ကောင်းပြီ၊ ငါတို့ ပြန်အိပ်တော့မယ်။ ၇ နာရီခွဲမှာ ငါတို့ အိပ်ရာထမယ်၊ ငါတို့လုပ်မှာ ဒါပဲလေ။" ကျွန်မမှာ အဲဒီလိုဖြစ်စဉ် တစ်ခု တနင်္ဂနွေ မနက် ၃ နာရီမှာ ကြုံခဲ့တယ်။ ရှင်တို့ကို ပြောဖို့လာရာမှာ ကြောက်စိတ်နဲ့ မဝံ့မရဲ့ ဖြစ်ခဲ့တာပေါ့။ (ရယ်သံများ) ဒီတော့ ကျွန်မလုပ်ခဲ့တာက အိပ်ရာကထ၊ လက်ဖက်ရည်ဖျော်၊ ဒီစိတ်နဲ့ ထိုင်လိုက်တယ်၊ ဒါပဲလုပ်ပြီး ဒီမှာရောက်နေတယ်၊ တစ်စိတ်တစ်ဒေသ မဝံ့မရဲ ဖြစ်နေသေးပေမဲ့ ဒီမှာ ရှိနေပြီ၊ (လက်ခုပ်သံများ) ဒီတော့ ဒါက ကြောက်စိတ်၊ ဒေါသကျတော့ရော။ တရားမမျှတမှု ရှိရာမှာ ဒေါသဆိုတာရှိတယ်။ ဒါပေမဲ့ ဒေါသဟာ ဓာတ်ဆီလိုပဲလေ၊ ဒါကို ဘေးပတ်ဝန်းကျင်မှာ ဖြန်းလိုက်ပြီး တစ်ယောက်ယောက်က မီးခြစ်လိုက်ရင် တဟုန်းဟုန်း တောက်ရောလေ။ ဒါပေမဲ့ ဒေါသက အင်ဂျင်လို၊ အင်ဂျင်ထဲမှာ အားပြင်းတယ်၊ ဒေါသကို အင်ဂျင်ထဲထည့်နိုင်ရင်၊ ရှေ့ကို မောင်းပေးနိုင်တယ်လေ။ ကြောက်စရာ ကာလတွေကို ဖြတ်ကျော်စေပြီး တကယ့်အတွင်းအားကို ပေးနိုင်တယ်လေ။ ဒါကို နျူးကလီးယား လက်နက် မူဝါဒချမှတ်သူတွေနဲ့ လုပ်တဲ့ ကျွန်မ အလုပ်ထဲမှာ သင်ယူခဲ့တာပါ။ အကြောင်းက အစမှာ ကျွန်မဟာ ဒါတွေက ကျွန်မတို့ကို ထိတွေ့နေတဲ့ အန္တရာယ်တွေ နာကြည်းလွန်းတော့ ငြင်းခုံ၊ အပြစ်တင်ပြီး သူတို့ကို မှားအောင်လုပ်တယ်လေ။ လုံးဝကို မထိရောက်ဘူး။ ပြောင်းလဲခြင်းအတွက် ဆွေးနွေးမှုတစ်ခုကို တိုးတက်အောင်လုပ်ဖို့ရာမှာ ကျွန်မတို့ရဲ့ ဒေါသကို ကိုင်တွယ်ဖို့လိုတယ်။ ဒီဟာနဲ့ ဒေါသဖြစ်တာ ကိစ္စမရှိပါဘူး။ ဒီကိစ္စမှာတော့ နျူးကလီးယား လက်နက်တွေပေါ့.. ဒါပေမဲ့ လူတွေကို ဒေါသဖြစ်တာကျတော့ သုံးမရတော့ဘူးလေ။ သူတို့တွေဟာ ကျွန်မတို့လို လူသားတွေပဲလေ။ သူတို့ထင်တဲ့ အကောင်းဆုံးကို လုပ်နေတာပဲလေ။ ဒါကတော့ သူတို့နဲ့ဆွေးနွေးဖို့ အခြေခံပါ။ ဒီတော့ ဒါက တတိယ တစ်ခု၊ ဒေါသပါ။ ဒါက ကျွန်မကို ယနေ့ လောကမှာ ဆက်ဖြစ်တာတွေရဲ့ (သို့) ဆက်ဖြစ်မယ်လို့ သိမြင်တဲ့ ချက်ကျရာဆီ ခေါ်သွားတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ရာစုနှစ်ဟာ အာဏာကို အထက်ကနေ အောက် ထိန်းချုပ်တာပါ။ လူတွေကို ဘာလုပ်ဖို့ ပြောနေတဲ့ အစိုးရတွေ ရှိခဲ့တုန်းပါ။ ဒီရာစုမှာတော့ အပြောင်းအလဲ ရှိတယ်။ အောက်ကနေ အထက် (သို့) အခြေခံကျတဲ့ မာဏာပေါ့။ ကွန်ကရစ်က ထိုးထွက်လာတဲ့ မှိုပွင့်လိုပေါ့။ Bundy ခုနကပြောသလို အပြောင်းလဲဖြစ်ထွန်းဖို့ မိုင်တွေချီပြီး လူတွေကို တွဲဆက်ထားသလိုပေါ့။ Peace Direct အဖွဲ့ အစောကြီး သတိထားမိတာက အရမ်းကို ပြင်းထန်တဲ့ ပဋိပက္ခဖြစ်တဲ့ ဒေသက လူတွေဟာ ဘာလုပ်ဖို့လိုတာ သိတယ်ဆိုတာပါ။ ဘာကို အကောင်းဆုံး လုပ်ဖို့ဆိုတာ သူတို့သိတယ်။ ဒါနဲ့ Peace Direct က ဒါကိုလုပ်ဖို့ သူတို့နောက်က ရပ်တည်တယ်။ သူတို့လုပ်နေတဲ့ အမျိုးအစားက စစ်မှုထမ်းကနေ နှုတ်ထွက်ခြင်း၊ စီးပွားရေးကို ပြန်တည်ဆောက်ခြင်း၊ ဒုက္ခသည်တွေကို ပြန်နေရာချခြင်း၊ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာတောင်ပါတယ်။ ဒါကိုလုပ်ဖို့ နေ့တိုင်းနီးပါး သူတို့ အသက်တွေကို ရင်းဖို့ လိုပါတယ်။ သူတို့ သဘောပေါက် ထားတာက သူတို့လုပ်ဆောင်တဲ့ အခြေအနေတွေမှာ အကြမ်းဖက်နည်းကို သုံးတာဟာ လူတွေ အချင်းချင်း ဆက်သွယ်၊ ပြန်လည် တည်ဆောက်တဲ့ နည်းတွေ သုံးတာထက် လူသားဆန်မှု နည်းပါးရုံမက ထိရောက်မှုလည်း ပိုနည်းတယ် ဆိုတာပါ။ ပြီးတော့ U.S စစ်တပ်ဟာ နောက်ဆုံးမှာ ဒါကို စတင်တော့မယ်လို့ ထင်မိတယ်။ အခုလက်ရှိအထိ သူတို့ရဲ့ တန်ပြန် အကြမ်းဖက်မှုဟာ ဘာဖြစ်နေနေ သောင်းကျန်းသူ ဟူသမျှကို သတ်ဖို့ဖြစ်ကာ လမ်းမှာ အရပ်သားတွေပါသွားရင်တော့ "နှစ်ဦးနှစ်ဖက် ထိခိုက်မှုလို့ ရေးသားပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်ရဲ့ လူတွေအတွက် ဒေါသထွက်စရာ၊ အရှက်ရစရာ ဖြစ်လွန်းလို့ အယ်ကေးဒါး တပ်သားသစ် စုစောင်းတာဟာ အရမ်းလွယ် သွားစေတယ်လေ။ ဥပမာ Koran ကျမ်းကို မီးရှို့တာကြောင့် လူတွေဟာ အရမ်း စက်ဆုပ်တဲ့အခါမှာပေါ့။ ဒီတော့ စစ်သည်တွေကို လေ့ကျင့်ပေးတာ ပြောင်းဖို့လိုပါတယ်။ ပြောင်းလဲဖို့ အစပြုတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဒီမှာတော့ ဗြိတိသျှ စစ်တပ်က အမြဲတမ်း အပုံကြီးသာပါတယ်။ ဒါပေမဲ့ သူတို့အတွက် အချက်ပြတာယူဖို့ ကြီးကျယ်တဲ့ နမူနာတစ်ခု ရှိပြီး ဒါကတော့ အရမ်းတော်တဲ့ Chris Hughes လို့ခေါ်တဲ့ အမေရိကန် ဒုဗိုလ်မှုကြီးပါ။ သူဟာ တကယ်တော့ အီရတ်က Najaf ရဲ့လမ်းတွေပေါ်ကို ဦးဆောင်နေတာဖြစ်ပြီး ဘေးတစ်ဘက် တစ်ချက် လမ်းတွေကနေ ရုတ်တရက် လူတွေ ပြုံထွက်လာပြီး၊ ဒေါသတကြီးနဲ့ အော်ဟစ်ကြကာ ပတ်ဝိုင်းလိုက်တယ်၊ အရမ်းထိတ်လန့်နေတဲ့ လူငယ် စစ်သည်တွေဟာ ဘာဆက်ဖြစ်မှာကို မသိကြတော့ဘူး၊ အာရပ်စကားလည်း မပြောတတ်နဲ့လေ။ ဒီတော့ Chris Hughes က လူအုပ်ထဲဝင်လာပြီး ခေါင်းပေါ်က လက်နက်ကို မြေကိုစိုက်ထားကာ ပြောတာက "ဒူးထောက်လိုက်ကြ"တဲ့။ ဒါနဲ့ ကျောပိုးအိတ်တွေ၊ ကျည်ကာတွေနဲ့ စစ်သားကြီးတွေဟာ မြေကြီးပေါ်မှာ ဒယီးဒယိုင်ဖြစ်သွားတယ်။ နောက် ပကတိ တိတ်ဆိတ်သွားတယ်။ ၂ မိနစ်လောက်အကြာမှာတော့ လူတွေအသီးသီးဟာ ဘေးကို ရှဲသွားကာ အိမ်ပြန်သွားကြတယ်။ ဒါက ကျွန်မအတွက်တော့ ပညာသားပါတဲ့ လုပ်ဆောင်ချက်ပါ။ အခိုက်အတန့်အတွင်းမှာ သူလုပ်ခဲ့တာပါ။ အခုတော့ ဒါဟာ နေရာတိုင်းမှာ ဖြစ်နေပါတယ်။ ကျွန်မပြောတာ မယုံဘူးလား။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်မှာ ဘာဖြစ်လို့ များပြားလှတဲ့ အာဏာရှင်စနစ်တွေ ပြိုလဲကုန်တာလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖူးလား။ အာဏာရှင် စနစ်တွေဖြစ်တဲ့ ချက်ကိုစလိုဗေးကီးယား၊ အရှေ့ဂျာမဏီ၊ အက်စတိုးနီးယား၊ လတ်ဗီယား၊ လီသူးယေးနီးယား၊ မာလီ၊ မာဒါဂါးစကား၊ ပိုလန်၊ ဖိလစ်ပိုင် ဆားဗီယား၊ စလိုဗေးနီးယား ဆက်ပြောလို့ရသေးတယ်၊ ပြီးတော့ အခုတူနီးရှားနဲ့ အီဂျစ် နိုင်ငံတွေပါ။ ပြီးတော့ မဖြစ်သေးတာ ရှိသေးတယ်။ အများစုဟာ ဘော့စ်တွန်က အသက် ၈၀ အဖိုးအို Gene Sharp ရေးသားတဲ့ စာအုပ်တစ်အုပ်ကြောင့်ပါ။ သူက "အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့" လို့ခေါ်တဲ့ အကြမ်းမဖက်တဲ့နည်း ၈၁ နည်း ပါတဲ့စာအုပ်တစ်အုပ် ရေးခဲ့တယ်။ ဒါကို ဘာသာပေါင်း ၂၅ ဘာသာခုနဲ့ ပြန်ဆိုပြီး ကမ္ဘာတစ်လွှား ပြန့်နှံ့သွားတယ်။ ဒါကို နေရာတိုင်းက လူကြီး၊ လူငယ် မရွေး အသုံးပြုကြတယ်။ အကြောင်းက ဒါက အလုပ်ဖြစ်ပြီး ထိရောက်လို့ပါ။ ဒီတော့ ဒါက ကျွန်မကို မျှော်လင့်ချက် ပေးတဲ့ အရာပါ။ မျှော်လင့်ချက်တင်မဟုတ်ဘူး၊ အခုဖြစ်နေတဲ့ အရမ်း အကောင်းမြင်မှုကိုလည်းပေးပါတယ်။ အကြောင်းက နောက်ဆုံး လူသားတွေ ဟာ ဒါကို ရလာနေလို့ပါ။ ကျွန်မရဲ့ မေးခွန်းကိုဖြေဖို့ လက်တွေ့ကျတဲ့၊ ဆောင်ရွက်လို့ရတဲ့ နည်းနာတွေကို ရနေပါတယ်။ အနိုင်ကျင့်သူတစ်ယောက်ကို လူရမ်းကား ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ။ ကျွန်မ အနှစ်ချုပ်ထားတဲ့ ကျွမ်းကျင်မှု တွေကို သုံးနေပါတယ်။ အတွင်းအား၊ ကိုယ့်ကိုယ်ကို သိစေခြင်းကရတဲ့ အတွင်းအားဖွံ့ဖြိုးမှု၊ ကိုယ့်ရဲ့ ကြောက်စိတ်ကို အသိအမှတ်ပြုပြီး ဒါနဲ့ အလုပ်လုပ်ဖို့၊ ဒေါသကို လောင်စာအဖြစ် သုံးဖို့၊ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ သူများတွေနဲ့ အတူတကွ စုရုံးကြဖို့၊ သတ္တိရှိဖို့နဲ့ အရေးအကြီးဆုံးက တက်ကြွတဲ့ အကြမ်းမဖက်ရေးကို ကျင့်သုံးဖို့ပါ။ အခုတော့ အကြမ်းမဖက်ရေးဆိုတာကို ယုံကြည်တာတင် မဟုတ်ပဲ ယုံတယ်လို့ကို မဆိုရလောက်အောင် ဖြစ်နေပါတယ်။ ဒါက နေရာတိုင်းမှာ ဘယ်လို အလုပ် ဖြစ်တယ် ဆိုတဲ့သက်သေကို မြင်ရပါတယ်။ နောက်ပြီး ကျွန်မတို့ သာမန်လူတွေဟာ အောင်ဆန်းစုကြည်၊ ဂန္ဓီနဲ့ မန်ဒဲလ်လားတို့ လုပ်ခဲ့သလို လုပ်နိုင်ပါတယ်။ သွေးစွန်းမှု အများဆုံးလို့ လူတွေသိတဲ့ ရာစုနှစ်ကို အဆုံးသတ်နိုင်ပါတယ်။ ကျွန်မတို့ နှလုံးသားတွေကို ဖွင့်လိုက်ကြရင်းနဲ့ ဖိနှိပ်မှုကို ကျော်လွှားဖို့ စုစည်းနိုင်ပါတယ်။ ဒီ မယုံနိုင်လောက်စရာ သန္နိဋ္ဌာန်ကိုလည်း ခိုင်မာအောင်လုပ်ရင်းပေါ့။ ဒီနှလုံးသားပွင့်လင်းမှုဟာ မနေ့က ဒီကိုရောက် ကတည်းက ဒီစုရုံးနေတဲ့ အဖွဲ့အစည်းတစ်ခုလုံး အတွင်းမှာ ကျွန်မတွေ့ကြုံခံစားရတာနဲ့ ထပ်တူထပ်မျှပါပဲ ရှင်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)