ကျွန်တော့အမေကို လုံးလုံး မသိခဲ့ရပါဘူး။ အကြောင်းက ကျွန်တော့ကို မွေးပြီး ခုနှစ်ရက်အကြာမှာပဲ ဆုံးသွားခဲ့လိုပါ။ ကျွန်တော်ဟာ စစ်ကိုင်းတိုင်းက မြောင်ဆိုတဲ့ မြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်၊ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါနီးလေးပေါ့။ အဖေ့ဘက်က အဖိုးက "နေအုပ်"ဆိုပြီး ထူးခြားတဲ့ မြန်မာအမည်ကို ပေးခဲ့တယ်၊ အဓိပ္ပါယ်က "နေကို အုပ်စိုးသူ"ပါ။ အကြောင်းက ကျွန်တော်မွေးခဲ့တာက နေဝန်းနီ အမှတ်တံဆိပ်ပါတဲ့ အလံတွေနဲ့ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်မှာ စစ်ရှုံးနေတဲ့ အချိန်ဖြစ်လို့ပါ။ နောက်ပြီး ကျွန်တော်ဟာ စနေသားလည်းဖြစ်တာကြောင့်ပါ။ စစ်ပြီးတော့ မိသားစုဟာ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့ပြီး ကျောင်းပညာကို St. Paul ခေါ် ခရစ်ယာန် သာသနာပြု ကျောင်းမှာ စတင်ခဲ့တယ်။ မူလတန်းကျောင်း ပထမနှစ်ကနေပြီး နိုင်ငံ့ဂုဏ်ဆောင် ကဗျာဆရာကြီး မင်းသုဝဏ်ရေးတဲ့ ကလေးတေး ကဗျာတွေ လေ့လာခဲ့ရတယ်။ သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကဗျာဆရာ ၁၀၀ ထဲမှာ စာရင်းသွင်းခံရတဲ့ တစ်ဦးတည်းသော မြန်မာကဗျာဆရာပါ။ ကလေးတေးကဗျာ ၁၃ ပုဒ်ရေးခဲ့ပြီး အခုလိုပဲ အဲဒီတုန်းကပါ လူကြိုက်များခဲ့ပါတယ်။ မြန်မာကျောင်းသား ကလေးအားလုံး ဒါတွေကို အလွတ်ဆိုနိုင်ပါတယ်။ ဟောဒီမှာ ကျွန်တော်အကြိုက်ဆုံးတစ်ပုဒ်ပါ။ "သပြေသီးကောက် ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လည်းကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားလေးထားခဲ့မယ်။ သွားကွယ်၊ သွားကွယ်။." ပါမောက္ခ G.H. Luce က "Rose Apple Gatherers"လို့ အင်္ဂလိပ်လို ပြန်ဆိုခဲ့တယ်- "July, August, rain and flood, let's go pick the ripe rose-apple. Hi, take care in thorns and mud. That's where big, black leeches grapple. Leeches? Pah! The hornless things. I'll fight snakes or serpent-kings. Who's afraid? Let’s all go now. I'll just leave my coconut cow. Come on! Come on!" ဒီတေးအားလုံးကို ကျွန်တော်တို့ အလွတ်ကျက်ပြီး အတန်းတဲမှာ ဆိုခဲ့ရပါတယ်။ တစ်နေ့ ကျွန်တော် ဒုတိယတန်းမှာရှိစဉ်က ကျွန်တော့ရဲ့ မြန်မာစာဆရာက ကျွန်တော့ကို မေးလိုက်တာက "ဒီကလေးတေးကဗျာကို ရေးခဲ့တဲ့ ကဗျာဆရာကို မင်းသိလားကွ။" ကျွန်တော်က "သိပါတယ်ဗျ၊ မင်းသုဝဏ်ပါ။" သူက "မဟုတ်ဘူးကွ၊ ငါဆိုလိုတာက မင်းသူ့ကို လူကိုယ်တိုင် သိလား။" ကျွန်တော်က "မသိပါဘူး"လို့ ဆိုတော့ သူက "ဒီကဗျာဆရာက ကောလိပ်တုန်းက မင်းအမေရဲ့ ရည်းစားလေ။" ကျွန်တော်ဟာ လုံးဝ မွှန်ထူသွားခဲ့တယ်။ တစ်တန်းလုံး ငြိမ်ကျသွားတယ်၊ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့ကို စိုက်ကြည့်နေတယ်။ ကျွန်တော် အရမ်းရှက်သွားတာပေါ့။ အိမ်ပြန်ရောက်ရောက်ချင်း ကျွန်တော့ထက် ခုနှစ်နှစ်ပိုကြီးတဲ့ အမကို မေးခဲ့တယ်၊ သူက အကုန်လုံး ကျွန်တော့ကို ရှင်းပြခဲ့တယ်။ မိထွေးဟာ တယုတယနဲ့ကျွန်တော့ကို စောင့်ရှောက် ခဲ့တဲ့ အင်မတန်ကြင်နာတတ်တဲ့အမျိုးသမီးပါ။ ကျွန်တော့ရဲ့မိခင်အရင်းလို့ အမြဲတမ်း ထင်ခဲ့တယ်လေ။ ကျွန်တော်လန့်သွားခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ မိခင်အစစ်က ဘယ်သူဆို တာသိရတော့ အတော်လေး ကျေနပ်မိပါတယ်။ ကျွန်တော် အလယ်တန်းကျောင်းရောက်တော့ ကျွန်တော့အမေနဲ့ မင်းသုဝဏ် နှစ်ဦးစလုံးရဲ့ ကဗျာတွေကို ကျောင်းဖတ်စာအုပ်ထဲမှာ တစ်ဖန် တွေ့ရှိရပြန်တယ်။ အဲဒီအချိန်မတိုင်ခင်က ဆရာတွေနဲ့ ကျောင်းသားအားလုံးဟာ ဒီကဗျာစာဆိုနှစ်ဦးနဲ့ သူတို့ရဲ့ချစ်သံယောဇဉ် အကြောင်း သိခဲ့ပြီးသားပါ။ သူတို့ကို သိလိုက်ရတာ အတော်လေး နေသာလာခဲ့တယ်။ ကျွန်တော်တွေ့ရှိရတာက အမေ့ကဗျာတွေဟာ ထိခိုက်ဖွယ်၊ ပုဂ္ဂိုလ်ရေးဆန်ကာ တစ်ခါတစ်ရံ ချစ်ရေးချစ်ရာ၊တစ်ခါတစ်ရံ စိတ်အားငယ်စရာပါ မင်းသုဝဏ်ရဲ့ ကဗျာတွေကတော့ အမြဲတမ်း အင်မတန် ချစ်စရာ၊၊ပျော်ရွှင်ဖွယ်ရာတွေပါ၊ တစ်ခါတစ်လေ ဒဿနဆန်ပါတယ်၊ အကြောင်းက သူဟာ အများစုအနေနဲ့ ကျေးလက် ဘဝနဲ့ ရိုးရာတွေအကြောင်းသီဖွဲ့လို့ပါ။ ကဗျာတွေကို လေ့လာပြီးတဲ့အခါမှသာ ကျွန်တော့အမေကို မြင်ယောင်လို့ရခဲ့တာပါ။ တကယ်တမ်းက ကျွန်တော့အိမ်မှာ အမေ့ရဲ့ ပန်းချီကားတွေနဲ့ ပုံတူတွေရှိပါတယ်။ ဒါပေမဲ့ ဒါတွေက အတော့ကို အသက်မပါပါဘူး၊ သူမရဲ့ကဗျာတွေက သူမကို ကျွန်တော့ စိတ်ထဲမှာ အသက်သွင်းပေးခဲ့ကြတာပါ။ ကျွန်တော်ငယ်ငယ်တုန်းက ခင်စောမူရဲ့သားလို့ မိတ်ဆက်ခံရတိုင်း ဒါ ကျွန်တော့အမေရဲ့ အမည်ပါ၊ ပထမဆုံးကြားခဲ့ရတဲ့ ချီးကျူးသံက "အိုး၊ မင်းအမေကတော့ တကယ်ကို လှတယ်ဟေ့"လို့ပါ။ အမေ့ကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးပေမဲ့ သူမဟာ အတော့ကို လှပမှာပဲလို့ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ သူမရဲ့အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ ခံစားချက်တွေကျတာ့ရော။ သူမရဲ့ကဗျာတွေက ကျွန်တော့ကို ဖွင့်ပြခဲ့တယ်။ ကျွန်တော့အမေဆီမှာ အလှအပ ထက် ပိုတာရှိတယ်ဆိုတာပါ။ ကျွန်တော်တွေ့ရှိရတာက အမေဟာ ချစ်စရာကောင်း၊ သိမ်မွေ့ပြီး ယုယကြင်နာတတ်တဲ့သူ အစဉ်ချစ်ခင်သစ္စာရှိတဲ့မိခင်၊ နာခံတတ်တဲ့ သမီး၊ ချစ်စရာကောင်းတဲ့ အမ၊ ဒါတွေအပြင် ဝတ္တရားကျေတဲ့ ဇနီးသည်တစ်ဦးပါ။ အံ့သြဖွယ်ကော်းတဲ့ ဒီကဗျာတွေအားလုံးကို သူမသီဖွဲ့ခဲ့တာကို ကျွန်တော် သိပ် ဝမ်းမြောက်မိတယ်။ ဒီကဗျာတွေသာ မရှိခဲ့ကြဘူးဆိုရင် ကျွန်တော့အမေကို ကျွန်တော် ဘယ်တော့မှ ရင်းရင်းနှီးနှီး သိခဲ့ရမှာ မဟုတ်ပါဘူ။ ကျွန်တော့ အမေဘက်က အဖိုးအဖွားတွေဟာ မြန်မာမင်းမျိုးစိုးနွယ်ဝင် မိသားစုတစ်ခုရဲ့ ဓလေ့ထုံးစံတွေနဲ့ အစဉ်အလာတွေကို တင်းကျပ်စွာ လိုက်နာရင်း သူတို့ကလေးတွေကို ဆုံးမသွန်သင်ခဲ့ကြပါတယ်။ ကျွန်တော့အဖိုးက ဗြိတိသျှ ကိုလိုနီအစိုးရ ဌာနမှာ အဆင့်မြင့် အရာရှိတစ်ဦးပါ။ သူဟာ သားသမီးခုနစ်ယောက်အား သူ့ရဲ့ အမွေအနှစ်တွေကို ကမ်းပေးခဲ့ပါတယ်။ အံ့ဖွယ်ကောင်းတာက ခုနှစ်ယောက်စလုံး သားလေးယောက်၊ သမီးသုံးယောက်ဟာ အလွန်တော်တဲ့ ပညာရှင်တွေဖြစ်လာကြတာပါ။ ကျွန်တော့အဖိုး ကွယ်လွန်တော့ အကြီးဆုံးဦးလေးက မိသားစုရဲ့ ဦးစီးအဖြစ် သူ့နေရာ ဆက်ခံခဲ့ပါတယ်။ ဦးလေးက အဖိုးထက်တောင် ပိုတင်းကျပ်သေးတယ်။ ညီအမသုံးယောက်ဟာ သူတို့ရဲ့ကျောင်းနဲ့ ကောလိပ်အားလပ်ရက်အားလုံးကို သူတာဝန်ကျတဲ့ ဒေသရာမှာ ကုန်ဆုံးခဲ့ရတယ်။ ကျွန်တော့အမေဟာ နွေရာသီ အားလပ်ရက်ရှည်တွေအတွင်း သူငယ်ချင်းတွေနဲ့ ဆက်သွယ်ခွင့်မရှိရှာဘူး၊ ပြောချင်တာတော့ သူ့ရည်းစားနဲ့ပေါ့။ ဒီတော့ အဲဒီအချိန်က အလွန်လူကြိုက်များတဲ့ "ဂန္ထလောက"လို့ခေါ်တဲ့ စာစောင်ကနေ သူတို့အချင်းချင်း ကဗျာတွေနဲ့ ဆက်သွယ်ခဲ့တယ်။ နွေရာသီ အားလပ်ရက်တွေအတွင်း သူတို့ ရေးခဲ့တဲ့ ကဗျာတွေဟာ ဂန္ထဝင်ဖြစ်လာခဲ့ပြီး အခုဆို ၎င်းတို့ကို ကျောင်းနဲ့ ကောလိပ် ပြဌာန်းစာအုပ်တွေမှာ ထည့်ထားပါတယ်။ ဟောဒီမှာတော့ နွေရာသီ လရှည်တွေအတွင်း ကျွန်တော့အမေ ရေးတဲ့ကဗျာတွေထဲက ကောက်နှုတ်ချက်တစ်ခုပါ။ "လိပ်ပြာနဲ့ ကြာကုမုဒ်" မြကန်သာဝယ် သင်းပျံ့ကြွယ်သည် သွယ်သွယ်ကနုတ် ကြာကုမုဒ်တို့ လဲ့လုတ်လဲ့လီ ဖူးဖွင်ချီသည် ဒေဝီနတ်မိ တို့နှယ်တကား။ ဖူးလိပ်ပြေစ ရွက်ညိုမြတွင် ရွရွနားကာ ပန်းလိပ်ပြာသည် သက်လျာနှမ ကုမုဒါငယ် စောင့်ရနောင့်ကို ချစ်ကြည်ညိုက" ဒါက ကောက်နှုတ်ချက်လေးပါပဲ။ ဒီကဗျာထဲမှာ လိပ်ပြာနဲ့ ကုမုဒြာလို့ခေါ်တဲ့ ကြာပန်း တစ်မျိုးဟာ ဘယ်တော့မှ မဆုံနိုင်ကြဘူး၊ အကြောင်းက လိပ်ပြာက နေ့အခါမှာသာ ထွက်ပြီး ကြာပန်းက လရောင်နဲ့မှ ပွင့်တာကြောင့်ပါ။ ဒီတော့ လိပ်ပြာဟာ တစ်နေ့လုံး သစ်ရွက်ပေါ်မှာ ရွရွကလေးနားပြီး ကြာပန်းကို နေဝင်တဲ့အထိ ပွင့်ဖို့ပဲ တောင်းခံပါတယ်။ ညဘက်ရောက်တော့ ကြာပန်းဟာ လရောင်အောက်မှာ ပွင့်ပြီး လိပ်ပြာကို အရုဏ်တက်သည့်တိုင်အောင် တစ်ဖန် ရှာဖွေနေပါလိမ့်မယ်။ ဒါဟာ ခံစားမှုပိုင်းအရ ကရုဏာ သက်ဖွယ် ကဗျာတစ်ပုဒ်ပါ။ ကျွန်တော်ထင်တာက အမေ ဒီကဗျာကိုရေးတုန်းက သူ့ရည်းစားကို တွေဖို့တမ်းတနေမယ်ဆိုတာ အသေချာပါပဲ။ ဒီမှာတော့ မင်းသုဝဏ်ရေးတဲ့ ကြည်နူးဖွယ်ကဗျာ နောက်တစ်ပုဒ်ပါ။ "နှင်းဆီပွင့်"လို့ခေါ်တဲ့ စိတ်ထိခိုက်စရာ ဆိုပေမဲ့ ကြည်နူးဖွယ်ကဗျာပါ၊ "နှင်းဆီပွင့်။ လယ်တောက ပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး။ မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး။" ဦးခင်ဇော်ကနေပြီးတော့ "Roses":ဆိုပြီး ကျစ်ကျစ်လျစ်လျစ် အင်္ဂလိပ်လို ပြန်ဆိုခဲ့ပါတယ်။ "Last eve her ladyship fancied some flowers we saw on the wild-wood way. I plucked them for her, those forest flowers. Alas, today in her hair are roses, roses very pretty she looks with roses! ကဗျာဆရာက ဒီကဗျာကို ကျွန်တော့ အမေကို ရည်းစူးခဲ့တာလို ထင်ပါတယ်။ ကျန်တော့အမေ ကောလိပ် နောက်ဆုံးနှစ်ပြီးတော့ ခါတိုင်းလိုပဲ နွေရာသီအားလပ်ရက်ကို သူမရဲ့အကြီးဆုံး အကို၊ ကျွန်တော့ဦးလေးနဲ့ ကုန်ဆုံးခဲ့ရတယ်။ နွေရာသီ အားလပ်ရက်တွေအတွင်းမှာ ကျွန်တော့အမေနဲ့ အဖေကို အလျင်စလို လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့ဦးလေးဟာ ပြည်မှာ ခရိုင်မင်းကြီးဖြစ်ပြီး ကျွန်တော့အဖေကတော့ လက်ထောက် ခရိုင်မင်းကြီးပါ။ ကျွန်တော့အဖေ ဦးဘတင့်နဲ့ ကျွန်တော့ ဦးလေး ဦးတင်ထွဋ်တို့ နှစ်ဦးစလုံးဟာ အင်မတန် အထက်တန်းကျတဲ့ ICS လို့ခေါ်တဲ့ Indian Civil Service အဆင့် ပြည်သူ့ဝန်ထမ်းတွေပါ။ ဗြိတိသျှတွေဟာ ကောလိပ်မှာ ထူးခွန်တဲ့ ပညာရှင်တွေကို ရွေးပြီး ထပ်ဆောင်း လေ့လာမှုတွေအတွက် UK ကို ပို့ပေးခဲ့ကာ ဗြိတိသျှ ကိုလိုနီ ဌာနရဲ့အစိတ်အပိုင်း ဖြစ်ဖို့ သီးသန့် လေ့ကျင့်ပေးခဲ့တယ်။ အဲဒီအချိန်တွေတုန်းကတော့ သူတို့ဟာ လူ့မလိုင်တွေပေါ့။ ကျွန်တော့အမေဟာ အမြဲတမ်း နာခံတတ်တဲ့ ညီမဖြစ်တော့ ဘာမှ ဆန့်ကျင်တာတွေမလုပ်ခဲ့ဘဲ အကြီးတန်း အစိုးရ အရာရှိကတော်အဖြစ်နဲ့ သူမရဲ့ ကံကြမ္မာပဲလို့ ခံယူခဲ့တယ်။ ဒီကာလအတွင်းမှာပဲ မြန်မာစာပေဟာ မင်းသုဝဏ်ရေးတဲ့ ထာဝရရှင်သန်နေတဲ့ “ဘကြီးအောင်ညာတယ်” ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်နဲ့ ကြွယ်ဝခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ "ဦးလေးအောင် ကတိမတည်ဘူး"ပေါ့။ ဒါက မိန်းမပျို သစ်သားပန်းပုရုပ်ကို စွဲလမ်းမိသွားတဲ့ ဆယ်နှစ်အရွယ် ရွာက ကောင်လေးတစ်ယောက် အကြောင်း ထိခိုက်ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။ သူက ပန်းပုပညာကိုချစ်တော့ ရွာက ပန်းပုဆရာ ဦးအောင်ဆီကို မကြာခဏ သွားလည်ပတ်ကာ ပုံသဏ္ဌာန်မဲ့ သစ်သားတုံးတွေကနေ လှပတဲ့ ပန်းပုလက်ရာတွေကို ထုလုပ်ပုံ သွင်းတာကို စောင့်ကြည့်တယ်။ ဒီမိန်းမပျိုရုပ်ထုလေးဟာ အလှဆုံးပဲလို့ သူထင်ခဲ့တယ်၊ သူမျက်စိကျသွားခဲ့တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ မနေနိုင်တော့ပဲ ပန်းပုဆရာကြီးကို မဝံ့မရဲနဲ့ မေးလိုက်တာက "ဒီရုပ်ထုကိုဝယ်ဖို့ ဘယ်လောက်ပေးရမလဲဗျ။" ပန်းပုဆရာကြီးက "တစ်ရူပီး"လို့ ပြောလိုက် တဲ့အခါ ရင်ကွဲမတတ်ဖြစ်သွားခဲ့တယ်၊ အကြောင်းက ဒီပိုက်ဆံမျိုး သူတစ်ခါမှ မရှိခဲ့ဖူးဘူးလေ။ သူက တစ်နေ့ကို မုန့်ဖိုးတစ်နေ့မှ တစ်ပိုက်စ်ပဲ ရနေခဲ့တာပါ။ ကိုလိုနီခေတ်တုန်းက ကျွန်တော်တို့ဟာ အိန္ဒိယငွေကြေးဖြစ်တဲ့ ရူပီး၊ အန်နာနဲ့ ပိုက်စ်တွေ သုံးခဲ့ရတယ်။ တစ်ရူပီထဲမှာ ၆၄ ပိုက်စ် ရှိပါတယ်။ ဒါပေမည့်လည်း သူက ပန်းပုဆရာကြီးကို သူ့အတွက်ထားပေးဖို့ တောင်းပန်ခဲ့တယ်။ အကြောင်းက ဒီအရုပ်အတွက် ငွေစုလို့ပြည့်တဲ့အခါ သူပြန်လာမှာမို့ပါ။ ပန်းပုဆရာကြီးက ဒါကို ဘယ်သူ့ကိုမှ မရောင်းဘူးလို့ အလေးအနက်ကတိပေးခဲ့တယ်။ ဒီတော့ ဆင်းရဲ့သားကောင်လေးဟာ သူကြိုက်တဲ့မုန့်တွေကို မစားတော့ပဲ သူ့မုန့်ဖိုးကို ဝါးကျည်ထောက်တစ်ခု ထဲမှာ စပြီးစုခဲ့တယ်။ ညနေတိုင်း သူအိပ်ရာမဝင်ခင်မှာ ငွေအကြွေစေ့တွေကို ထုတ်ပြီး ရေရေတွက်ကြည့်တယ်။ ဒါက အတော့ကို နှေးတဲ့ ဖြစ်စဉ်တစ်ခုဆိုတော့ လက်တိုလက်တောင်းလေးတွေလုပ်ပြီး အပိုဝင်ငွေရဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အိမ်နီးနားချင်းတွေအတွက် ရေခပ်ပေးတာတို့၊ ထင်းခွေပေးတာတို့ပေါ့။ သူ့စုတာ ပြည့်သွားတဲ့အခါ၊ ပြည့်လုနီးနီးမှာပေါ့ ရက်အနည်းငယ်အတွင်းမှာတော့ သူဝယ်နိုင်တော့မယ်လို့ ပန်းပုဆရာကြီးဆီသွားပြီး အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ရုပ်ထုကမရှိတော့ဘူး။ ပန်းပုဆရာကြီးက တောင်းတောင်းပန်ပန်နဲ့ ပြောတာက အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ခုပဲ ဝယ်သွားပြီတဲ့။ ဆင်းရဲသားကောင်လေးဟာ အသည်းကွဲတော့တာပေါ့။ သူဟာ နေ့ပေါင်းမျာစွာ စားလည်းမစား၊ အိပ်လည်း မအိပ်၊ ဘယ်သူ့နဲ့မှ စကားလည်း မပြောတော့ဘူး။ ဘာကြောင့်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။ မကြာခင်မှာပဲ အပြင်းဖျားခဲ့ပြီး ကုတင်ထက်မှာ သေလုမျောပါးဖြစ်ခဲ့တယ်။ သူမဆုံးခင်လေးမှာ ဝါးကျည်ထောက်ထဲက သူစုထားသမျှ အားလုံးကို ရွာဘုန်းကြီးကျောင်းကို လှူဖို့ သူ့ရဲ့အမေကိုပြောခဲ့တယ်။ သူ့ရဲ့နောက်ဆုံးစကားကတော့ 'ဘကြီးအောင်ညာတယ်,” အဓိပ္ပါယ်ကတော့ "ဦးလေးအောင် ကတိမတည်ဘူး"ပေါ့။ အင်မတန် စိတ်ထိခိုက်ဖွယ်ဆိုပေမဲ့ ဂန္ဓဝင်စာပေကို ဖန်တီးပေးခဲ့တဲ့ လူသားဆန်တဲ့ဝတ္ထုတစ်ပုဒ်ပါ။ ဒီဝတ္ထုကိုနှစ်သက်မှုက ၎င်းကို ခံစားမှုတွေ သွန်းလောင်းပေးသူတွေထက် အမြဲ ပိုရှည်ခဲ့တယ်။ စာရေးသူ၊ ကျွန်တေ့အမေ၊ ကျွန်တော့အေဖနဲ့ ဦးလေးတို့ဟာ အားလုံးသော သေမျိုးတွေဟာ ကွယ်လွန်သွားကြပါပြီ။ ကဗျာတွေနဲ့ ဝတ္ထုတွေကတော့ ထာဝရ၊ ရှင်သန်နေတုန်းပါ။ ဒီဝတ္ထုဟာ အင်မတန် လူကြိက်များတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ဘုရာပွဲတော်တွမှာ ဖျော်ဖြေတင်ဆက်တုန်းပါ။ ရွာသားတွေနဲ့ ကလေးငယ်တွေဟာ ဒီဝတ္ထုကို သိနေတာ ဆယ်စုနှစ်တွေချီနေပါပြီ။ မနှစ်က ရန်ကုန်လို့ထင်တယ်၊ ရန်ကုန်က စာပေပွဲတစ်ခုမှာ နာမည်ကျာ် ဒါရိုက်တာတစ်ဦးကနေ ဒါကို တင်ဆက်ခဲ့ရာ ပွဲတော်ရဲ့ အဓိက တင်ဆက်ပွဲကြီး ဖြစ်လာတယ်။ ကောင်းပါပြီ၊ ဒါကတော့ ကျွန်တော့အမေ၊ ကြာပြီဆိုပေမဲ့ ထာဝရရှင်ကျန်နေတဲ့ သူမရဲ့ကဗျာတွေနဲ့ မင်းသုဝဏ်ရဲ့ ကဗျာတွေ၊ ဝတ္ထုတွေရဲ့ဇာတ်လမ်းပါ ဒီအပြောင်မြောက်ဆုံးလက်ရာတွေကို ရေးစဉ်က ကဗျာစာဆိုတွေက ဘယ်သူကို ရည်ညွှန်းခဲ့တယ်ဆိုတာကို မြန်မာ စာပေအသိုင်းအဝိုင်းမှာ ယနေ့ထိတိုင် ငြင်းခုံဆွေးနွေနေဆဲပါ။ အဲဒါဟာ အခုတော့ အရေးမကြီးဘူးထင်ပါတယ်၊ အရေးကြီးတဲ့ အကြောင်းက ဒီကဗျာတွေဟာ မြန်မာစာပေမှာ တကယ့်ကို အပြောင်မြောက်ဆုံး လက်ရာတွေဖြစ်လာတာပါ၊ ကျွန်တော်တို့အားလုံး မရှိတော့တဲ့ နောက်မှာလည်း တည်ရှိနေကြမှာပါ။ လူတွေရဲ့ စာပေကို ချစ်မြတ်နိုးမှုဟာ ကမ္ဘာအနှံ့ မှေးမှိန်လာနေပါတယ်။ စာဖတ်သူတွေကို ပိုပိုပြီး သုံးခွင့်ရအောင်လုပ်ပေးနိုင်တဲ့ အိလက်ထရွန်းနစ် ပစ္စည်းတွေဟာ လုံးဝ ကူညီမနိုင်ကြဘူး။ အကြောင်းက ဂန္ထဝင်စာပေတွေဖတ်ခြင်းထက် ဒီပစ္စည်းတွေက ပိုအသုံးကျတာတွေရှိတယ်လို့ လက်ရှိမျိုးဆက်က ထင်မြင်နေကြလို့ပါ။ ယနေ့ ပညာရေးဟာ အလုပ်ကို ဦးစားပေးတာမျိုး ဖြစ်လာတယ်။ ကမ္ဘာကြီးဟာ ရှင်ကျန်ဖို့ အသက်မွေးမှု ကျွမ်းကျင်မှုတွေ လိုအပ်တဲ့နေရာဖြစ်လာတယ်။ မှန်ပါတယ်၊ အလုပ်အကိုင်တွေက သင့်ဝမ်းကို ဖြည့်ပေးကြပါတယ်။ ဒါပေမဲ့ နှလုံသားအတွက်ကျတော့ရော။ စိတ်အတွက်ကျတာ့တော့ရော။ စာပေပါ၊ နှလုံးသားနဲ့ စိတ်ကို ကျွေးမွေးပြီး သင့်ကို လူသားတစ်ဦးလည်း ဖြစ်လာစေတာက ကဗျာစာပေပါ။ နိဂုံးချုပ်အနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဆိုရိုးစကားတစ်ခုကို ကိုးကားချင်ပါတယ်။ ဗုဒ္ဓဘုရားရှင်အား တစ်ခါ မေးမြန်းခဲ့ဖူးတာက "ချစ်တာနဲ့ ကြိုက်တာကို အရှင်ဘုရား ဘယ်လို ခွဲခြားသိမြင်နိုင်သလဲ"တဲ့။ ဗုဒ္ဓမိန့်ဆိုတာက "သင်ဟာ ပန်းတစ်ပွင့်ကို ကြိုက်ရင် အဲဒီပန်းကို သင်ဟာ ခူးယူတယ်၊ ဒါပေမဲ့ ပန်းတစ်ပွင့်ကို သင်ချစ်တယ်ဆိုရင် နေ့စဉ် ရေလောင်းပေးလိမ့်မယ်။ သင်ဒါကို နားလည်ပြီဆိုရင် ဘဝကို နားလည်လိမ့်မယ်"တဲ့။ ကျေးဇူးအမျာကြီးတင်ပါတယ်။ (လက်ခုပ်သံများ)