ကျွန်မ ၉ နှစ် အရွယ်တုန်းက ဆရာဆိုတာ ချံပီယံဘွဲ့ ရထားသူလို ထင်မှတ်ခဲ့တယ်။ အတန်းရှေ့မှာ ရပ်နေပြီး ကျောင်းသားတွေ နားထောင်နေကြစဉ် စာတွေကို ပို့ချပေးသူပေါ့လေ။ ကျွန်မဟာဝင်ငွေနည်း ကလေးများအတွက် ပုဂ္ဂလိကကျောင်းမှာ ၅ နှစ်ကြာ သင်ခဲ့ရတော့ သူငယ်ချင်း တော်တော်များများက သူတို့ရဲ့ စာကို စိတ်မဝင်စားကြတာကို သတိထားမယ်။ တချို့တို့က အတန်းထဲမှာ အာရုံစိုက် နားမထောင်ခဲ့ကြသလို တချို့ကျတော့ ရက်အတော်ကြာ ကျောင်းမတက်ဘဲ နေကြတယ်။ အဲဒါက ဆရာတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး သူတို့အား ဖိစီးနေတာကို ကျွန်မ သတိထားမိတယ်။ ဒါနဲ့ ကျွန်မခေါင်းထဲ မေးခွန်းပေါ်လာခဲ့တယ်- ဒီအခန်းထဲ ရှိနေကြတဲ့ ကျောင်းသား ၄၀ တို့အတွက် တာဝန်ယူရတာ တကယ့်စိန်ခေါ်မှုကြီးပဲ မဟုတ်လား။ ဒါနဲ့ ဆက်ပြီး မေးစရာက- ကျောင်းသားတွေဟာ ဘာဖြစ်လို့ ဆရာတစ်ဦးတည်းကို အားကိုးနေကြလဲ။ ကျောင်းသားတွေက သူတို့ကိုယ်၌ထဲမှာကို ဆရာရှိနေတာကို ဘယ်တော့ နားလည်လာကြမှာလဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မက တစ်ခုခု လုပ်ချင်ခဲ့တယ်။ ဒါကြောင့်မို့လို့၊ ဖြစ်နိုင်တဲ့ အခါတိုင်း ကျွန်မက ဆရာကိုကူညီပေးရန် ဆုံးဖြတ်ခဲ့တယ်။ အတန်းတက်သူတွေကို စစ်ဆေးမှု၊ နေ့စဉ် လုပ်ကိုင်စရာတွေကို သင်ပုန်းပေါ်မှာ ရေးပေးမှုကို ကျွန်မ လုပ်ကူပေးလာတယ်။ လက်တွေ့ သင်ခန်းစာ အချိန်မှာလည်း ကျွန်မဟာ စာရွက်တွေနဲ့ ဘာလုပ်ရမှန်း မသိဖြစ် နေတဲ့ ကျောင်းသား အုပ်စုတွေကို ကူပေးခဲ့တယ်။ ကျွန်မရဲ့ ဆရာ မလာတဲ့ နေ့မျိုးမှာ ကျွန်မကို ဖုန်းခေါ်ပြီး သူမအစား လုပ်ပေး နိုင်တဲ့ အရာတွေကို မေးပြီး ကူညီတတ်ခဲ့တယ်။ ပြီးတော့ ကျွန်မ ပြောခဲ့သလို က​ျောင်းသားတွေ သင်ယူရမယ့် ဝေါဟာရတွေကို ပေးခြင်း၊ တွက်ကြရမယ့် သင်္ချာပုစ္ဆာကို ပေးခြင်း၊ တခါ တလေ အိမ်စာပေးခြင်း စသဖြင့် ကူညီပေးခဲ့တယ်။ ကြာလာတော့ လုပ်ဖေါ်ကိုင်ဖက် ကျောင်းသား တွေလည်း ပါဝင်ကူညီလာကြတယ်။ တဖြည်းဖြည်းနဲ့ စာသင်ခန်းထဲမှာ သင်ယူရမှုကို ကျွန်မတို့ဟာ မိမိတို့လက်ထဲ ရယူလာခဲ့ကြတယ်။ အဲဒီလို အတန်ကြာ လုပ်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မဟာ အဲဒီ့ထက် ပိုလုပ်ချင်ခဲ့တယ်။ ကျွန်မ သူငယ်ချင်း အများအပြားတို့မှာ စာဖတ် ခြင်းနဲ့ နားလည်ရာတွင် ပြဿနာ ရှိခဲ့ကြတယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း Pinky တို့ဟာ စာဖတ်ရတာကို အရမ်း ဝါသနာပါခဲ့ကြလို့ စာဖတ် ကလပ်ဆိုတာကို စတင်ခဲ့ကြတယ်။ ကျွန်မတို့ ကလပ်ထဲမှာ ၄ တန်း၊ ၅ တန်းနဲ့ ၆ တန်း ကျောင်းသားတွေ ပါခဲ့ကြပြီး တော်တော်များများတို့က စာဖတ်ရာတွင် နှေးခဲ့ကြတယ်။ ကျွန်မတို့ သူတို့ကို ပုံများများပါပြီး စာ နည်းတဲ့ စာအုပ်တွေကို စထုတ်ပေးလာခဲ့ကြတယ်။ အဲဒီလို စာအုပ်တွေကို သူတို့ ဖတ်နိုင်လာကြချိန်မှာ စာသား ပိုများတဲ့ စာအုပ်တွေကို ပေးပြီး ဖတ် နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးစားကြတယ်။ ကျွန်မတို့ဟာ အဓိက ဇာတ်ကောင်၊ သူတို့ရဲ့ စရိုက်လက္ခဏာ အဓိက ဖြစ်ရပ်တွေနဲ့ ၀တ္ထုရဲ့ လိုရင်းအနှစ် ချုပ်ကို မေးမြန်းကြည့်ခဲ့ကြတယ်။ အကြိမ်အနည်းငယ်ကြာပြီးနောက် ဆရာမက သူတို့ကို စစ်ကြည့်တော့ တိုးတက်မှုတွေ့ခဲ့တယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် တစ်လအတွင်းမှာ ဖတ်နိုင်မှု တစ်ဆင့်ခွဲ မြင့်တက်သွားတယ်။ နောက်ဆုံးမှာတော့၊ လူကြီးများနဲ့ပါ စာဖတ်အုပ်စုများ ဖွဲ့ပြီး ဖတ်ကြားခွင့် ကျွန်မတို့ ရလိုက်ကြပါသေးတယ်။ အဲဒီလို အတွေ့အကြုံတွေ ရှိလာခဲ့လို့၊ သိပ်မကြာလိုက်တဲ့ အဲဒီကာလအတွင်းမှာ ကျွန်မ အသက်၊ ကျွန်မတက်ခဲ့တဲ့ အတန်းနဲ့ မဆိုင်ဘဲ ကျွန်မဟာ ဆရာတစ်ဦး ဖြစ်လာတာ ဂုဏ်ယူမိတယ်။ အခုတော့ ရှင်တို့ အားလုံးကို ကျွန်မ တစ်ခု မေးချင်ပါတယ်- စိတ်လိုက်မာန်ပါ လုပ်ချင်တဲ့ အရာတွေ ရှင်တို့ဆီမှာ ရှိကြသလား။ ကျွန်မ ကိုယ်၌ စိတ်လိုက်မာန်ပါ လုပ်ချင်တာ အများကြီးပါ၊ ရှင်တို့ဆီမှာလည်း ရှိကြမှာပါ။ ကျွန်မက ချက်ပြုတ်ရတာ၊ ဇာထိုးရတာ၊ ဥယျာဉ် စိုက်ပျိုးရတာ၊ ပုံကြမ်းဆွဲရတာ ဝါသနာပါတယ်။ ဒီလို ဝါသနာတွေကို ကျွန်မဘဝထဲ ကြုံခဲ့ရတဲ့ ဆရာတွေဆီကနေပြီး ရရှိခဲ့တာပါ။ ဆရာ Mr. Farhan ဆိုရင် ကျွန်မတို့ ကျောင်းထဲက ဥယျာဉ်မှူးတစ်ဦးပါ၊ permaculture ဆိုတာ သူ့ဆီက သင်ယူရတာ အရမ်း သဘောကျတယ်။ ဒီရက်ပိုင်းထဲမှာ ကျွန်မဟာ aquaponics လို့ ခေါ်တဲ့ ဥယျာဉ်ပုံစံသစ်ကို လေ့လာနေတယ်။ ဒါမှမဟုတ် ကျွန်မ အမေဆို ချက်ပြုတ်ဖို့ကို သင်ပ​ေးလိုက်တော့၊ အနီးအနားမှာ သူမရှိလည်း ကျွန်မ ကိုယ့်သာသာကိုယ် ရပ်တည်နိုင်ပြီလေ။ သူတို့ထဲက ဘယ်သူမှာမှ ဆရာဆိုတဲ့ ချံပီယံဘွဲ့ကို ရသူတွေ မဟုတ်ခဲ့တာ ရှင်တို့ သတိထားမိကြမှာပါ။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆရာတွေ ဖြစ်ခဲ့ကြတာ သေချာတယ်။ ဒီအကြောင်း စဉ်းစားကြည့်ကြပါ။ ရှင်တို့ ဘဝ ထဲမှာကော အဲဒီလိုဆရာတွေ ရှိခဲ့ဘူးကြလား။ ရှိခဲ့ကြမှာ ကျွန်မ သေချာတယ်။ ကျွန်မ အသိုင်းအဝိုင်းထဲတွင် လူတွေဟာ အရာမျိုးစုံကို လုပ်ကိုင်တတ်ကြတော့ ကျွန်မ သူတို့ထံ သင်ယူနိုင်တာ အများကြီးပဲ။ အမှိုက်ကောက်သူ အလုပ်ကိုစည်းရုံပုံ၊ တံမြက်လှည်းသူထံမှ သင့်ရှင်းမှုအကြောင်း၊ လက်သမားဆရာထံမှ သင်္ချာပညာ၊ အိမ်ရှင်မထံမှ ချက်ပြုတ်မှု ဆိုင်ပိုင်ရှင်ထံမှ လုပ်ငန်းကို စီမံလုပ်ကိုင်ရပုံ သင်ယူနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဆီကနေ သင်ယူနိုင်တဲ့ အရာတွေ အကြောင်း ကျွန်မတို့ စဉ်းစားခဲ့ဘူးကြရဲ့လား။ တကယ်တော့ သူတို့ရဲ့ အသက်၊ လိင်၊ သူတို့ လုပ်ကိုင်ကြတဲ့ အလုပ်တွေကြောင့် သူတို့က ဘာမဆိုကို ကျွန်မတို့ကို သင်ပေးနိုင်ကြတယ်။ လက်တွေ့တွင်၊ သူတို့က မျိုးစုံသော အရာတွေကို သင်ပေးနိုင်ကြတယ်။ လူတိုင်းဟာ ဆရာတစ်ယောက်ပဲလို့ ကျွန်မ ယုံကြည်တယ်။ ရှင်တို့လည်း ဆရာပါ၊ ကျွန်မလည်း ဆရာပါ။ ဒီနေရာမှာ အသက်က ဘယ်လောက်၊ လိင်ကပါလဲ၊ လုပ်တဲ့ အလုပ်က ဘာလဲ၊ အရေးမကြီးပါဘူး။ ကျွန်မတို့ဟာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ဆရာတွေအဖြစ် မြင်ကြမယ်ဆိုရင်၊ တစ်နေ့နေ့တွင် စံပြဖြစ်တဲ့ ၁ အချိုး ၁ ကို ရရှိလာကြမှာပါ။ ကျေးဇူးတင်ပါတယ်။