မင်္ဂလာ ညနေခင်းပါ။ Harlem Children's Zone မှာ အလုပ်လုပ်ရတာ ကောင်းချီးပေးခံရမှုပါပဲဗျာ။ အာဖရိကန်-အမေရိကန်များ ခေါင်းဆောင်တဲ့ နေထိုင်ရာအခြေပြု ဘက်ပေါင်းစုံ ဝန်ဆောင်မှုတွေကို စီစဉ်ပေးရာတွင် ရှေ့ဆောင် အဖွဲ့အစည်းတစ်ခုပါ။ ပုခက်မှ လုပ်ငန်းခွင်အထိပေါ့ဗျာ။ ဘက်ပေါင်းစုံဆိုတဲ့ စကားလုံးက ကျနော်တို့ လုပ်နေတာရဲ့ အဓိကအချက်ပါပဲ။ ပါဝင်ကူညီပေးခြင်း အများစုက ရှုပ်ထွေးကြီးမားလွန်းတဲ့ ပဟေဠိရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ အာရုံစိုက်တတ်ကြတယ်။ ဒါပေမဲ့ ပဟေဠိကြီးကိုဖြေရှင်းဖို့ အဲ့တာက မလုံလောက်နိုင်ပါဘူး။ ကျနော်တို့က ကျောင်းသားလေးတွေရဲ့ အိမ်ထဲက အခြေအနေနဲ့ အိမ်တွင်းဝန်းကျင်ကို နားမလည်ရင် သူတို့ပညာရေးကိုဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ပိုကျယ်ပြန့်စွာ ကြည့်ရင်၊ ကျန်းမာရေး၊ အာဟာရပြည့်ရေး သို့မဟုတ် ပြစ်မှုဆိုင်ရာတရားမျှတရေး ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့အတွက် ပြောင်းလဲမှုတစ်ခုဆိုတာ ကလေးတစ်ယောက်အတွက် မဟုတ်ဘဲ ဝန်းကျင်ဒေသ တစ်ခုလုံးအတွက်ပါပဲ။ ကျနော်တို့ဟာ ကိစ္စအများကြီးကို တပြိုင်တည်းလုပ်ရပါတယ်။ အဲ့တာ အလုပ်ဖြစ်တာ သက်သေထူပြဖို့ ကျနော်တို့ဆီမှာ အနှစ်၂၀ စာ ဒေတာရှိတယ်။ ကျနော်တို့ရဲ့ ဘေဘီကောလိပ်ကနေ ဘွဲ့ရသူ ၇၀၀၀ ရှိသွားပြီ၊ ကျနော်တို့ ကျောင်းတွေမှာ လူဖြူ-လူမဲ အောင် မြင်မှု ကွာဟချက်ကို အဆုံးသတ်နိုင်ခဲ့ပြီ။ ကျနော်တို့ရဲ့ ကျန်းမာရေး အစီအစဉ်ဖြင့် အဝလွန်မှုနှုန်းကို လျှော့ချနိုင်ခဲ့တယ်။ ပြီးတော့ ကောလိပ်မှာ စာရင်းသွင်းကြတဲ့ ကျောင်းသား တစ်ထောင်နား ရောက်နေပြီ။ ကျနော်တို့ လက်တွဲယက်လုပ်ထားတဲ့ ဝန်ဆောင်မှု ကွန်ယက်က သိပ်ကျစ်လစ်တာမို့ ဘယ်သူမှာမှ အက်ကြောင်းထဲကနေ ထွက်ကျ မသွားနိုင်ပါဘူး။ ကျနော်တို့ဟာ ကမ္ဘာတဝှမ်းက ပညာရှင်တွေကို လှုံ့ဆော်နိုင်ခဲ့ကြတယ်။ US တဝှမ်းမှာ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝန်း ၅၀၀ ကျော်ရှိနေကာ နိုင်ငံ ၇၀ ကျော်တို့ဟာ ကျနော်တို့အဖွဲ့အစည်းရဲ့ ပုံစံကို လေ့လာဖို့ လာခဲ့ကြတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း ကမ္ဘာဂြိုလ်ဆိုင်ရာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ပုံးတွေထဲမှာ သပ်သပ်ရပ်ရပ် သိမ်းပေးထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြေရှင်းနည်းတွေဟာလည်း ဘက်ပေါင်းစုံ ထည့်စဉ်းစားပြီး အားလုံးခြုံငုံမိဖို့ လိုပါတယ်။ အခုဆို ကျနော်တို့ဟာ ကမ္ဘာ့ရောဂါကပ်ကြီးကို ရင်ဆိုင်နေကြရပါတယ်။ ကျနော်တို့ အရင်တည်းက သိရှိခဲ့ကြတဲ့ အမှန် တရားကို COVID-19 က ဖွင့်ထုတ်ပြလိုက်ပါတယ်။ ကျနော်တို့ထဲက အဆင်းရဲဆုံးလူတွေဟာ သူတို့ရဲ့ အသက်တွေနဲ့ နေထိုင်မှုဘဝတွေနဲ့ အမြင်ဆုံး တန်ဖိုးကို ပေးဆပ်နေကြရတယ်။ အာဖရိကန်-အမေရိကန်အသိုင်းအဝန်းမှာ ဒါကို နေ့စဉ်နေ့တိုင်း တွေ့မြင်နေရပြီး၊ ကျနော်တို့ဟာ လူဖြူပြည်သူများနဲ့စာရင် COVID-19 ကြောင့် သေဆုံးကြရမယ့် အလားအလာဟာ ၃.၆ ဆ ပိုများပါတယ်။ ကျနော်တို့နိုင်ငံထဲက ကပ်ရောဂါဗဟိုချက် နယူးယောက်မြို့မှာ အဲဒီလိုကျန်းမာရေး မမျှတမှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာ မမျှတမှုရဲ့ သက်ရောက်မှုကို ပိုဆိုးဝါးစေတာက သိသိသာသာကြီး ပျက်စီးလာနေတဲ့ စီးပွားရေး အခြေအနေပါ။ Harlem ထဲက မိသားစုလေးခုထဲက တစ်ခုဆီမှာ စားနပ်ရိက္ခာ ပြတ်တောက်နေပြီး မိသားစု ၅၇% တို့ကျတော့ ဝင်ငွေမရှိ သို့မဟုတ် အလုပ်မရှိကြောင်း ပြောကြတယ်။ Harlem Children's Zoneရဲ့ အလုပ်တွေကို ပိုနားလည်နိုင်ဖို့အတွက် ဇာတ်လမ်းတစ်ခုကို ကျနော် ပြောပြချင်တယ်၊ နှစ်တန်း ကျောင်းသားလေး Sean ရဲ့ အကြောင်းပေါ့။ Sean က သိပ်ချောတဲ့လူမည်း ကောင်လေးတစ်ယောက်၊ သူ့အပြုံးလေးက သူရှိနေတဲ့ ဘယ်နေရာကိုမဆို ထိန်လင်းသွားစေမှာပါ။ မတ်လတုန်းက ကွာရန်တင်းကာလ စတင်တော့၊ Sean ဟာ အွန်လိုင်းကျောင်းကို မတက်တာကို ကျနော်တို့သတိထားမိတယ်။ ဒါနဲ့ နည်းနည်း စုံစမ်းကြည့်လိုက်တော့ Sean ရဲ့ အမေကို COVID ရောဂါနဲ့ ဆေးရုံတင် လိုက်ရတာကို ကျနော်တို့ သိလာရပါတယ်။ ဒါကြောင့် Sean ဟာ အိမ်မှာပဲ သူ့အဘွားနဲ့ သူ့ရဲ့မွေးချင်း ကလေးငယ်လေးနဲ့ပဲ နေနေခဲ့ရတယ်။ Sean အဖေက ထောင်ထဲ ရောက်နေတော့ Sean ကပဲ အားလုံးကို ပံ့ပိုးပေးသူ ဖြစ်လာခဲ့တယ်။ အဘွားခမျာလည်း ရုန်းကန်နေခဲ့ရတယ်။ အိမ်မှာ စားနပ်ရိက္ခာ များများစားစား မရှိခဲ့ဘူး။ ကလေးအနှီးလည်း နည်းခဲ့ပြီး Sean ထံမှာ ကွန်ပျူတာလည်း မရှိခဲ့ဘူး။ Sean အမေ ဆေးရုံက ဆင်းလာတော့ စိန်ခေါ်မှုတွေဟာ ပိုလို့ကို ဆိုးလာခဲ့တယ်။ အဘွားဆီမှာ ရောဂါအခံတွေ ရှိလို့ သူတို့ဟာ အဘွားနဲ့အတူ ဆက်နေဖို့က မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် Sean၊ သူ့မွေးချင်းကလေးငယ်လေးနဲ့ သူ့တို့အမေတို့ဟာ ခိုကိုးရာ နေရာတစ်ခုဆီ သွားကြရတယ်။ Sean ရဲ့ ဇာတ်လမ်းဟာ Harlem Children's Zone အတွက် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းမျိုးပါဗျာ။ Sean နဲ့တတိုင်းပြည်လုံးက Sean လိုမျိုး ကလေးလေးတွေဟာ ဒီကမ္ဘာကြီးက စီစဉ်ပေးနိုင်တဲ့ အရာတွေ အားလုံးကို ရသင့်ရထိုက်တာကို ကျုပ်တို့ သိကြပေမဲ့ မမျှတမှုက အဲဒီအခွင့် အရေးကို သူတို့ဆီကနေ လုယူနေပါတယ်။ အသားအရောင်ခွဲခြားမှုရဲ့ ရလဒ်နဲ့ သမိုင်းတလျှောက်လုံး ရင်းနှီးမြှပ်နှံမှုတွေ တချိန်လုံး မလုံလောက်ခဲ့မှုဟာ အခုတော့ COVID-19 ကြောင့် ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဘက်ပေါင်းစုံ ပုံစံဟာဖြင့် COVID တိုက်ပွဲထဲတွင် Harlem Children's Zone ရဲ့ အနေအထားဟာ တမူထူးခြားပါတယ်။ Harlem ဒေသထဲမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုကို ကြည့်ကြည့်ရင် မလုပ်မနေရ ကိစ္စမျိုးဖြစ်လို့ ကျနော်တို့က အလုပ်ဖြစ်တဲ့အရာကို သိရှိနေကြလို့ ဒါကို တစ်နိုင်ငံလုံးကို မျှဝေပေးဖို့က ကျနော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ ကျနော်တို့ဟာ လူမှုအသိုင်းအဝိုင်းအတွက် COVID-19 ကယ်ဆယ်ရေးနဲ့ နာလန်ထူရေး ဘက်စုံ တုံ့ပြန်မှုကို ပြုစုနိုင်ခဲ့ကြပါပြီ၊ ကျနော်တို့ လူမှုအသိုင်းအဝန်းမှာ အခြေခံခဲ့ပြီး အဓိကလိုအပ်ချက် နယ်ပယ် ၅ ခုကို အာရုံစိုက်ပေးကာ Sean လို မိသားစုတွေကို ကူညီထောက်ပံ့နေတဲ့ အစီအစဉ်ပါ။ အဲ့နယ်ပယ် ၅ ခုကတော့ တစ်။ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ။ ကျနော်တို့မိသားစုများက ငွေသားကို ချက်ချင်း လက်ငင်း လိုအပ်နေတာ ကျနော်တို့သိတယ်။ နှစ်။ ကျနော်တို့ထဲက ထိခိုက်နစ်နာလွယ်သူ တို့ကို ကာကွယ်ပေးဖို့ပါ။ ကျနော်တို့ မိသားစုတွေဟာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သတင်းအချက်အလက်တွေ ရရှိပိုင်ခွင့် ရှိကြရမယ်။ အစားအစာနဲ့ နှာခေါင်းစည်းတွေ အသေအချာ ရွေးထားတဲ့ ရင်းမြစ်စာရင်းနဲ့ လူထုကျန်းမာရေး အစီအစဉ် စသဖြင့်ပေါ့လေ။ သုံး။ ဒီဂျစ်တယ်အရ ကွာဟမှုကို ပေါင်းကူးပေးဖို့ပါ။ အင်တာနက်ဟာ အခြေခံ ရပိုင်ခွင့်ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့မိသားစုတွေ ချိတ်ဆက်နိုင်စွမ်း ရှိကြတာ၊ ကျောင်းနေအရွယ် ကလေးရှိတဲ့ အိမ်ထောင်စုတိုင်းထဲတွင် သင့်တော်တဲ့ သင်ကြားရေးကိရိယာတွေ ရှိတာကို အာမခံပေးဖို့ လိုပါတယ်။ လေး။ ပညာရေး ဆုံးရှုံးမှု လုံးဝမရှိရေး။ ကျောင်းသား မျိုးဆက်တစ်ခုလုံးဟာ ပညာရေးနှစ် တစ်နှစ်လုံး ဆုံးရှုံးရမယ့် အန္တရာယ်မျိုးရှိနေတာကို ကျနော်တို့ သိကြပါတယ်။ ကျနော်တို့ စီစဉ်ထုတ်လွှင့်ပေးကြတဲ့ အွန်လိုင်း ပို့ချချက်တွေ အရည်အသွေး မြင့်ဖို့အပြင် ကျောင်းပြန်ဖွင့်ရင် လုံခြုံစွာ ကျောင်းပြန် တက်နိုင်ဖို့ကို အာမခံပေးဖို့ လိုပါတယ်။ ငါး။ စိတ်ကျန်းမာရေး အကျပ်အတည်း လျော့နည်းစေရန် ကူညီပေးရေး။ ဒီမျိုးဆက်ဟာ အန္တရာယ်များတဲ့ စိတ်ဖိစီးမှု တွေ အလုံးအရင်းနဲ့ ရင်ဆိုင်ရမှာမို့ PTSD ဆိုင်ရာ ပြဿနာတွေ ကြုံကြရမှာကို စိုးရိမ်ရပါတယ်။ ကျနော်တို့ မိသားစုတွေဆီမှာ တယ်လီဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုနဲ့ တခြားအွန်လိုင်း ကူညီမှုတွေရရှိမှာကို အာမခံပေးရမယ်။ US မြို့ကြီး ခြောက်မြို့မှာ ကျနော်တို့ရဲ့ အရမ်းမိုက်တဲ့ ပါတနာ‌ခြောက်ဖွဲ့ရှိကြပြီး သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံကိုယူပြီး သူတို့အသိုင်းအဝန်းနဲ့ လိုက်ဖက်အောင် ပြုပြင် ဆောင်ရွက်နေကြပါတယ်။ အဲ့မြို့တွေက Oakland, Minneapolis Chicago, Detroit, Newark နဲ့ Atlanta တို့ ဖြစ်ကြပါတယ်။ အဲ့ဒီပါတနာတွေအပြင် ကျနော်တို့မှာ နိုင်ငံတော်အဆင့် ပါတနာ သုံးခုလည်း ရှိသေးရာ၊ သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံနဲ့ နည်းဗျူဟာတွေကို သူတို့ရဲ့ ကွန်ယက်မှတစ်ဆင့် ဝေမျှရင်း ကျနော်တို့ရဲ့ အကျိုးသက်ရောက်မှုကို မူဝါဒကို ရှင်းပြပေးခြင်းဖြင့် ပိုပြီး ထိရောက်လာစေပါမယ်။ ကျနော်တို့ဟာ အဆင့် သုံးဆင့်မှာ သက်ရောက်မှု ရှိလာပါမယ်။ လူတစ်ဦးချင်းစီအတွက် သက်ရောက်မှုကို Harlem ဒေသထဲမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ အကျိုးရလဒ်တွေ တသီကြီးကို လူသုံးသောင်းအထိ ခံစားနေကြရပြီ။ လူမှုအသိုင်းအဝန်းအဆင့် သက်ရောက်မှု အနေနဲ့က မြို့ကြီး ၆ မြို့မှာ ကျနော်တို့ရဲ့အရမ်းမိုက်တဲ့ ပါတနာတွေကနေတစ်ဆင့် နောက်ထပ် လူပေါင်း ခုနှစ်သောင်းတို့ ခံစားကြရမှာပါ။ ပြီးတော့ နိုင်ငံတော်အဆင့် သက်ရောက်မှုက မူဝါဒကို ရှင်းပြခြင်းဖြင့်သာ မကဘဲ၊ လုပ်နိုင်စွမ်းကို စကေးကြီးဖြင့် တည်ထောင်ပေးမှုပါ။ COVID-19နဲ့ ကျနော်တို့ လူ့အသိုင်းအဝန်းကို ဒုက္ခပေးနေတဲ့ စိတ်ပျက်မှု၊ မမျှတမှုတွေ အတွက် ကျနော်တို့ရဲ့ အဖြေကတော့ နေထိုင်ရာဒေသတွင်း ဘက်ပေါင်းစုံ ဝန်ဆောင်မှုတွေ စီစဉ်ပေးခြင်းပဲ ဖြစ်တယ်။ ကျနော်တို့ဟာ မျှော်လင့်ချက်တွေ ပျောက်မသွားသေးပါဘူး။ ဒီစစ်ပွဲရှေ့တန်းမှာ ကျနော်တို့နဲ့ လက်တွဲ ပါဝင်ဖို့ ခင်ဗျားတို့ကို ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။