ကျွန်မ(၉)နှစ် လောက်တုန်းက နွေရာသီစခန်းကို ပထမဆုံးအကြိမ် သွားခဲ့တယ် အမေက ခရီးဆောင်အိတ်အပြည့် စာအုပ်တွေ ထည့်ပေးလိုက်ပြီး ကျွန်မအတွက်တော့ တကယ့်ကို သမားရိုးကျဖြစ်စဉ်ပုံရပါတယ်။ ကျွန်မတို့မိသားစုမှာ စာဖတ်တာက အဖွဲ့လိုက်လုပ်နေကျပဲ ဒါက လူမှုရေးမရှိဘူးလို့ ထင်ရပေမဲ့ ကျွန်မတို့အတွက်တော့ မတူတဲ့ လူမှုရေးလုပ်နည်း တစ်မျိုးပါ အနားမှာထိုင်နေတဲ့ မိသားစုရဲ့ နွေးထွေးမှုကို ခံစားနေတဲ့ တချိန်ထဲမှာပဲ ကိုယ်သွားချင်တဲ့ စွန့်စားကမ္ဘာကို လွတ်လွတ်လပ်လပ် အတွေးထဲမှာ သွားနိုင်တယ် စခန်းမှာလည်း ဒီလိုပုံစံပဲ ဖြစ်ပြီး ပိုတော့ကောင်းမယ်လို့ ထင်ခဲ့တယ် (ရယ်သံများ) သစ်သားအိမ်လေးထဲမှာ မိန်းကလေး(၁၀)ယောက် ညဝတ်အကျီဆင်တူနဲ့ စာအုပ်တွေ ဇိမ်နဲ့ ထိုင်ဖတ်နေကြတာ မြင်ယောင်မိတယ် (ရယ်သံများ) စခန်းက အရက်မပါတဲ့ စည်ဘီယာပါတီနဲ့ ပိုတူတယ် ပထမဆုံးနေ့ မှာတင် အတိုင်ပင်ခံဆရာမက ကျွန်မတို့ကို စုဝေးစေပြီး စခန်းတစ်လျှောက်လုံး နေ့တိုင်း ဆိုရမဲ့ ကြွေးကြော်သံကို စခန်းတွင်းစိတ်ဓါတ် ဝင်လာအောင် သင်ပေးတယ် ဒီလို ဆိုရမှာပါ "R-O-W-D-I-E, ရောင်းဒီ ဗရုတ်ကျခြင်းကို ဒီလိုစာလုံးပေါင်းပါတယ် ရောင်းဒီ ရောင်းဒီ ငါတို့အားလုံး ကျယ်ကျယ်လောင်လောင် ဗရုတ်ကျကြစို့ (ရယ်သံများ) ရေး……. . ဘာလို့ ကျွန်မတို့က ကျယ်လောင် ဗရုတ်ကျရမှာလဲ ပြီးတော့ ရောင်းဒီကို ဘာလို့ စာလုံးမှားပေါင်းတာ စဉ်းစားလို့ကိုမရဘူး (ရယ်သံများ) ဒါပေမယ့် ကြွေးကြော်သံကိုတော့ အများနည်းတူ လိုက်ဆိုလိုက်ပါတယ် ကျွန်မအကောင်းဆုံး လုပ်ခဲ့ပါတယ် ပြီးတော့ ကျွန်မရဲ့စာအုပ်တွေ ပြန်ဖတ်နိုင်မယ့် အချိန်ကို စောင့်နေခဲ့တယ် ဒါပေမဲ့ စာအုပ်တွေကို အိတ်ထဲက စစထုတ်လိုက်ခြင်းမှာပဲ နှစ်ထပ်ခုတင်ကအမိုက်စားကောင်မလေး ရောက်လာပြီး "နင်ဘာလို့ လူကြီးဆန်ဆန်ကြီးလုပ်နေတာလဲ" လို့မေးပါတယ် ဒါပေါ့ လူကြီးဆန်တာက ဗရုတ်ကျတာနဲ့တော့ လုံးဝ ပြောင်းပြန်ပါ ဒုတိယအကြိမ် ထုတ်မယ်လည်းလုပ်ရော စိုးရိမ်တဲ့မျက်နှာနဲ့ အတိုင်ပင်ခံဆရာမ ရောက်လာပြီး စခန်းရဲ့ စိတ်ဓါတ်အားမာန်အကြောင်း ထပ်ပြောပြီး ဖော်ဖော်ရွေရွေ နေတတ်အောင် ကြိုးစားရမယ် လို့ပြောပါတယ် ဒါနဲ့ စာအုပ်တွေကို အိတ်ထဲ ပြန်သိမ်းလိုက်ပြီး ခုတင်အောက်ထဲ ပြန်ထည့်ထားလိုက်တယ် နွေရာသီ တစ်လျှောက်လုံး ပြန်မထုတ် ဖြစ်တော့ပါဘူး အဲ့ဒီအတွက် အပြစ်မကင်းသလို ခံစားရတယ် ဘယ်နည်းမဆို စာအုပ်တွေ ကျွန်မကို လိုအပ်ပြီး အော်ခေါ်နေပေမဲ့ ကျွန်မကသူတို့ကို ပစ်ပယ်ထားသလို ခံစားရတယ် ဒါပေမဲ့ သူတို့ကိုတကယ် ပစ်ထားလိုက်တာပဲ။ စခန်းပြီးလို့ မိသားစုဆီ ပြန်ရောက်တဲ့အထိ အဲ့ဒီအိတ်ကို ထပ်မဖွင့်ဖြစ်တော့ဘူး အခု ရှင်တို့ကို နွေရာသီစခန်းအကြောင်း ပြောပြတာပါ ရှင်တို့လို အခြားလူ(၅၀)ကိုလည်း ဒီအတိုင်း ပြောပြဖြစ်မှာပဲ အမြဲတမ်း ကြားနေရတာက ကျွန်မရဲ့ အေးအေးဆေးဆေးနဲ့ တစ်သီးတသန့်လို နေတတ်တဲ့အကျင့်က မှန်ကန်တဲ့အရာ မဟုတ်ဘဲ ဖော်ဖော်ရွေရွေ ဘွင်းဘွင်းနေတတ်အောင် လုပ်ရမယ်ဆိုတာပါပဲ ဒါပေမယ့် ဒါကမမှန်ဘူး တသီးတသန့်နေတတ်သူတွေလည်း ဘွငါးဘွင်းသမားတွေလို အစွမ်းထက်ကြတာပဲလို့ စိတ်ထဲအမြဲတွေးမိတယ် နှစ်များစွာ ဒီအသိစိတ်ကို ငြင်းပယ်ခဲ့ပြီး အလုပ်အများကြီးထဲက အမြဲဖြစ်ချင်ခဲ့တဲ့ စာရေးဆရာအလုပ်ကို မလုပ်ဘဲ Wall Street ရှေ့နေဖြစ်လာခဲ့တယ် ရဲရင့်ပြီး၊ တော်၊တတ်ကြောင်း ကိုယ့်ဟာကိုယ် သက်သေပြချင်တာလည်း ပါတာပေါ့ လူစည်ကားတဲ့ ဘားတွေကို အမြဲသွားခဲ့ပြီး တစ်ကယ်က သူငယ်ချင်းတွေနဲ့ ညစာကောင်းကောင်းစားဖို့ ပိုနှစ်သက်ခဲ့တာ ကိုယ့်ကိုကိုယ် ငြင်းပယ်တဲ့ ရွေးချယ်မှုတွေကို အလိုလျောက်လုပ်နေမိပြီး လုပ်နေမှန်းတောင် သတိမထားမိခဲ့ဘူး ဒါက တသီးတသန့်သမားတွေလုပ်လေ့ရှိပြီး ကျွန်မတို့အတွက် သေချာတဲ့ အရှုံးပါ လုပ်ဖော်ကိုင်ဖက်တွေ အတွက် အရှုံး လူ့အသိုင်းအဝိုင်း အတွက်လည်း အရှုံးပါပဲ ကြီးကြီးကျယ်ကျယ်ပြောရရင် ကမ္ဘာကြီးအတွက်လဲအရှုံးပါ အကြောင်းက ဖန်တီးမှုနဲ့ ခေါင်းဆောင်မှုအပိုင်းမှာ တသီးတသန့်သမား၏တွေ အကောင်းဆုံး လုပ်ကြဖို့လိုအပ်တယ် လူဦးရေ ၃ပုံ ၁ပုံ ကနေ တစ်ဝက်အထိက introvert တွေပါ ၃ ပုံ ၁ ပုံ ကနေ တစ်ဝက်အထိ ဒါဆို အသိထဲက ၂ယောက်၊၃ယောက်မှာ ၁ ယောက်က တသီးတသန်နေသူပေါ့။ ရှင်တို့ကိုယ်တိုင် extrovert ဆိုရင်တောင် လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်ထောင်ဖက်၊ ကလေးတွေနဲ့ အခု ရှင်တို့ဘေးမှာ ထိုင်နေတဲ့ သူတွေလည်း လူ့အသိုင်းအဝိုင်းမှာ အမှန်လို အမြစ်တွယ်နေတဲ့ ဒီဘက်လိုက်မှုကို ခံရတယ် ကျွန်မတို့အရမ်းငယ်တဲ့အရွယ် စကားမပြောတတ်ခင်ကထဲက ဒီလိုပဲ ခံယူထားကြတယ် ဒီဘက်လိုက်မှုကို သေချာသိဖို့ဆိုရင် တစ်သီးတသန့်နေတတ်ခြင်း ဆိုတာဘာလဲ နားလည်ဖို့လိုမယ် သူက ရှက်တတ်ခြင်း နဲ့မတူပါဘူး ရှက်တတ်ခြင်းက ဝေဖန်ခံရမှာ ကြောက်တာပါ တသီးတသန့်နေတတ်ခြင်းက လူမှုရေးအပါအဝင် လှုံ့ဆော်မှုတွေကို ဘယ်လိုတုံ့ပြန်လဲ အပေါ်မှာ မူတည်တယ် ဘွင်းဘွင်းသမားတွေက လှုံဆော်မှု များများကို တောင့်တကြပြီး တသီးတသန့်နေတတ်သူ တွေက တိတ်ဆိတ်ပြီး၊ ခပ်လျှိုလျှို အနေအထားမျိုးမှာ ပိုအလုပ်လုပ်နိုင် ကြတယ် အမြဲတမ်း မဟုတ်ပေမဲ့ ယေဘုယျအားဖြင့်တော့ ဒီအတိုင်းပဲ ဒါကြောင့် ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်တွေ အမြင့်ဆုံးဖြစ်စေဖို့ မှန်ကန်တဲ့ လှုံ့ဆော်မှုကို ပေးရမှာဖြစ်တယ် ဒီမှာတင် ဘက်လိုက်မှု စပါပြီ ကျွန်မတို့ရဲ့ အကောင်းဆုံး တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ အလုပ်တွေက လှုံ့ဆော်မှု အများကြီးလိုတဲ့ extrovert တွေအတွက်ပဲ အံကိုက် လုပ်ထားသလို ဖြစ်နေတယ် ပြီးတော့ တည်ထွင်ဖန်တီးမှုနဲ့ ကုန်ထုတ်စွမ်းအား အကုန်လုံးက အုပ်စုလိုက်လုပ်ခြင်းကပဲ ဖြစ်လာတယ်ဆိုတဲ့ အုပ်စုလိုက် စဉ်းစားထင်မြင်ချက်ပေးတဲ့ စနစ်သစ်ကြီးရှိနေတယ် ဒါကြောင့် ကနေ့ စာသင်ခန်းတစ်ခုကို မြင်ကြည့်ရင် ကျွန်မ ကျောင်းတက်တုန်းက ထိုင်ခုံတွေက ဒီလိုမျိုး ခုံတန်းတွေအလိုက် ထိုင်ရတယ် အလုပ်အကုန်နီးပါး မိမိဘာသာ ဆုံးဖြတ်လုပ်ရတယ် ဒီခေတ် စာသင်ခန်းတွေမှာတော့ ခုံတွေကို ပူးထားတယ် ကလေး ၄၊၅၊၆ (သို့)ရ ယောက်လောက်က မျက်နှာချင်းဆိုင် ထိုင်ရတယ် ကလေးတွေက မရေတွက်နိုင်တဲ့ အုပ်စုသင်ခန်းစာတွေ လုပ်ရတယ် သင်္ချာနဲ့ ဖန်တီးရေးသားမှု ဘာသာရပ် တွေမှာတောင် တစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပေါ်မှာ မူတည်တယ်လို့ ထင်ထားပေမယ့် ကလေးတွေက ကော်မတီဝင်တွေလို အုပ်စုလိုက် အလုပ်လုပ်ကြရတယ် ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ သီးသန့်အလုပ်လုပ်ချင်တဲ့ ကလေးတွေကျတော့ ယေဘုယျအားဖြင့် ဘေးထွက်နေတဲ့သူတွေ ပိုဆိုးတာက ပြဿနာကလေးတွေလို့ မြင်ကြတယ် ဆရာ အများစုကလည်း introvert ကလေးတွေက အမှတ်ပိုကောင်းပြီး ဗဟုသုတပိုကြွယ်ဝတယ်လို့ စစ်တမ်းတွေအရ သိရတာတောင် စံပြကျောင်းသား တစ်ယောက်ဟာ ဘွင်းဘွင်းသမားတွေ ဖြစ်ရမယ်လို့ ယုံကြည်ကြပြီး အစီရင်ခံကြတယ် (ရယ်သံများ) ဟုတ်ပြီ၊ ကျွန်မတို့အလုပ်တွေမှာလည်း ဒီအတိုင်းပဲ အခုကျွန်မတို့က အခန်းမဖွဲ့ထားတဲ့ ရုံးခန်းတွေမှာ အလုပ်လုပ်ကြတယ် နံရံတွေ ကန့်မထားတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြည့်နဲ့ဆူညံသံတွေ အမြဲမြင်နေ၊ ကြားနေရတယ် ခေါင်းဆောင်မှုပိုင်းမှာဆိုရင် introvert တွေက ကနေ့အများနှစ်သက်ကြတဲ့ စိန်ခေါ်မှုကြီးတွေကို ယူလေ့မရှိကြပေမဲ့ ခေါင်းဆောင်ပိုင်း တာဝန်ကိုတော့ လုပ်ရိုးလုပ်စဉ်အရ လွှဲပြောင်း တာဝန်ယူရပါတယ် Wharton School က Adam Grant ရဲ့ စိတ်ဝင်စားစရာ သုတေသနအရ introvert ခေါင်းဆောင်တွေဟာ ဘွင်းဘွင်းတွေထက် ရလဒ်ကောင်းတွေ စွမ်းဆောင်နိုင်တယ် တသီးတသန့်နေတတ်သူတွေက တက်ကြွတဲ့ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့အခါ သူတို့ရဲ့အကြံဉာဏ်တွေကို ထုတ်ဖော်ခွင့်ပေးပြီး၊ ဘွင်းဘွင်းသမားတွေက မရည်ရွယ်ပေမဲ့ စိတ်လှုပ်ရှားမှု များပြီးတော့ ကိုယ့်အကြံအစည်အတိုင်း လုပ်တဲ့အခါမှာ တစ်ခြားသူတွေရဲ့ အကြံဉာဏ်တွေကို အလွယ်တကူ ထွက်မလာစေတော့ဘူး တစ်ကယ်က သမိုင်းမှာ ပြောင်းလဲမှုလုပ်တဲ့ ခေါင်းဆောင်အချို့ကတသီးတသန့်နေတတ်သူတွေပါ။ ဥပမာအချို့ ပေးပါမယ် Eleanor Roosevelt, Rosa Parks နဲ့ Gandhi တို့ပါ သူတို့အကုန်လုံးက စကားနည်းပြီး အပြောအဆို ညင်သာတဲ့အပြင် ရှက်တောင်ရှက်တတ်ပါတယ် သူတို့ လုံးဝကိုမလုပ်ချင်ပေမဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ကြတယ် ဒါက အလိုလိုဖြစ်လာတဲ့ စွမ်းအင်ပါ ဒီခေါင်းဆောင်တွေက အခုလိုပဲ့ကိုင်ပေးနေတာဟာ လူတွေကို ညွှန်ကြားရတာကြိုက်လို့ ဒါမှမဟုတ် လူကြည့်ခံချင်လို့မဟုတ်ဘဲ၊ သူတို့မှန်တယ်တင်တာကို လုပ်နိုင်ဖို့အတွက် အခြားရွေးချယ်စရာလမ်း မရှိတော့လို့ပါ အခုဒီအချိန်မှာ ဘွင်းဘွင်းသမားတွေကို တစ်ကယ်ပဲ သဘောကျပါတယ်လို့ ပြောပြဖို့ အရေးပါလာပါပြီ ကျွန်မရဲ့ ချစ်ခင်ပွန်းအပါအဝင် သူငယ်ချင်း အချို့က extrovert တွေ ဆိုတာကို အမြဲပြောချင်ခဲ့ပါတယ် တသီးတသန့်နေတတ်သူ နဲ့ ဘွင်းဘွင်းသမား ဒီနှစ်ခုကြားမှာ တစ်ချိန်မှာတော့ ကျွန်မတို့ ကျဆုံးကြတာပါပဲ ဒီစကားအသုံးအနှုန်းတွေကို ဦးဆုံး စထွင်ခဲ့တဲ့ စိတ်ပညာရှင် Carl Jung ကတောင် တသီးတသန့် အစစ်၊ ဘွင်းဘွင်း အစစ် ဆိုပြီး မရှိပါဘူး လို့ပြောတယ် အဲ့လို လူမျိုးရှိခဲ့ရင်တောင် အရူးထောင် ထဲမှာပဲရှိမယ်လို့ သူကပြောတယ် တစ်ချို့လူတွေက တသီးတသန့် သို့မဟုတ် ဘွင်းဘွင်း နှစ်မျိုးနှစ်စားကြား ဖြစ်ပြီး သူတို့ကို ဒွန်ဘာဝရှိသူလို့ခေါ်တယ် သူတို့ကတော့ အကောင်းဆုံးတွေကို ရထားတယ်လို့ မကြာခဏတွေးမိတယ် ဒါပေမယ့် လူအများစုကတော့ ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာ သိကြတယ် ပြောချင်တာက လိုအပ်နေတဲ့ Yin သို့မဟုတ် Yang ကို ထပ်ဖြည့်လိုက်ရင် ပိုကောင်းတဲ့ သဘာဝရှိတဲ့သူဖြစ်လာမှာပါ ဖန်တီးနိုင်ခြင်း၊ လုပ်နိုင်စွမ်းတို့နဲ့ ပတ်သက်လာရင် ဒီအချက်က အရမ်းအရေးကြီးပါတယ် စိတ်ပညာရှင်တွေက ဖန်တီးမှုအားကောင်းသူတွေကို ကြည့်လိုက်တဲ့အခါမှာ သူတို့က စိတ်ကူး ဖလှယ်တာတွေ အကြံအစည်တိုးတက်အောင် တွေလုပ်တတ်ပြီး တစ်သီးတသန့်နေတတ်တဲ့ ဉာဉ်လည်းအများကြီးရှိကြောင်း တွေ့ရှိခဲ့တယ် အကြောင်းကတော့ တစ်ကိုယ်တည်းရှိခြင်းဟာ ဖန်တီးနိုင်စွမ်းအတွက် အရေးပါတဲ့အရာ ဖြစ်လို့ပါပဲ ဒါဆို Darwin က တောထဲမှာ တစ်ယောက်တည်း လမ်းလျှောက်ပြီး ညစာစားပွဲ ဖိတ်ကြားချက်တွေကိုလည်း အပြတ်ငြင်းခဲ့မှာပဲ Dr. Seuss လို့လူသိများတဲ့ Theodor Geisel က အံ့သြစရာ ဖန်တီးမှုတွေကို La Jolla, California မှာရှိတဲ့ သူ့အိမ်အနောက်ဖက်က လူသူကင်းမဲ့ ခေါင်းလောင်းမျှော်စင် ရုံးခန်းလေးမှာ စိတ်ကူးခဲ့တယ် သူ့စာအုပ်တွေကိုဖတ်တဲ့ ကလေးငယ်တွေက သူ့ကို ပျော်ပျော်နေတတ်သူ Santa Clause လိုပုံစံမြင်ယောင်ထားကြပြီး ဣန္ဒြေကြီးတဲ့ သူ့ရဲ့အပြင်ပန်းပုံကိုတွေ့ရင် စိတ်ပျက်သွားမှာ စိုးတဲ့အတွက် ကလေးတွေကိုတွေ့ရမှာ ဝန်လေးခဲ့တယ် Steve Wozniak က ပထမဆုံး Apple ကွန်ပျူတာကို Hewlett-Packard မှာအလုပ်လုပ်နေတုန်းက သူ့အိပ်ခန်းငယ်လေးထဲမှာ တစ်ယောက်ထဲ တည်ထွင်ခဲ့တယ် အရွယ်ရောက်ချိန်မှာ အိမ်ကနေထွက်သွားတဲ့အထိ တစ်သီးတသန့်နေတတ်သူ မဖြစ်ခဲ့ရင် ဒီလို ကျွမ်းကျင်သူလည်း ဖြစ်လာခဲ့မှာ မဟုတ်ဘူးလို့ သူကပြောတယ် အခုပြောချင်တာက ပူးပေါင်းဆောက်ရွက်တာတွေ ရပ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး ဥပမာပေးရရင် Steve Wozniak က Steve Jobs နဲ့ ပူးပေါင်းပြီး Apple ကွန်ပြူတာကို အောင်မြင်စွာ စတင်နိုင်သလိုပါပဲ ဒါပေမဲ့ တစ်ကိုယ်တည်းဖြစ်ခြင်းက တစ်ကယ်ကို အရေးပါပြီး၊ တစ်ချို့ လူတွေအတွက်က ရှူရှိုက်လိုက်တဲ့ လေလိုပါပဲ တစ်ကိုယ်တည်းဖြစ်ခြင်းရဲ့ အစွမ်းကောင်းတွေ ကိုသိလာတာ ရာစုနှစ်များစွာကထဲကဖြစ်ပြီး မကြာသေးခင်ကမှ ကျွန်မတို့ မေ့လျော့စ ပြုလာကြတယ် များစွာသော ကမ္ဘာ့ဘာသာကြီး တွေကိုကြည့်ရင် ရှာဖွေသူတွေကို တွေ့ရမှာပါ Moses, Jesus, Buddha, Muhammad စသည်ဖြင့် သူတို့ဟာ တစ်ကိုယ်တည်း တောထွက်ပြီး ရလာတဲ့ ဘာသာရေးအယူဝါဒတွေနဲ့ ဗျာဒိတ်တော်တွေကို လူ့အဖွဲ့အစည်းတွေဆီ ပြန်ယူလာတာဖြစ်တယ် ဒါကြောင့် တောထွက်ခြင်းမရှိရင် ဗျာဒိတ်တော်လည်း မရှိဘူး ခေတ်ပြိုင်စိတ်ပညာရဲ့ အမြင်နဲ့ ကြည့်ရင်တော့ အံ့သြစရာ မဟုတ်ပါဘူး လတ်စသတ်တော့ ကျွန်မတို့ကလူအုပ်ကြားထဲ ရောက်ရင် တို့သဘောထားတွေကို အလိုအလျောက် အတုခိုး လုပ်တတ်ကြလို့ပါ ဘယ်သူ့ကို သဘောကျလဲဆိုတဲ့ ကိုယ်ရေးကိုယ်တာနဲ့ ရင်ဖွင့်စရာတွေကိုတောင် ကိုယ့်အနားမှာ ရှိတဲ့သူတွေရဲ့ သဘောထားကို သတိမထားမိဘဲ အတုခိုးမိတတ်ကြတယ် အပြောကောင်းတာနဲ့ အကြံဉာဏ်ကောင်းတာက လုံးဝဆက်စပ်မှုမရှိပေမဲ့လည်း အတန်းထဲက ထင်ရှားသူပေါ်လွင် သူတွေရဲ့ ယုံကြည်မှုတွေကို လိုက်နာတတ်ကြတယ် ဒါက လုံးဝကိုဆက်စပ်မှု မရှိတာပါ ဒါကြောင့်--- (ရယ်သံများ) အကြံဉာဏ် အကောင်းဆုံး သူနောက် လိုက်ချင်လဲလိုက်မယ် မလိုက်ချင်လည်း မလိုက်ဘူးပေါ့ ဒါမှမဟုတ် အခွင့်အရေး ရ-မရ အပေါ်ပဲ ပုံချထားလိုက် ချင်တာလား? လူတိုင်း ကိုယ့်အကြံဉာဏ်ကို သီးသန့် စဉ်းစားထုတ်ဖော်စေပြီး အုပ်စုတွေရဲ့လွှမ်းမိုးဖျက်စီးမှုက ကင်းစေကာ နောက်မှ တစ်ဉီးချင်းစီရဲ့ အကြံဉာဏ်တွေကို အဖွဲ့လိုက် ပြန်ပူးပေါင်းခြင်းဖြင့် အကောင်းဆုံး အကြံဉာဏ်တွေရယူနိုင်မှာပါ အခု ဒါတွေအားလုံးက အမှန်ဆိုရင် ဘာလို့ ကျွန်မတို့အမှားတွေ လုပ်နေသေးတာလဲ ကျွန်မတို့ ကျောင်းတွေနဲ့ အလုပ်တွေကို ဘာလို့ဒီပုံစံ လုပ်ထားတာလဲ ပြီးတော့ ဒီ တသီးတသန့်သမားတွေက တစ်ခါတလေ သီးသန့်နေတတ်တာကို ဘာကြောင့် အပြစ်ရှိသလို ခံစားစေတာလဲ ယဉ်ကျေးမှုသမိုင်းမှာ နက်ရှိုင်းတဲ့ အဖြေတစ်ခုရှိတယ် အနောက်တိုင်း လူ့ဘောင်အဖွဲ့အစည်းနဲ့ အထူးသဖြင့် U.S မှာ ဆင်ခြင်တွေးခေါ်သူထက် လက်တွေ့လုပ်သူကို ပိုနှစ်သက်ကြတယ် ဒါပေမဲ့ အမေရိကန် အစောပိုင်းကာလတွေမှာ သမိုင်းပညာရှင်တွေပြောတဲ့ အကျင့်ကောင်းကို ဉီးစားပေးတဲ့ကာလမှာ ကျွန်မတို့ နေခဲ့ကြပြီး လူတွေကိုအတွင်းစိတ်နဲ့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားအလိုက် တန်ဖိုးထားကြတယ် အဲ့ဒီခေတ် တက်ကျမ်းစာအုပ်တွေ အားလုံးမှာ "တန်ဖိုးအမြင့်ဆုံးသော အကျင့်စာရိတ္တ" ဆိုတဲ့ ခေါင်းစဉ်တွေ ကိုတွေ့ရမှာပါ Abraham Lincoln လို နှိမ့်ချပြီး ဟိတ်ဟန်မရှိသူကို စံအနေနဲ့ ဖော်ပြကြတယ် Ralph Waldo Emerson က သူ့ကို ရာထူးကြီးပေမဲ့ ဘဝင်မမြင့်သူ ဆိုပြီး ခေါ်တယ် ဒါပေမဲ့ ၂၀ ရာစုရောက်တဲ့အခါ သမိုင်းပညာရှင်တွေ ပြောတဲ့ ပင်ကိုအရည်အသွေး ယဉ်ကျေးမှု ခေတ်ကို ရောက်လာတယ် တောင်သူလယ်သမား ခေတ်ကနေ စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်တဲ့ခေတ် ဖြစ်လာတယ် ဒါကြောင့် မြို့ငယ်ကလူတွေ မြို့ကြီးဆီ ပြောင်းရွှေ့လာကြတယ် ဒီတော့ တစ်သက်လုံးသိလာတဲ့သူတွေနဲ့ အလုပ်လုပ်ရမဲ့အစား သူစိမ်းတွေကြားမှာ လုပ်နိုင်ကြောင်း အစွမ်းပြရတယ် ဒါကြောင့် ဆွဲဆောင်မှုရှိခြင်း နဲ့ ဦးဆောင်နိုင်ခြင်းတွေက ချက်ချင်း အရေးပါသလို ဖြစ်လာတယ် တက်ကျမ်းစာအုပ်တွေက ဒီလိုအပ်ချက်သစ် အတိုင်း ပြောင်းလဲလာပြီး "သူငယ်ချင်းရမဲ့နည်းလမ်း နဲ့ လူများကိုလွှမ်းမိုးနည်း" စတဲ့ နာမည်တွေဖြစ်လာတယ် စံပြပုဂ္ဂိုလ်တွေကို အောင်မြင်တဲ့ အရောင်းမြှင့်တင်ရေးသမား ပုံစံပြကြတယ် ဒါကတော့ ကျွန်မတို့ ယနေ့ကမ္ဘာကြီးရဲ့ပုံစံနဲ့ ဆက်ခံခဲ့တဲ့ ယဉ်ကျေးမှုအမွေပါ ဒါတွေအားလုံးက လူမှုဆက်ဆံရေး အရေးမကြီးဘူးလို့ ပြောတာမဟုတ်ဘူး အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေ ကိုလည်း လုံးဝပယ်လိုက်ဖို့ ပြောတာမဟုတ်ဘူး သူတော်စင်တွေကို လူသူမဲ့တောင်ထိပ်ပေါ် သွားခိုင်းတဲ့ ဘာသာတရားကပဲ ချစ်ဖို့နဲ့ ယုံကြည်မှုရှိဖို့ကို သင်ပေးပြန်တယ် ယနေ့ သိပ္ပံနဲ့ စီးပွားရေးနယ်ပယ်တွေမှာ ကြုံတေွ့နေတဲ့ ပြဿနာတွေဟာ အရမ်းကြယ်ပြန့် ရှုပ်ထွေးတဲ့အတွက် အဖြေရှာနိုင်ဖို့ လူအများကြီးရဲ့ အကူအညီလိုတယ် အတွင်းစွဲသမားတွေကို လွတ်လပ်စွာ နေစေခြင်းဖြင့် ဒီပြဿနာ တွေအတွက် သူတို့ရဲ့ တမူထူးတဲ့ အဖြေကို ရမှာဖြစ်တယ် ဒါဆိုရင် ဒီခရီးဆောင်အိတ်ထဲ ဘာရှိလဲ ပြောပြချင်ပါတယ် ဘာတွေလဲသိလား? စာအုပ်တွေပေါ့ စာအုပ်တွေ အပြည့်ပါတဲ့ ခရီးဆောင်အိတ်ပေါ့ ဒါက Margaret Atwood ရဲ့ "Cat's Eye" စာအုပ် ဒါက Milan Kundera ရဲ့ ဝတ္ထုပါ ဒါကတော့ Maimonides ရေးတဲ့ "သောကများအတွက်လမ်းညွှန်" စာအုပ်ပါ အားလုံးကတော့ ကျွန်မစာအုပ်တွေ မဟုတ်ပါဘူး ဒါတွေက ကျွန်မအဘိုးရဲ့ အကြိုက်ဆုံး စာရေးဆရာတွေ ရေးထားတဲ့ စာအုပ်တွေပါ ကျွန်မအဘိုးက ဂျူးဓမ္မဆရာ၊ မုဆိုးဖိုတစ်ယောက် ဖြစ်ပြီး Brooklyn က တိုက်ခန်းလေးမှာ တစ်ယောက်ထဲ နေပါတယ် အဲဒီနေရာက ကျွန်မ အရွယ်ရောက်ချိန်မှာ အကြိုက်ဆုံး နေရာလေးဖြစ်ပြီး တစ်စိတ်တစ်ပိုင်းက နူးညံ့ကြင်နာတဲ့ အဘိုးနဲ့အတူ ရှိနေရတာကြောင့်ရယ် စာအုပ်တွေအပြည့် ရှိတာကြောင့်ရယ် လည်းပါတယ် တစ်ကယ့်ကို ဒီအခန်းထဲက စားပွဲတိုင်း၊ ထိုင်ခုံတိုင်းဟာ သူတို့ရဲ့ နဂိုတာဝန်တွေကို လုပ်နေရာကနေ အခုတော့ စာအုပ်ပုံတွေထားရမယ့် နေရာလိုဖြစ်သွားတယ် ကျွန်မတို့ မိသားစုလိုပဲ ကမ္ဘာပေါ်မှာ အဖိုးအကြိုက်ဆုံး အရာကတော့ စာဖတ်ခြင်းပါ သူ့ရဲ့ဘုရားကျောင်းက ဝတ်ပြုသူတွေ ကိုလည်းသူချစ်ပြီး ဓမ္မဆရာသက်တမ်း (၆၂) နှစ်အတွင်း အပတ်တိုင်း သူဟောခဲ့တဲ့ ဒေသနာတွေထဲမှာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ခံစားသိနိုင်တယ် အပတ်တိုင်း ဖတ်ခဲ့တဲ့စာတွေက ဗဟုသုတတွေကို အသုံးပြုပြီး အမျိုးစုံရှုပ်ထွေးတဲ့ ရှေးခေတ်နဲ့ လူသားဝါဒ အတွေးအခေါ်တွေအကြောင်း ထည့်ဟောပြောပါတယ် လူတွေအဝေးကြီးက တရားဒေသနာကို လာနားထောင်ကြတယ် ဒါပေမယ့် အဖိုးအကြောင်း တစ်ခုပြောရမယ်ဆိုရင် သူက တရားဟောဆရာကြီး ဖြစ်နေပေမဲ့ အလွန်နှိမ့်ချပြီး တစ်ကယ့် သီးသန့်နေတတ်တော့ သူတရားဟော တဲ့အခါ (၆၂) နှစ်တိုင်တရားဟောခဲ့တဲ့ တရားနာသူတွေကို မျက်လုံးချင်းဆိုင်ဖို့ ခက်ခဲခဲ့တယ် တရားဟောမနေတဲ့ အချိန်မှာလည်း သူ့ကို နှုတ်ဆက်တဲ့အခါ သူများတွေ အချိန်ကုန်မှာစိုးလို့ စကားစ အမြန်ဖြတ်လေ့ရှိတယ် ဒါပေမဲ့ အသက် (၉၄) နှစ်မှာ သူဆုံးတဲ့အခါ ဝမ်းနည်းပူဆွေးသူ လူအုပ်ကို နေရာပေးနိုင်အောင် ရဲတွေက သူ့အိမ်ပတ်ဝန်းကျင်က လမ်းတွေကို ပိတ်ထားလိုက်ရတယ် ဒါကြောင့် အခုနောက်ပိုင်းမှာ အဖိုးရဲ့ နမူနာအတိုင်းပဲ ကျင့်သုံးပြီးတော့ မကြာခင်က သီးသန့်နေတတ်ခြင်းအကြောင်း စာအုပ်ကိုထုတ်ဝေခဲ့တယ် စာအုပ်ကို (၇)နှစ်ကြာ ရေးခဲ့ရတယ် အဲ့ဒီ(၇)နှစ်က ကျွန်မအတွက်တော့ ပျော်စရာအတိပါပဲ စာတွေဖတ်လိုက်၊ စာရေးလိုက် စဉ်းစားလိုက် သုတေသနလုပ်လိုက်နဲ့ပေါ့ ဒါကတော့ အဘိုးစာကြည့်တိုက်ထဲ တစ်နေ့တာ တစ်ကိုယ်ထဲ အချိန်ဖြုန်းသလိုမျိုး ကျွန်မရဲ့ပုံစံပါ အခုတော့ ကျွန်မရဲ့အလုပ်က ရုတ်တရက်ကြီး ပုံစံပြောင်းသွားပြီး တစ်သီးတသန့်နေတတ်ခြင်း အကြောင်း အခုလို ဒီမှာလာပြောဖို့ ဖြစ်သွားပါတယ် (ရယ်သံများ) အခုလို ပရိသတ်တွေကို ဟောပြောရတာ သိပ်ဂုဏ်ယူပေမဲ့ ကျွန်မအတွက် လုပ်နေကျအရာ မဟုတ်တော့ အတော်လေးခက်ခဲတယ် ဒါကြောင့် အတတ်နိုင်ဆုံး အကောင်းဆုံး ပြင်ဆင်တယ် ပြီးခဲ့တဲ့ တစ်နှစ်လုံး လူများရှေ့ စကားပြောဖို့ကို အခွင့်အရေးရတိုင်း လေ့ကျင့်ခဲ့တယ် ဒါကတော့ ကျွန်မရဲ့ "အရဲစွန့်ပြီး စကားပြောရတဲ့နှစ်" ပါပဲ (ရယ်သံများ) ကျွန်မအတွက် အတော်လေး အထောက်အကူပြုတယ် ပိုပြီးအထောက်အကူပြုတာက ကျွန်မတို့ တသီးတသန့်သမားတွေရဲ့ ခံယူချက်ကို ပြောင်းလဲမှရတော့မယ်ဆိုတဲ့ အနေအထားမှာ ရှိနေပြီဆိုသည့် အသိနဲ့ ယုံကြည်မျှော်လင့်ချက် ရှိလာလို့ဖြစ်တယ် ဆိုလိုတာက ကျွန်မတို့ အသင့်ရှိနေပြီ ကဲ ဒါဆိုရင် ဒီလိုစိတ်ကူးတူ သူတွေအတွက် တာဝန်(၃)ခု ပေးထားခဲ့ချင်ပါတယ် နံပါတ် (၁) အမြဲ အုပ်စုလိုက်လုပ်ဖို့ ရူးသွပ်တာကို ရပ်တန်းကရပ်ပါ (ရယ်သံများ) ကျေးဇူးတင်ပါတယ် (လက်ခုပ်သံများ) ခုပြောနေတာကို ရှင်းရှင်းလင်းလင်း သိစေချင်တယ် ရုံးတွေက လက်ဖက်ရည်ဆိုင်တွေလို ပေါ့ပေါ့ပါးပါး တွေ့ဆုံစကားပြောတာကို အားပေးသင့်တယ် အမှတ်မထင် တွေ့ဆုံကြပြီး အသိဉာဏ်ဖလှယ်ကြတဲ့ ပုံစံလိုလေးပဲ လုပ်တာကောင်းပါတယ် introvert တွေအတွက်ရော extrovert တွေ အတွက်ရော ပေါ့ ဒါပေမဲ့ အလုပ်ခွင်မှာ သီးသန့်တည်ရှိမှု လွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်ရဖို့ လိုသေးတယ် ကျောင်းတွေမှာလဲ ဒီလိုပါပဲ ကလေးတွေကို အတူတစ်ကွလုပ်ကိုင်တတ်ဖို့ တော့ သင်ပေးရမှာပဲ ဒါပေမဲ့ တစ်ယောက်ထဲလုပ်တတ်ဖို့လည်း သင်ပေးဖို့လိုတယ် နက်ရှိုင်းတဲ့အတွေးအခေါ်တွေက တစ်ကိုယ်ထဲလုပ်ခြင်းကလည်း တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့အတွက် အပြင်စွဲဘာဝ ကလေးတွေလဲ တစ်ဦးထဲ လုပ်နိုင်ဖို့လိုတယ် ဟုတ်ပြီ၊ နံပါတ်(၂) တောထွက်ပါ Buddha လိုမျိုး၊ ကိုယ်ပိုင် ဖွင့်ပြချက်တွေ ရှိပါစေ ဆိုလိုတာက တောထဲမှာ သစ်လုံးအိမ်ဆောက်ပြီး တစ်ယောက်ထဲ သီးသန့် ဘယ်သူနဲ့မှ မဆက်သွယ်ဖို့ ပြောချင်တာ မဟုတ်ပါဘူး ကိုယ့်အကြံအစည်ကို ဖော်ထုတ်နိုင်ဖို့နဲ့ ကိုယ်ပိုင်စဉ်းစား တွေးခေါ်တတ်ဖို့ အချိန်ပိုပေးရမယ်လို့ ပြောချင်တာပါ နံပါတ်(၃) ကိုယ့်စိတ်ကူးထဲမှာဘာရှိလဲ နဲ့ ဘာလို့ သိမ်းထားလဲ သေချာစစ်ဆေးကြည့်ပါ ကဲ ဘွင်းဘွင်းသမားတွေ ရှင်တို့ခရီးဆောင်အိတ် မှာလည်း စာအုပ်တွေ ပြည့်ချင်ပြည့်နေမှာပေါ့ ဒါမှမဟုတ် ရှန်ပိန်ခွက်တွေ (သို့) လေထီးခုန်ဖို့ ကိရိယာတွေနဲ့ ပြည့်နေမလား ဘာပဲဖြစ်နေနေ၊ အခွင့်ရတိုင်း ပြန်ထုတ်ဖော်ဖို့ နဲ့ ရှင်တို့ရဲ့ ပျော်ရွှင်မှုတွေ၊အားအင်တွေ နဲ့ကျွန်မတို့ကို တန်ဆာဆင်ပေးပါ ဒါပေမဲ့ တဝီးတသန်သမားတွေကတော့ ကိုယ့်စိတ်ထဲမှာ ဘာရှိလဲဆိုတာကို မထုတ်ဖော်ပြောမိဖို့ အရမ်းသတိထား နေကြမှာပါ အဲ့ဒီအတွက် ပြဿနာမရှိပါဘူး ဒါပေမဲ့ တစ်ခါတရံလေးမှာတော့ ရှင်တို့ရဲ့ စိတ်ကူးတွေကို အခြားသူတွေ သိနိုင်ဖို့ ပြောပြပေးပါ ကမ္ဘာကြီးက ရှင်တို့ နဲ့ ရှင်တို့ လုပ်ဆောင်ချက်တွေကို လိုအပ်တယ် ဒါကြောင့် ဘဝမှာ အကောင်းဆုံးခရီးဆက်နိုင်ကြဖို့နဲ့ ညင်သာစွာပဲဖြစ်ဖြစ် ပြောရဲဆိုရဲ ရှိပါစေလို့ ဆန္ဒပြုလိုက်တယ် ကျေုးဇူးအများကြီးတင်ပါတယ် (လက်ခုပ်သံများ) ကျေးဇူးပါ။ ကျေးဇူးပါ။ (လက်ခုပ်သံများ)