ဧရာမ ကင်းမြီးကောက် ၇ ကောင် ခြံရံထားတဲ့ နုံးမြေထဲကနေ သူဆင်းရဲမ ပေါ်ထွက်လာခဲ့တယ်။ သူဟာ အစာတောင်းခံဖို့ ကလေးတစ်ဘက်နဲ့ အနီးဆုံး ရွာဆီကို ဦးတည်ခဲ့ပါတယ်။ သူဟာ ခမ်းနားတဲ့ အိမ်တစ်အိမ်ကို ချဉ်းကပ်ခဲ့ပေမဲ့၊ အိမ်ပိုင်ရှင် သခင်မဟာ သူဆင်းရဲမရဲ့ ညစ်ပတ်ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ ထူးဆန်းကြတဲ့ အခြံအရံတွေကို တစ်ချက် ကြည့်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပါတယ်။ အဲဒီလိုနဲ့ လမ်းတစ်လျှောက် ဆက်သွားနေရင်း အိမ်ငယ်လေး တစ်အိမ်ကို ရောက်လာတော့တယ်။ အဲဒီအိမ်က မိန်းမကြီးဟာ လူစိမ်းကို ကရုဏာသက်မိပြီး သူတတ်နိုင်သလောက် အစာတစ်နပ်စာနဲ့ အိပ်ရာခင်း တစ်နေရာကို စီစဉ်ပေးခဲ့တယ်။ သူ့ရဲ့ ဧည့်သည်တော်ဟာ သာမန် သူဆင်းရဲမ မဟုတ်ခဲ့ဘဲ၊ အီဂျစ်ပြည်ရဲ့ ဩဇာအရှိဆုံး နတ်ဘုရားမ Isis ပဲ ဖြစ်ခဲ့တယ်။ Isis ဟာ ခင်ပွန်းသည်ကို အဆုံးစီရင်ပြီး သားငယ် Horus ကိုပါ အစဖျောက်ချင်နေတဲ့ အစ်ကိုတော် Set နတ်ဘုရားရဲ့ လက်ထဲကနေ ရှောင်တိမ်း ပြေးအောင်း နေရတာပါ။ Set ဟာလည်း စွမ်းအားကြီးမားတဲ့ နတ်ဘုရား တစ်ပါးဖြစ်ပြီး သူတို့ကို လိုက်ရှာနေခဲ့တယ်။ Isis ဟာ အယောင်ဖျောက်ဖို့အတွက် သူ့ရဲ့အစွမ်းတွေကို အသုံးမချနိုင်ဘဲ သိုသိုသိပ်သိပ် နေခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ အကူအညီ ကင်းမဲ့နေခဲ့တာတော့ မဟုတ်ပါဘူး။ အဆိပ်ပြင်း သတ္တဝါကြီးတွေရဲ့‌ နတ်ဘုရားမဖြစ်တဲ့ Serket ဟာ Isis နဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့ ကြမ်း ကြုတ်တဲ့ အစေခံ ၇ ယောက်ကို စေလွှတ်ခဲ့ပါတယ်။ Isis နဲ့ Horus ဟာ သူတို့အတွက် နေရာ ထိုင်ခင်းကို ဝင်နေရာ ယူလိုက်တဲ့အခါမှာ၊ ကြီးမတ်တဲ့ သူတို့သခင်မအား သူဠေးမရဲ့ ဆက်ဆံ ပုံကို ကင်းမြီးကောက်တွေ အမျက်ထွက်ကြတယ်။ သူတို့အားလုံး သူတို့ရဲ့အဆိပ်တွေ စုစည်းပြီး ၇ ကောင်ထဲက Tefen ကို ပေးလိုက်ကြတယ်။ ညအမှောင်လွှမ်းချိန်မှာ Tefen ဟာ အိမ်ကြီးဆီကို တွားရင်း ထွက်လာခဲ့တယ်။ သူဟာ တံခါးအောက်ကနေ လျှိုဝင်သွားပြီး၊ အိမ်ပိုင်ရှင်ရဲ့ အိပ်မောကျနေတဲ့ ကလေးငယ်ကို တွေ့မိတာနဲ့၊ အားပြင်းတဲ့ အဆိပ်တွေနဲ့ တုပ်လိုက်တာ့တယ်။ Isis နဲ့ သူ့အိမ်ရှင်တို့ဟာ ကျယ်လောင်တဲ့ ငိုကြွေးသံကြောင့် အလန့်တကြားနိုးလာကြတယ်။ သူတို့ဟာ အိမ်တံခါးပေါက်ကနေ ထွက်ကြည့်လိုက်ကြတော့၊ လမ်းပေါ်မှာ‌ ဆောက်တည်ရာမရ ပြေးလွှားရင်း သားငယ်ကို ပွေ့ဖက်ငိုနေတဲ့ မိခင်ကို တွေ့လိုက်ကြတယ်။ Isis ဟာ သူ့ကို မောင်းထုတ်လိုက်တဲ့ မိန်းမကြီးကို သိလိုက်လို့၊ သူ့ကင်းမြီးကောက်တွေရဲ့ လက်ချက်ပဲလို့ ရိပ်စားမိလိုက်ပါတယ်။ Isis ဟာ ကောင်လေးကို ပွေ့ချီယူလိုက်ပြီး အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ကို စရွတ်တော့တယ်။ အို Tefen ရဲ့ အဆိပ်တို့၊ ကိုယ်ထဲမှ ထွက်လျက် မြေသို့ ခညောင်းလော့။ Tefen ရဲ့ အဆိပ်တွေ ရပ်တန့်သွားပြီး ရှေ့ဆက် မဝင်ဘဲ သူ့ကိုယ်ထဲမှ ထွက်လာကြ၊ မြေသို့ ခညောင်းကြလော့၊ ကြီးမြတ်တဲ့ နတ်ဘုရားမဖြစ်သူ၊ ကျွန်မ Isis ရဲ့ ဂါထာမန္တန်နှင့်အညီ၊ မြေသို့ခညောင်းလော့၊ အို Mestet ရဲ့ အဆိပ် အလျင်အမြန်ထွက်လော့ Mestetef ရဲ့ အဆိပ်၊ Petet နဲ့ Thetet ရဲ့ အဆိပ်တွေ ဆက်မတက်ကြဘဲ Matet ရဲ့ အဆိပ် ပျက်ပယ်စေသား။ သူ ရွတ်လိုက်တဲ့ နာမည်အလိုက် ကင်းမြီးကောက် အဆိပ်တွေ ပျက်ပြယ်သွားပါတော့တယ်။ ကလေးငယ်လည်း သက်သာသွားပြီး သူ့မိခင်ဟာ ငိုကြွေးရင်း ကျေးဇူးတင်ပြီး အစောပိုင်းက သူ့စာနာစိတ် ကင်းမဲ့ခဲ့တာကို ယူကျုံးမရ ဖြစ်ခဲ့လို့၊ နောင်တရတဲ့ အနေနဲ့ သူ့ရဲ့ စည်းစိမ် ဥစ္စာတွေအားလုံးကို Isis အား ဆက်သခဲ့တယ်။ Isis ကို ကူညီခဲ့တဲ့ အိမ်ရှင်မကြီးကတော့ အံ့ဩမှင်သက်စွာနဲ့ ကြည့်ရှုရင်း သူက ခေါ်ယူစောင့်ရှောက်ခဲ့သူရဲ့ သရုပ် အမှန်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ အဲဒီကနေ စပြီးတော့၊ လူတွေဟာ ကင်းမြီးကောက်အကိုက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးဖက်ဝင် ရွှံ့စေးနဲ့ နတ်ဘုရားမ ရွတ်ဖတ်ခဲ့တဲ့ ဂါထာမန္တန်ကို ရွတ် ဖတ်ရင်း ကုသတဲ့နည်းကို ကျင့်သုံးလာခဲ့ကြတယ်။