ကိုယ်ရေးလုံခြုံမှုဆိုတာ ဆုံးရှုံးသွားပြီ လို့ပြောဆိုသံကို ခင်ဗျားတို့ ဘယ်နှစ်ဦးများ ကြားခဲ့ဘူးလဲ။ လက်မြှောက်ကြပါ။ ကျနော့ဆီမှာ ဝှက်စရာ ဘာမှမရှိလို့ ကိုယ်ရေးလုံခြုံမှုကို ကျနော် ဂရုမစိုက်ပါဘူးလို့ ဆိုတာမျိုးကိုကော ခင်ဗျားတို့ထဲက ဘယ်နှစ်ဦး ကြားခဲ့ဘူးလဲ။ ပြောပြကြပါ။ (ရယ်သံများ) အခုတော့၊ ခင်ဗျားတို့ထဲက လျှို့ဝှက်ကုဒ် သွင်းရေး ဆော့ဝဲကို ဘယ်နှစ်ဦး သုံးကြလဲ။ လက်မြှောက်ပြကြပါ။ ဒါမှမဟုတ် အွန်လိုင်း အကောင့် ကာကွယ်ဖို့ စကားဝှက် သုံးကြလား။ ဒါမှမဟုတ် ကိုယ့်အိမ်ထဲက ပြတင်းပေါက်မှာ ကန့်လန့်ကာတွေ အမှောင်ချစရာတွေ သုံးကြလဲ။ (ရယ်သံများ) အိုကေ၊ လူတိုင်းလိုလိုပါပဲ။ (ရယ်သံများ) ကျုပ်တို့ ဘာဖြစ်လို့ အဲဒါတွေကို လုပ်ကြတာလဲ။ ကျနော့အထင် ခင်ဗျားတို့က ကိုယ့်လုံခြုံမှုကို ဂရုစိုက်ကြလို့ပါ။ ကိုယ်ရေး လုံခြုံမှု မရှိတော့ဘူး ဆိုတာ အလကားစကားပါ။ "သူတို့ဆီမှာ ဖုံးကွယ်စရာ ဘာမှမရှိ" ဒါမှ မဟုတ် မှားတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးလို့ လူတွေက ကိုယ်ရေးလုံခြုံမှုကို ဂရုမစိုက်ကြဘူးဆိုတဲ့ ပြောဆိုမှုဟာ အလကား ပြောစကားပါ။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ကျန်းမာရေး မှတ်တမ်းကို အများပြည်သူ သိအောင် အင်တာနက်မှတစ်ဆင့် ကမ္ဘာကြီး မြင်လာမှာကို ခင်ဗျားတို့ လိုချင်ကြမှာ မဟုတ်ဘူး ထင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ ရှာဖွေမှုမှတ်တမ်းတွေလည်း အလားတူပါပဲ။ ကျနော် သေချာပေါက် ပြောရဲတာက အစိုးရက ခင်ဗျားတို့ စိတ်ကူးတိုင်း အစိုးရ ဗဟိုကွန်ပျူတာဆီကို ထုတ်လွှင့်ပေးဖို့ ခင်ဗျားတို့ ဦးနှောက်ထဲ ချစ်ပ် ထည့်ချင်တယ် ဆိုရင် ခင်ဗျားတို့ ငြင်းကွယ်ကြမှာပါ။ (ရယ်သံများ) ခင်ဗျားတို့က လူသားတိုင်းလိုပဲ ကိုယ်ရေးလုံခြုံမှုကို ဂရုစိုက်ကြလို့ပါ။ ကျုပ်တို့ ကမ္ဘာကြီး ပြောင်းလဲနေတာ မြန်တယ်။ ကိုယ်ရေးလုံခြုံမှု ဆိုတာ ဘာလဲ၊ အဲဒါ အရေးကြီးတာ ဘာကြောင့်လဲဆိုင်ရာ နားလည်မှုတွေဟာ ဒီနေ့တွင် တော်တော့ကို ရှုပ်ထွေးလှပါတယ်။ ကိုယ်ရေးလုံခြုံမှုဟာ လျှို့ဝှက်ချက် မဟုတ်ဘူး။ အဲဒါက ထိန်းချုပ်မှုပါ။ ဆရာဝန်နဲ့ တွေ့တဲ့အခါ ကျနော်ဟာ ကျနော့ခန္ဓာ ကိုယ်နဲ့ ကျန်းမာရေး အချက်အလက်တွေကို ပေးပေမဲ့၊ သူဟာ အဲဒီလို အချက်အလက်တွေကို ကျနော့မိဘတွေ ကလေးတွေ ဒါမှမဟုတ် ကျနော့အကြီးအကဲကို မျှဝေပေးမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတယ်။ အဲဒီ အချက်အလက်တွေဟာ ကိုယ်ရေးပါ၊ လျှို့ဝှက်ချက် မဟုတ်ဘူး။ အဲဒီလို အချက်အလက်တွေကို ဘယ်လိုဝေမျှမှာကို ကျနော် ထိန်းချုပ်နိုင်တယ်။ ကိုယ်ရေးလုံခြုံမှုက တစ်ဘက်နဲ့ ဘေးကင်းမှုက တစ်ဘက်တို့ အကြားမှာ အခြေခံကျတဲ့ တင်းမာမှုရှိတွေ ရှိနေတဲ့ အကြောင်း ဒီခေတ်မှာ လူတွေ ပြောဆိုကြတာ ခင်ဗျားတို့ ကြားဘူးမှာပါ။ တကယ့်တော့ ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု မြှင့်တင်ပေးတဲ့ နည်းပညာတွေဟာ ကျုပ်တို့ရဲ့ ဘေကင်းမှုကိုလည်း မြှင့်ပေးကြတယ်။ ခြံစည်းရိုးတွေ၊ တံခါးသော့ခလောက်တွေ၊ ပြတင်းပေါက်ပေါ်က ကန့်လန့်ကာတွေ၊ စကားဝှက်တွေ၊ လျှို့ဝှက်ကုဒ်သွင်းရေး ဆော့ဝဲတွေကို စဉ်းစားကြည့်ကြပါ။ အဲဒီနည်းပညာတွေ အားလုံးဟာ ကျုပ်တို့ရဲ့ ကိုယ်ရေးရဲ့ လုံခြုံမှုကိုရော ဘေးကင်းမှုကိုပါ ကာကွယ်ပေးကြတယ်။ စောင့်ကြည့်ရေး ကွန်ရက်ကျတော့ ဘာကိုမှ ကာကွယ်မပေးပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဖက်ဒရယ်အစိုးရက The Privacy and Civil Liberties Oversight Board ကို ပါရဂူများတစ်စုဖြင့် ဖွဲ့ပေးခဲ့ပြီး ၉/၁၁ နောက်ပိုင်း အစိုးရရဲ့ စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့ စောင့်ကြည့်ရေး ကွန်ရက် အစီအစဉ်တွေကို စစ်ဆေးခိုင်းခဲ့တယ်။ အဲဒီပါရဂူတွေက စောင့်ကြည့်ရေး ကွန်ရက်ကနေပြီး ဘေးကင်းမှုကို မြှင့်တင်ပေးခဲ့တာ၊ အကြမ်း ဖက်ရေး လုပ်ရပ်ကို ဖေါ်ထုတ်ခဲ့တာ ဒါမှမဟုတ် ရပ်စဲပစ်ခဲ့တာကို သာဓက တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီက အချက်အလက်တွေ အသုံးဝင်ခဲ့တာ တစ်ခုတော့ ရှိခဲ့တယ်။ NSA ၀န်ထမ်းများအား သူတို့ရဲ့အချစ်ရေး ကိစ္စတွေကို ထောက်လှမ်းခွင့် ပြုခဲ့တာပါ။ (ရယ်သံများ) (ပရိသတ်- ဝိုး။ ) နောက်ဥပမာတစ်ခုက အိမ်နဲ့ ပိုနီးစပ်တယ်။ အခု အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘလုံးမှာ ပြည်သူ သန်းချီတို့ဟာ အင်တာနက်နဲ့ ချိတ်ဆက်ရတဲ့ စောင့်ကြည့်ရေး ကင်မရာလို "စမတ်အိမ်" လို့ ခေါ်တဲ့ ကိရိယာတွေကို ဝယ်သုံးလာကြတယ်။ ဒါပေမဲ့ ကျုပ်တို့ သိထားသလို အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းမှန်သမျှကို ဟက်ခ်လုပ်နိုင်ပါတယ်။ ဒီတော့ ဟက်ခ်လုပ်သူက ခင်ဗျားတို့ရဲ့ အင်တာနက်ချိတ်ထားတဲ့ စောင့်ကြည့်ရေး ကင်မရာထဲ ဝင်နိုင်ရင် ခင်ဗျားတို့ မိသားစု သွားလာတာကို စောင့်ကြည့်နိုင်ပြီး တိုက်ခိုက်ဖို့ အဆင်ပြေတဲ့ အချိန်ကို သိကြမယ်။ အဝေးကနေပြီး ဟက်ခ်လုပ်မရတာက ဘာလဲ သိကြလား။ ကန့်လန့်ကာတွေပါ။ (ရယ်သံများ) ခြံစည်းရိုးတွေပါ။ တံခါးသော့ခလောက်တွေပါ။ (ရယ်သံများ) ကိုယ်ရေးလုံခြုံမှုဟာ ဘေးကင်းမှုရဲ့ ရန်သူမဟုတ်ဘူး။ အဲဒါက ၎င်းကို အာမခံပေးတာပါ။ ဒါပေမဲ့ ကျုပ်တို့ဟာ နေ့စဉ် အပြင်းအထန် ရင်ဆိုင်ကြရတဲ့ ဝါဒဖြန့်မှုက ကျုပ်တို့ စောင့်ကြည့်ရေး အစီအစဉ်များအတွက် ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု အချို့နဲ့ ဖလှယ်ပေးဖို့ လိုအပ်​ကြောင်း နားချလိုကြတယ်။ အဲဒီလို နည်းပညာများထဲမှာ မျက်နှာကို စောင့်ကြည့်ရေး စနစ်ကအန္တရာယ်အများဆုံးပါ။ ဒီနေ့တွင် အစိုးရတွေက အဲဒီ နည်းပညာတွေကို အသုံးချနေကြတာ နှစ်မျိုး ရှိပါတယ်။ တစ်ခုက မျက်နှာကို သိမှတ်မှုပါ။ လူတစ်ဦးဦးကို ပုံရိပ်ထဲမှ ဖေါ်ထုတ်ယူမှုပါ။ ဒုတိယကျတော့ မျက်နှာကို စောင့်ကြည့်မှုပါ။ အဲဒါကို စောင့်ကြည့်ရေး ကင်မရာ ကွန်ရက်များနဲ့ ဒေတာဘေ့စ်တွေနဲ့ ချိန်ညှိသုံးပါတယ်။ ပြည်သူအားလုံးရဲ့ လှုပ်ရှားမှုတွေ၊ အလေ့အကျင့်တွေနဲ့ အသင်းအဖွဲ့တွေကို မှတ်တမ်းတင်ပြီး၊ လိုရာကို ချက်ချင်းကြည့်နိုင်တဲ့ ဒစ်ဂျစ်တယ် ကားချပ်ကြီးကို ဖန်တီးပါတယ်။ အဲဒါကို panopticon လို့ ခေါ်ပါတယ်။ ဗဟိုမှာ ရှိနေကြတဲ့ အစောင့်အချို့တို့က ပတ်ပတ်လည်ရှိ အကျဉ်းခန်းများထဲ ဖြစ်ပျက်နေတာကို စောင့်ကြည့်ရနိုင်တဲ့ ထောင်ကို အဲဒီလို ခေါ်ကြတာပါ။ အဲဒီ အကျဉ်းခန်းထဲ နေထိုင်နေသူတို့က အစောင့်မျှော်စင်ထဲကို ကြည့်မရနိုင်ပါဘူး၊ ဒါပေမဲ့ အစောင့်တွေကျတော့ အကျဉ်းခန်းထဲက တစ်လက်မစီကို ကြည့်နိုင်ကြတယ်။ အဲဒီထောင်မျိုးရဲ့ စိတ်ကူးက အကျဉ်းခန်းများထဲက လူတွေက သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ ဒါမှမဟုတ် စောင့်ကြည့်နိုင်တာကို သိထားတဲ့ နောက်မှာ၊ သတိထား ပြုမူကြရမှာပါ။ အဲဒီအတိုင်းပဲ မျက်နှာကို စောင့်ကြည့်မှုက ဗဟို အာဏာပိုင်အား၊ ဒီကိစ္စထဲမှာ နိုင်ငံတော်အား အများပြည်သူ နေရာတွေမှာ လှုပ်ရှားတာကို၊ အသင်းအဖွဲ့ထဲ ပါဝင်တာကို ထိန်းချုပ် စောင့်ကြည့်ခွင့် ပေးပါလိမ့်မယ်။ အဲဒါက လက်တွေ့ဘဝထဲ ဖြစ်လာမှာက ဒီလိုပါ။ အခုကိစ္စထဲမှာ စောင့်ကြည့်မယ့်သူက မျှော်စင်ထဲက အစောင့် မဟုတ်ဘဲ ထောက်လှမ်းရေးဌာနမှ ဆန်းစစ်လေ့လာမယ့် ပုလိပ်ပါ။ ထောင်ထဲမှာလို နံရံများဖြင့် ဘောင်ခတ်မထားဘဲ နေရာတိုင်း၊ အချိန်ကာလတိုင်းမှာ လူတိုင်းကို ဖက်စုံမှ စောင့်ကြည့်နေမှာပါ။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းထဲမှာ ဒါဟာ ကျုပ်တို့အတွက် ထိတ်လန့်စရာကြီးပါ။ ဆယ်စုနှစ် အတော်ကြာ ကျုပ်တို့ ကြည့်ခဲ့ကြတဲ့ ပုလိပ်ရုပ်ရှင်များထဲမှာ မျက်နှာကို စောင့်ကြည့်ရေးလို နည်းပညာတွေက အများပြည်သူ ကောင်းကျိုးအတွက်ပါလို့ အယူအဆကို တင်ပြဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝဟာ ပုလိပ် ဇာတ်လမ်းမျိုး မဟုတ်ဘူး။ လူဆိုးတွေက အမြဲတမ်း အဲဒီလို မလုပ်ကြဘူး၊ ပိုလိပ်တွေဟာ လူကောင်းတွေပါလို့ သေချာပေါက် ပြောမရပါဘူး၊ ပြီးတော့ နည်းပညာကလည်း အမြဲတမ်း အလုပ်မဖြစ်ပါဘူး။ Steve Talley ရဲ့ အမှုကို ယူကြည့်နိုင်ပါတယ်၊ Colorado မှ ဘဏ္ဍာရေး ဆန်းစစ်သူပါ။ ၂၀၁၅ ခုနှစ်တွင် မျက်နှာ သိမှတ်ရေး စနစ်တစ်ခုရဲ့ အမှားကြောင့် Talley ကို ဘဏ်လုယက်မှုဖြင့် ဖမ်းခဲ့ကြပါတယ်။ Talley ဟာ မရမရ တိုက်ပွဲဝင်ခဲ့လို့ နောက်ဆုံးမှာ ဒီစွဲချက်တွေ မဟုတ်မှန်ကြောင်း ထုချေနိုင်ခဲ့တယ်၊ ဒါပေမဲ့ အစိုးရကနဲ့ အမှုကို ရင်ဆိုင်နေရစဉ် သူဟာ သူ့အိမ်၊ သူ့အလုပ်နဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရပါတယ်။ Steve Talley ရဲ့ အဖြစ်က နည်းပညာ ချွတ်ယွင်းသွားရင် ဘာတွေ ဖြစ်လာနိုင်ကြောင်း သာဓကကောင်းပါ။ တကယ်တော့ မျက်နှာကို စောင့်ကြည့်မှုက သူတို့ ကြော်ငြာတာကို ကြောက်စရာပါ။ ခင်ဗျားတို့ စဉ်းစားကြည့်ဖို့၊ အစိုးရအေဂျင်စီ အနေနဲ့ Alcoholics Anonymous meeting ပြုလုပ်တဲ့ အဆောက်အအုံ အနီးမှာ စောင့်ကြည့်ရေး ကင်မရာကို ထားရှိချင်မှာ သိပ်ကို သေချာတယ်။ သူတို့ဟာ အဲဒီကင်မရာကို မျက်နှာ စောင့်ကြည့်ရေးစနစ်နဲ့ ဒေတာဘေ့စ်နဲ့ ဆက်သွယ်ပေးလိုက်ပြီး ခလုတ်နှိပ်လိုက်တာနဲ့ အရက်စွဲမှုအတွက် ကုသမှုခံယူလိုကြတဲ့ လူတိုင်းရဲ့ မှတ်တမ်းကို ရယူနိုင်မှာပါ။ ပြီးတော့ အစိုးရအဖွဲ့အစည်း တစ်ခုခုက အဲဒီနည်းပညာကို အသုံးပြုပြီး အမျိုးသမီး လူထုချီတက်ပွဲထဲ ပါဝင်ခဲ့သူတွေ ဒါမှမဟုတ် Black Lives Matter ကန့်ကွက်ပွဲထဲ ပါဝင်သူတွေကို အလွယ်တကူ အလိုအလျောက် ဖေါ်ထုတ်နိုင်မှာပါ။ နည်းပညာစက်မှုလုပ်ငန်း ကိုယ်၌ကိုက ဒီပြဿနာရဲ့ လေးနက်မှုကို နားလည်ကြတယ်။ Microsoft ဥက္ကဌ Brad Smith ကတောင် စွက်ဖက်ပေးရန် ကွန်ဂရက်အား ပန်ကြားခဲ့ရတယ်။ Google ဘက်မှနေပြီးတော့ လူသားနဲ့ လူ့ရပိုင်ခွင့်များဆိုင်ရာ စိုးရိမ်စရာတွေ ရှိနေလို့ မျက်နှာ စောင့်ကြည့်ရေး ထုတ်ကုန်ကို တင်ပို့ပေးရန် ငြင်းကွယ်ခဲ့ပါတယ်။ အဲဒါတွေဟာ ကောင်းတဲ့ အချက်တွေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးကျရင်၊ ကျုပ်တို့ရဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို ကာကွယ်ပေးရေးဟာ ကော်ပိုရိတ် အကျိုးအမြတ်ထက် ပိုအရေးကြီးလို့ပါ။ ACLU မှနေပြီး တစ်မျိုးသားလုံး လှုံဆော်ပွဲကြီးအဖြစ် အန္တရာယ်များတဲ့ အဲဒီနည်းပညာ လက်ခံမှုကို အစိုးရအား ဘရိတ်အုပ်ပေးရန် ဆော်သြော်ခဲ့ခြင်းက ပြည်သူလူထု အကြားမှာ ခိုင်လုံတဲ့ မေးခွန်းတွေ ထုတ်လာစေခဲ့ပါတယ်။ ဒီနည်းပညာကို အန္တရာယ်ဖြစ်လာစေတဲ့ အဓိကအချက်က ဘာလဲ။ အဲဒါကို ကျုပ်တို့ ဘာဖြစ်လို့ ညှိနှိုင်း မရနိုင်တာလဲ။ အခုလို သတိပေး တပ်လှန့်နေရတာ ဘာကြောင့်လဲ။ မျက်နှာကို စောင့်ကြည့်မှုက အန္တရာယ်ဖြစ်လာ ရတာ ထူးခြားတဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်။ တစ်ခုက နည်းပညာကိုယ်၌ရဲ့ သဘာဝပါ။ ဒုတိယက ကျုပ်တို့ရဲ့ စနစ်ထဲမှာ အဲဒါကို အစိုးရကနေပြီး အလွဲသုံးစား မလုပ်စေရကြောင်း အာမခံပေးနိုင်မယ့် စောင့်ကြပ်ရေးနဲ့ တာဝန်ခံယူရေး ယန္တရားတွေ အခြေခံအရကို မရှိကြလို့ပါ။ ပထမအချက်အနေနဲ့၊ မျက်နှာ စောင့်ကြည့်မှုက အရင်တုန်းက မရှိခဲ့ဖူးတဲ့ ဘာမှမကျန်အားလုံးကို စောင့်ကြည့်မှု ပုံစံပါ။ လူတိုင်းရဲ့ သူငယ်ချင်းအိမ် သွားလည်တာ၊ အစိုးရရုံး တစ်ခု၊ ဝတ်ပြုတဲ့ နေရာ၊ ကြိုစီစဉ်ထားတဲ့ မိဘတွေ့ဆုံပွဲ၊ ဆေးခြောက်ဆိုင်၊ ဝစ်လစ်စားလစ် ဖျော်ဖြေပွဲကို သွားမှု၊ အများပြည်သူ အကြား လူတိုင်း လှုပ်ရှားပုံ၊ အပြုအမူ နဲ့ အသင်းအဖွဲ့ထဲ ပါဝင်မှုကို မှတ်တမ်းတင်ပြီး စာရင်း လုပ်ထားမယ်၊ တစ်ရက်တစ်လေအတွက် မဟုတ်ဘဲ၊ နေ့စဉ်နေ့တိုင်း၊ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြုလုပ်နိုင်မှာပါ။ အဲဒီလို လူတွေအားလုံးကို စောင့်ကြည့်မှုဟာ အခြေခံမူအရကိုက လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်းထဲ နေထိုင်မှုကို ခြိမ်းခြောက်မှုပါ။ ကျုပ်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ထဲ ပါဝင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ကျုပ်တို့ရဲ့ ကိုယ်ရေး လုံခြုံမှု၊ ဒါမှမဟုတ် တစ်ယောက်တည်း အထီးကျန်လျက် နေခွင့်တွေပါ။ ခင်ဗျားတို့က "အလကားပါ၊ အစိုးရက ကျုပ်တို့ကို ထောက်လှမ်း နိုင်တဲ့ နည်းတွေအများကြီးပါ။" ထင်နိုင်တယ်။ အဲဒါ မှန်ပါတယ်။ အစိုးရက ကျုပ်တို့ရဲ့ ဆဲလ်ဖုန်းများမှ တစ်ဆင့် ​ခြေရာခံနိုင်ပါတယ်၊ ဒါပေမဲ့ ကျုပ်တို့ ကိုယ်ဝန်ဖျက်ချဖို့ လိုတယ်၊ ဒါမှမဟုတ် နိုင်ငံရေးအစည်းအဝေးကို တက်ချင်တယ်၊ ဒါမှမဟုတ် နေမကောင်းဘူးလို့ ဖုန်းဆက်လိုက်ကာ ကစားချင်တယ်၊ ဆိပ်ကမ်းဆီ သွားချင်ရင်... (ရယ်သံများ) ကျုပ် ဖုန်းကို အိမ်မှာ ချန်ထားနိုင်ခဲ့ပါတယ်။ ကျနော်ဟာ ကိုယ့်မျက်နှာကို အိမ်မှာ ထားမရနိုင်ဘူး။ အဲဒီအချက်က ဒုတိယ အဓိက စိုးရိမ်ချက်ဆီကို ခေါ်ဆောင်လာပါတယ်- ကျုပ်တို့ဟာ ဒီနည်းပညာကို အနှစ်သာရပါပါ ဘယ်လို ညှိနှိုင်းပေးနိုင်ကြမလဲ။ ဒီနေ့တွင် လွန်ခဲ့တဲ့ အပတ်တုန်းက ကျနော် ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊ သူတို့ဟာ အတိတ်ဆီ သွားနိုင်တဲ့ စက်ဖြင့် ကျနော့်ကို လိုက်ရှာ မကြည့်နိုင်ကြဘူး။ ပြီးတော့ ဒေသခံ ပုလိပ်တွေ ဆိုပါစို့၊ ခြေရာခံ သိမ်းဆည်းပေးတဲ့ ဗဟိုစနစ် မရှိပါဘူး၊ တစ်နေ့နေ့တွင် လိုအပ်လာခဲ့ရင် သုံးနိုင်ဖို့ လူတိုင်းရဲ့ သွားလာလှုပ်ရှားမှုတွေကို စာရင်းနဲ့ မှတ်ထားတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ ဒီနေ့တွင် အစိုးရက လွန်ခဲ့တဲ့ အပတ်တုန်းက ကျနော် ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊ လွန်ခဲ့တဲ့ တစ်ပတ်၊ တစ်နှစ်တုန်းက ဆိုပါစို့၊ သူတို့ဟာ တရားရုံးကို သွားပြီး ဝရမ်းယူရပါမယ်၊ ပြီးရင် အဲဒီ၀ရမ်းကို ကျုပ်ရဲ့ ဖုန်းကုမ္ပဏီကို ပြရမယ်၊ တကယ်တော့၊ ကျုပ်ကုမ္ပဏီဟာ ငွေရေးကြေးရေး ကြောင့် ကျနော့ကို ကာကွယပေးရမယ့်သူပါ။ ဒါပေမဲ့ မျက်နှာ စောင့်ကြည့်ရေး စနစ်နဲ့ ကျတော့၊ အဲဒီလို ကန့်သတ်ချက်တွေ မရှိတော့ဘူး။ ပြီးတော့ အဲဒီနည်းပညာကို အစိုးရကိုယ်၌က ရာနှုန်းပြည့် ချုပ်ကိုင်ထားတယ်။ ဒီတော့ ဒီလိုအခြေအနေထဲမှာ ၀ရမ်းဆိုတာ လိုအပ်ဦးမလား။ အစိုးရ ဟာ တရားရုံးကို သွားပြီး ဝရမ်းကို ရယူပြီး အဲဒီ ဝရမ်းကို ကိုယ့်ကိုကိုယ် ပြမှာလား။ အဲဒါက၊ ဘာနဲ့တူလဲ ဆိုတော့၊ ကျနော်က ခင်ဗျားကို ကျုပ်ရဲ့ ဒိုင်ယာရီကို ပေးရင်း၊ "မင်းဒါကို ထာဝရ သိမ်းထားနိုင်တယ်၊ ဒါပေမဲ့ ငါ့ခွင့်မပြုရင် အဲဒါ မဖတ်ရဘူး။" ပြောတာနဲ့ တူပါမယ်။ ဒီတော့ ကျုပ်တို့ ဘာလုပ်နိုင်ကြလဲ။ အစိုးရကနေပြီး မျက်နှာကို စောင့်ကြည့်မှုကို သုံးလာမယ့် ခြိမ်းခြောက်မှု အတွက် တစ်ခုတည်းသောအဖြေက ပြည်သူတို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်မယ့် လုပ်ပိုင်ခွင့်ကို အစိုးရအား ငြင်းပယ်ရန်ပါ၊ အိမ်တိုင်းမှာ စောင့်ကြည့်ရေး ကွန်ရက် ဆောက်လုပ်ပိုင်ခွင့်ကို ငြင်းပယ်လိုက်ရန် ဖြစ်ပါတယ်။ ကျုပ်တို့ လုပ်နေတာ အဲဒီလို အတိအကျပါပဲ။ ACLU ဟာ အန္တရာယ်များတဲ့ ဒီနည်းပညာကို အစိုးရမှ အသုံးပြုမှုကို ဘရိတ်အုပ်ပေးရန် တနိုင်ငံလုံးမှာ လှုံ့ဆော် ဆင်နွဲမှု တစ်စိတ်တစ်ပိုင်းပါ။ ကျုပ်တို့ အောင်မြင်ခဲ့တဲ့ ကိစ္စတွေ ရှိပါတယ်၊ San Francisco မှ Somerville၊ Massachusetts အထိ ကျုပ်တို့ဟာ မြူနီစပယ်မှနေပြီး အဲဒီနည်းပညာ အစိုးရမှ သုံးမှာကို တားမြစ်နိုင်ခဲ့ကြပြီ။ ပြီးတော့ ဒီ Massachusetts အသိုင်းအဝိုင်းများနဲ့ နိုင်ငံ့တဝမ်းမှာလည်း အလားတူ တားဆီးရေးကို ဆွေးနွေးနေကြပါပြီ။ ဒီလှုပ်ရှားမှုဟာ မအောင်မြင်နိုင်ဘူးလို့ ပြောသူတွေ ရှိပါတယ်။ တကယ်တော့ အဲဒီလို ထင်မြင် ပြောဆိုနေကြတာက၊ အဲဒီ နည်းပညာတွေ ရှိနေကြပြီ၊ အစိုးရဟာ အဲဒါတွေကို အခြေအနေမျိုးစုံထဲမှာ အသုံးပြုသွားမှာပါ။ ကိုယ်ရေး လုံခြုံမှု ချုပ်ငြိမ်းသွားပြီးပေါ့။ အဲဒီလို ပြောဆိုနေကြပါတယ်။ ဒါပေမဲ့၊ ကျနော်ကတော့ အဲဒီလို ပြောဆိုမှုကို လက်မခံပါဘူး။ ခင်ဗျားတို့လည်း လက်မခံသင့်ပါဘူး။ ဒီနေ့ ၂၁ ရာစုထဲတွင် ကျုပ်တို့ရဲ့ လွတ်လပ်မှု ဘောင်တွေကို Jeff Bezos ဒါမှမဟုတ် FBI မှ ဆုံးဖြတ် ပေးမှာကို ကျုပ်တို့ ခွင့်မပြုနိုင်ပါဘူး။ ကျုပ်တို့ဟာ ဒီမိုကရေစီစနစ်ထဲ နေထိုင်ရိုး မှန်ပါက၊ ကျုပ်တို့ဟာ ယာဉ်မောင်းရဲ့ နေရာမှာ ထိုင်နေကြရင်၊ ကျုပ်တို့ရဲ့ စုပေါင်း အနာဂတ်ကို ပုံသွင်းပေးကြရမှာပါ။ ကျုပ်တို့ အခုဆို လမ်းခွကို ရောက်ရှိနေကြတာပါ။ ကျုပ်တို့ဟာ ပုံမှန်အတိုင်း လုပ်ငန်းတွေကို ဆက်လုပ်ကိုင်ကြရင်း၊ အဲဒီလို နည်းပညာတွေကို မစစ်ဆေးဘဲ ကျုပ်တို့ ရပ်ရွာ၊ လမ်းမှာ၊ ကျုပ်တို့ရဲ ကျောင်းတွေမှာ လက်ခံ တပ်ဆင်ခွင့် ပြုနိုင်ကြတယ်၊ ဒါမှမဟုတ်ဘဲ ဒီနေ့တွင် ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး မျက်နှာကို စောင့်ကြည့်ရေး စနစ်ကို အစိုးရမှ မသုံးနိုင်အောင် ရပ်တန့်ပစ်လျက် ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ဖို့ အားထုတ်ကြရမယ်။ ကျုပ်တို့ အားလုံးအတွက် ပိုမို လုံခြုံပြီး လွတ်လပ်မယ့် အနာဂတ်ကို တည်ဆောက်နိုင်ကြပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများနှင့် ချီးကျူးသံများ)