နိုင်ငံခြားဘာသာစကားတွေ သင်ယူရတာ ကျွန်မနှစ်သက်တယ်။ တကယ်တမ်းက နှစ်နှစ်ကို တစ်ဘာသာ သင်ချင်လောက်အောင်ကို နှစ်သက်တာပါ၊ လောလောဆယ် အဋ္ဌမဘာသာစကားကို လေ့လာနေပါတယ်။ ကျွန်မရဲ့အဲဒီအကြောင်းကို လူတွေ သိသွားတဲ့အခါ အမြဲမေးကြတာက "ဒါကို ဘယ်လိုလုပ်လဲ။ လျှို့ဝှက်ချက်က ဘာလဲ။" ဝန်ခံရရင် နှစ်ပေါင်းများစွာ ကျွန်မရဲ့ အဖြေဖြစ်မှာက "ကျွန်မ မသိဘူး၊ ဘာသာစကားတွေ သင်တာ ကြိုက်တာပဲလေ"။ ဒါပေမဲ့ လူတွေဟာ ဒီအဖြေကို လုံးဝ အားမရခဲ့ဘူး။ သူတို့သိချင်ခဲ့တာက တစ်ဘာသာတည်းကို နှစ်ချီ သင်ယူနေတာတောင် ဘယ်တော့မှ ကျွမ်းကျင် မလာတာက ဘာကြောင့်လဲ ဆိုတာပါ၊ ဒီက ကျွန်မကျတော့ တစ်ဘာသာပြီး တစ်ဘာသာ သင်ယူနေတာလေ။ ဘာသာမျိုးစုံပြောသူ၊ ဘာသာစကားမျာစွာပြောသူတွေရဲ့ လျှို့ဝှက်ချက်ကို သိချင်ခဲ့ကြတယ်။ ဒါက ကျွန်မကိုလည်း အံ့ဩစေတယ်။ အခြား ဘာသာစကားအမျိုးစုံပြောသူတွေ ဘယ်လိုလုပ်ကြလဲ။ ကျွန်မတို့အားလုံး တူညီတာက ဘာလဲ။ ဘာသာစကားတွေကို အခြားသူတွေထက် ပိုမြန်မြန်သင်ယူဖို့ ကျွန်မတို့ကို ကူပေးတာက ဘာလဲ။ အခြားကျွန်မလိုလူတွေကို တွေ့ပြီး ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘာသာစကားအမျိုးစုံပြောသူတွေကို တွေ့ဆုံဖို့ အကောင်းဆုံးနေရာက သူတို့ဘာသာစကားတွေ လေ့ကျင့်ဖို့ ရာချီတဲ့ ဘာသာစကားချစ်သူတွေ တွေ့ဆုံတဲ့ နေရာတစ်ခုက ပွဲပါ။ ဒီလိုဘာသာစကားမျိုးစုံပြောသူပွဲတွေကို တစ်ကမ္ဘာလုံး အများပြားကျင်းပတော့ သွားပြီး ဘာသာစုံပြောသူတွေကို သူတို့ သုံးတဲ့နည်းတွေ မေးဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ အိုင်ယာလန် က Benny နဲ့ဆုံခဲ့တယ်။ သူ့နည်းက ပထမနေ့ကနေ စပြီး စကားပြောဖို့ပဲလို့ ပြောခဲ့သူပါ။ ခရီးသွား စကားပြောစာအုပ်ကနေ စကားစုအနည်းငယ်ကို လေ့လာပြီး မိခင်ဘာသာစကား ပြောသူတွေဆီသွားပြီး သူတို့နဲ့ ချက်ချင်း စကားစပြောတယ်။ တစ်ရက် အမှား ၂၀၀ လုပ်မိတာတောင် သူအရေးမစိုက်ဘူး၊ ဒါက သူ သင်ယူပုံလေ၊ တုံ့ပြန်မှုကို အခြေခံထားလို့ပါ။ အကောင်းဆုံးက ဒီနေ့ဆို သူဟာ ခရီးအများကြီးတောင် ထွက်ဖို့မလိုဘူး၊ အကြောင်းက ဝက်ဘ်ဆိုဒ်တွေသုံးရင်း ဧည့်ခန်းထဲမှာ ဇိမ်နဲ့ မိခင်ဘာသာစကားပြောသူတွေနဲ့ အလွယ်တကူ စကားပြောနိုင်လို့ပါ။ ဘရာဇီးက Lucas နဲ့လည်း ကျွန်မဆုံခဲ့တယ် ရုရှားဘာသာ လေ့လာဖို့ စိတ်ဝင်စားစရာ နည်းလမ်းရှိသူပေါ့။ ကြုံရာ ရုရှားဘာသာစကားပြောသူ တစ်ရာကို Skype ထဲမှာ မိတ်ဆွေတွေအဖြစ် ထည့်ပြီး သူထို့ထဲကတစ်ယောက်နဲ့ စကားပြောတဲ့ အကွက်ကို ဖွင့်လိုက်ပြီး ရုရှားလို နှုတ်ဆက်လိုက်တယ်။ အဲဒီလူက "နေကောင်းလား"လို့ သူကို ပြန်ပြောတယ်။ Lucas က ဒါကို ကူးပြီး နောက်တစ်ယောက်ရဲ့ စာရိုက်ကွက်မှာ ထည့်တယ်။ ဒီလူက "ကောင်းပါတယ်၊ ကျေးဇူးပါ၊ ခင်ဗျားရော"လို့ ပြန်တယ်။ Lucas က ဒါကို ပထမလူဆီ ပြန်ကူးပို့တယ်၊ ဒီနည်းနဲ့ သူဟာ နားမလည်ပဲနဲ့ကို သူစိမ်းနှစ်ယောက်နဲ့ အပြန်အလှန် စကားပြောခဲ့တယ်။ (ရယ်သံများ) မကြာခင်တော့ သူ့ဘာသာ စာရိုက်တော့မှာပေါ့၊ ရုရှားစကားပြောတွေ အမြဲလိုလို စတတ်ပုံကို မှန်းလို့ရတဲ့ ဒီစကားပြောခန်းတွေ သူ့မှာ အများကြီးရှိခဲ့လို့ပါ။ အတော်ထွင်ဉာဏ်ကောင်းတဲ့ နည်းတစ်ခုနော်။ ဒီနောက် တွေ့ဆုံခဲ့တာက ဘာသာစကားရဲ့အသံတွေကို တုပြီး အမြဲ စတဲ့ ဘာသာစကားအစုံပြောသူတွေ၊ ဘာသာစကားရဲ့ အသုံးအများဆုံး စကားလုံး ၅၀၀ ကို အမြဲ လေ့လာသူတွေ နောက်ရှိသေးတာက သဒ္ဒါကိုဖတ်ပြီး အမြဲ စတင်သူတွေပါ၊ မတူတဲ့ ဘာသာစကားအစုံပြောတတ်သူ တစ်ရာကိုသာ မေးခဲ့ရင် မတူတဲ့ ဘာသာစကား သင်ယူမှု နည်း တစ်ရာ ကြားခဲ့ရမှာပါ။ လူတိုင်းမှာ ဘာသာစကား သင်ယူတဲ့ ထူးခြားတဲ့ ကိုယ်ပိုင်နည်းတစ်ခုရှိပုံရပြီး အားလုံးဟာ ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောခြင်းဆိုတဲ့ တူညီတဲ့ ရလဒ်ကို ရကြတယ်။ သူတို့နည်းတွေအကြောင်း ပြောပြတဲ့ ဘာသာစုံပြောတတ်သူတွေကို နားထောင်ရင်း ရုတ်တရက် ကျွန်မ သဘောပေါက်သွားတာက ကျွန်မတို့အားလုံး တူတာတစ်ခုက ဘာသာစကား သင်ယူခြင်းဖြစ်စဉ်ကို နှစ်သက်ဖို့ နည်းလမ်းတွေ တွေ့ရှိကြတာပါ။ ဒီဘာသာစုံပြောသူအားလုံးဟာ ဘာသာစကား သင်ယူခြင်းကို ပျော်စရာအလား ပြောနေတာလေ။ သူတို့ရဲ့ရောင်စုံ သဒ္ဒါကားချပ်တွေ လက်နဲ့ သေချာလုပ်ထားတဲ့ သင်ထောက်ကူ ကတ်ပြားတွေ၊ အပ်တွေသုံးရင်း ဝေါဟာရ သင်ယူတဲ့အကြောင်း စာရင်းဇယားတွေ၊ နိုင်ငံခြားဘာသာစကားတစ်ခုထဲက ဟင်းချက်နည်းကို အခြေခံကာ ချက်တာကြိုက်ပုံတွေ ကျွန်မကို ပြသနေတဲ့ သူတို့မျက်နှာတွေကို မြင်စေချင်တယ်။ အားလုံး မတူတဲ့နည်းလမ်းတွေ သုံးပေမဲ့ သူတို့ကိုယ်တိုင် နှစ်ခြိုက်တာ သေချာအောင်တော့ အမြဲလုပ်တယ်။ ကျွန်မ သဘောပေါက်မိတာက ဒါဟာ တကယ်ပဲ ကိုယ်တိုင် ဘာသာစကားတွေ သင်ယူနည်းဆိုတာပါ။ စပိန်စာ သင်ယူနေတုန်းက ဖတ်စာအုပ်ထဲက စာတွေကို ငြီးငွေ့ခဲ့တယ်။ ဆိုလိုတာက ဘူတာရုံ လမ်းညွှန်မေးတဲ့ Jose အကြောင်းကို ဘယ်သူက ဖတ်ချင်မှာလဲနော်
။ ဒီအစား "Harry Potter" ပဲ ကျွန်မ ဖတ်ချင်တယ်၊ ကလေးတည်းက အကြိုက်ဆုံးစာအုပ်ဖြစ်ပြီး အကြိမ်မျာစွာ ဖတ်ဖူးထားလို့ပါ။ ဒီတော့ "Harry Potter" ရဲ့ စပိန်ဘာသာပြန် ရအောင်လုပ်ပြီး စဖတ်ခဲ့တယ်။ သေချာတာပေါ့၊ အစမှာတော့ တစ်လုံးမှ နားမလည်ခဲ့ပေမဲ့ ဆက်ဖတ်နေခဲ့တယ်၊ ကျွန်မကြိုက်တဲ့ စာအုပ်ကိုး၊ စာအုပ် အဆုံးနားမှာ အခက်အခဲမှ မရှိသလောက်ကို နားလည်လာနိုင်ခဲ့တယ်။ ဂျာမန်စာ လေ့လာတုန်းကလည်း အလားတူမျိုး ကြုံခဲ့တယ်။ အကြိုက်ဆုံးဟာသကား "Friends" ကို ဂျာမန်ဘာသာနဲ့ ကြည့်ဖို့ဆုံးဖြတ်ခဲ့တယ် ထပ်ကြုံရတာက အစမှာတော့ ကယောက်ကယက်စကားတွေချည်းပါ။ စကားတစ်လုံးက ဘယ်မှာစပြီး နောက်တစ်လုံး ဘယ်မှာဆုံးတာ မသိခဲ့ဘူး။ ဒါပေမဲ့ နေ့တိုင်းဆက်ကြည့်တယ်၊ အကြောင်းက ဒါက "Friends" လေ ဘယ်ဘာသာဖြစ်ဖြစ် ကြည့်လို့ရတယ်၊ အရမ်းကြိုက်တာကိုး။ ဒုတိယ၊ တတိယ ရာသီအပြီးမှာတော့ တကယ်ပြောတာ၊ စကားပြောတွေက အဓိပ္ပာယ်စရှိလာခဲ့တယ်။ ဒါကို အခြား ဘာသာစုံပြောသူတွေနဲ့ တွေ့ပြီးမှပဲ သဘောပေါက်ခဲ့တာပါ။ ပါရမီရှင်တွေမှ မဟုတ်တာ၊ ဘာသာစကားတွေသင်ယူဖို့ ဖြတ်လမ်းမရှိဘူးလေ။ ဖြစ်စဉ်ကို နှစ်သက်တတ်ဖို့၊ ငြီးငွေ့စရာ ကျောင်းဘာသာရပ်တစ်ခုကနေ နေ့တိုင်းလုပ်နေတာ သတိမထားမိတဲ့ နှစ်လိုဖွယ် အလုပ်တစ်ခုအဖြစ် ပြောင်းလဲတတ်ဖို့ နည်းလမ်းတွေ ရှာကြရုံသက်သက်သက်ပါ။ စာလုံးတွေကို စာရွက်မှာ ရေးချရတာမကြိုက်ရင် အက်ပ်တစ်ခုခုမှာ စာရိုက်လို့ရပါတယ်။ ငြီးငွေ့ဖွယ် ပြဋ္ဌာန်းစာအုပ်ကို နားမထောင်ချင်ရင် YouTube က စိတ်ဝင်စားစရာ အကြောင်းအရာ (သို့) ဘာသာစကားတစ်ခုအတွက် အသံဖိုင်တွေရှာပါ သင်ဟာ ပိုပြီး တသီးတသန့်နေတတ်ပြီး မိခင်ဘာသာစကားပြောသူတွေနဲ့ ချက်ချင်း စကားပြောတာ စိတ်ကူးလို့မရရင် မိမိကိုယ်ကို ပြောတဲ့နည်းကို သုံးနိုင်တယ်။ သင့်အခန်းမှာ ဇိမ်နဲ့ ကိုယ်ကိုယ်ကိုယ် ပြောလို့ရပါတယ်၊ အားလပ်ရက် အစီအစဉ်တွေ၊ တစ်နေ့တာ ဖြစ်ပုံတွေ ထုတ်ဖော်ပြောရင်းပါ၊ (သို့) ဖုန်းက ကြုံရာပုံ ရိုက်ပြီးတောင်မှ စိတ်ကူးထဲက မိတ်ဆွေကို ပုံအကြောင်း သရုပ်ဖော်ပြတာတို့ပေါ့။ ဒါကတော့ ဘာသာစုံပြောတတ်သူတွေ ဘာသာစကားတွေ သင်ယူပုံပါ၊ အကောင်းဆုံးသတင်းက ဒါက သင်ယူခြင်းကို သူတို့လက်တွေထဲမှာ ယူထားဖို့ ဆန္ဒရှိသူတိုင်း သုံးနိုင်တာပါ။ ဒီတော့ ဘာသာစကားစုံပြောသူတွေနဲ့ တွေဆုံခြင်းက ကျွန်မကို သဘောပေါက်စေတာက ဘာသာစကားသင်ယူခြင်းရဲ့ဖြစ်စဉ်မှာ ပျော်ရွှင်မှုရှာဖို့ အရေးပါတာတင်မဟုတ်ပဲ ပီတိသက်သက်ကလည်း မလုံလောက်ဘူးဆိုတာပါ။ နိုင်ငံခြားဘာသာတစ်ခုကို ကျွမ်းကျင်ချင်တယ်ဆိုရင် နောက်အခြေခံသဘောတရား သုံးခုကိုပါ အသုံးချဖို့လိုပါတယ်။ ပထမဆုံးက ထိရောက်တဲ့ နည်းလမ်းတွေ လိုအပ်ပါလိမ့်မယ်။ မနက်ဖြန်စာမေးပွဲအတွက် စာလုံးစာရင်း တစ်ခုကို အလွတ်ကျက်ဖို့ ကြိုးစားရင် စာလုံးတွေဟာ ရေတိုမှတ်ဉာဏ်ထဲမှာ သိမ်းထားမှာဖြစ်ပြီး ရက်အနည်းငယ်မှာတော့ မေ့သွားမှာပါ။ ဒါပေမဲ့ စကားလုံးတွေကို ရေရှည်သိမ်းထားချင်ရင်တော့ space repetition ဆိုတဲ့ နည်းသုံးပြီး ရက်အနည်းကြာ အထပ်ထပ် ပြန်နွှေးဖို့တော့ လိုလိမ့်မယ်။ ဒီစနစ်ကိုအခြေခံတဲ့ Anki (သို့) Memrise အက်ပ်တွေကို သုံးနိုင်တယ်၊ (သို့) Goldlist စနစ်ကိုသုံးပြီး စာလုံးစာရင်းကို မှတ်စုမှာရေးနိုင်တယ်၊ ဘာသာစုံပြောသူ အတော်များများကြားမှာလည်း အတော်ရေပန်းစားတယ်။ ဘယ်နည်းလမ်းက ထိရောက်လဲ၊ ရနိုင်တာက ဘာလဲဆိုတာ မသေချာဘူးဆိုရင် ဘာသာစကားစုံပြောသူတွေရဲ့ YouTube နဲ့ ဝက်ဘက်ဆိုဒ်တွေကိုကြည့်ပြီး သူတို့ဆီက စေ့ဆော်မှုရယူပါ။ သူတို့အတွက် အလုပ်ဖြစ်ရင် သင့်အတွက်လည်း အလုပ်ဖြစ်လောက်တယ်။ လိုက်နာဖို့ တတိယ အခြေခံသဘောတရားကတော့ သင့်သင်ယူမှုအတွက် စနစ်တစ်ခုဖန်တီးဖို့ပါ။ အားလုံး အလုပ်ရှုပ်ကြပြီး ယနေ့မှာ ဘာသာစကား တစ်ခု သင်ဖို့ ဘယ်သူမှ အချိန်မရှိကြဘူး။ ဒါပေမဲ့ နည်းနည်း ကြိုပြင်ဆင်ရုံနဲ့ကို အဲ့ဒီအချိန်ကို ဖန်တီးနိုင်ပါတယ်။ သာမန်ထက်ကို ၁၅ မိနစ်လောက် စောပြီးထနိုင်ကြလား။ ဒါဟာ ဝေါဟာရတစ်ချို့ကို ပြန်နွေးဖို့ အကောင်းဆုံးအချိန်ဖြစ်လိမ့်မယ်။ ကားမောင်းနေစဉ် အလုပ်သွားတဲ့လမ်းမှာ ပေါ့ဒ်ကက်စ်နားထောင်လို့ရလား။ ဒါဟာ နားထောင်တဲ့ အတွေ့အကြုံရဖို့ အကောင်းဆုံးဖြစ်လိမ့်မယ်။ အချိန်ပိုတောင် စီစဉ်စရာမလိုပဲ လုပ်လို့ရတာတွေ အများကြီးရှိပါတယ်၊ ဥပမာ၊ အလုပ်သွားတဲ့လမ်းမှာ ပေါ့ဒ်ကက်စ် နားထောင်ခြင်း၊ (သို့) အိမ်အလုပ်တွေလုပ်ရင်းပေါ့။ အရေးကြီးတာက သင်ယူမှုအတွက် အစီအစဉ်တစ်ခုဖန်တီးဖို့ပါ။ "အင်္ဂါနဲ့ ကြသပတေးနေ့တိုင်း မိတ်ဆွေတစ်ယောက်နဲ့ မိနစ် ၂၀ အပြောလေ့ကျင့်မယ်။ မနက်စာစားတုန်းမှာ YouTube ဗီဒီယိုတစ်ခု နားထောင်မယ်။" သင့်သင်ယူဖို့အတွက် စနစ်တစ်ခုကို ဖန်တီးရင် ဒီအပိုချိန်ကို ရှာဖို့မလိုတော့ဘူး၊ ဒါက သင့်နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှာမို့ပါ။ နောက်ဆုံးမှာတော့ ဘာသာစကားတစ်ခုကို ကျွမ်းကျင်စွာ သင်ယူချင်ရင် နည်းနည်းလေး သည်းခံဖို့လိုပါတယ်။ ဘာသာစကားတစ်ခုကို နှစ်လအတွင်း သင်ယူဖို့ မဖြစ်နိုင်ပေမဲ့ နှစ်လအတွင်းမှာ မြင်နိုင်တဲ့ တိုးတက်မှုတွေ ဖန်တီးနိုင်တာတော့ ကျိန်းသေပါတယ်။ နေ့စဉ် အပိုင်းလေးတွေကို သင်နှစ်သက်ရာနည်းနဲ့လေ့လာရင်ပါ။ ကိုယ်ပိုင်အောင်မြင်မှုထက် ဘယ်အရာကမှ ပိုပြီး စိတ်အားမတက်စေဘူး။ "Friends" ကြည့်နေတုန်း ဂျာမန်လို ပထမဆုံးပြက်လုံးကို နားလည်တဲ့ ကာလကို ပြက်ပြက်ထင်ထင် မှတ်မိတယ်။ ကျွန်မဟာ အရမ်းပျော်ပြီး နောက်ထပ် နှစ်ခန်းကို ဆက်ကြည့်တဲ့အထိ စိတ်အားတက်သွားတယ်၊ ဆက်ကြည့်လေလေ၊ နားလည်တဲ့ ကာလတွေ၊ အောင်ပွဲလေးတွေ ပိုများလာလေလေပါ။ တစ်ဆင့်ပြီးတစ်ဆင့် ပြောလိုရာပြောဖို့ ဘာသာစကားကို ကျွမ်းကျင်စွာ၊ လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ အဆင့်တစ်ခုကိုရောက်ခဲ့တယ်။ ဒါဟာ အံ့ဖွယ် ခံစားချက်တစ်ခုပါ။ ဒီခံစားမှုနဲ့ အားမရနိုင်တာကြောင့် နှစ်နှစ်ကို ဘာသာစကားတစ်ခုသင်ယူတာပါ။ ဒါက ဘာသာစုံတတ်သူ လျှို့ဝှက်ချက်တစ်ခုလုံးပါ။ သင်နှစ်ခြိုက်ရာနည်းတစ်နည်းနဲ့ ကာလတစ်ခုလွန်တဲ့အထိ သင်စနစ်တကျ အသုံးပြနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတွကို ရှာဖွေပါ။ ဒါက ဘာသာစုံပြောတတ်သူတွေ ဘာသာစကားတွေကို နှစ်တွေ၊လတွေအတွင်းမှာ သင်ယူကြပုံပါ။ သင်တို့ထဲက တစ်ချို့ တွေးနေလောက်တာက "ဘာသာစကားသင်တာ နှစ်ခြိုက်ဖို့ အကောင်းချည်းဆိုပေမဲ့ သင်တို့ ဘာသာစုံပြောသူတွေဟာ ပါရမီထူးရှိပြီး ကျွန်တော်တို့ အများစုက မဟုတ်ဘူးလေ။" ကဲ ကျွန်မ မပြောပြသေးတာတစ်ခုက Benny နဲ့ Lucas တို့အကြောင်းပါ။။ Benny ဟာ Irish Gaelic ကျောင်းမှာ ၁၁ နှစ်၊ ဂျာမန်ကျောင်းမှာ ငါးနှစ်နေခဲ့တယ်။ ဘွဲ့ရတဲ့အခါ ဒီဘာသာစကားတွေကို သူမပြောတတ်ခဲ့ဘူး။ အသက် ၂၁ နှစ်ထိ သူ့မှာ ဘာသစကားဗီဇ မရှိခဲ့ဘူးလို့ သူထင်ခဲ့ပြီး အခြားဘာသာစကား သူမပြောတ်ခဲ့ဘူး။ ဒီနောက် သူ့ကိုယ်ပိုင် ဘာသာစကား သင်ယူနည်း စတင် ရှာဖွေခဲ့တယ်၊ ၎င်းကတော့ မိခင်ဘာသာစကားပြောသူတွေနဲ့ ပြောဆိုပြီး သူတို့ဆီက တုံ့ပြန်မှုရယူမှုပါ၊ ဒီနေ့မှာတော့ Benny ဟာ ဘာသာစကား ၁၀ မျိုးနဲ့ အလွယ်တကူ စကားပြောနိုင်ပါတယ်။ Lucas ဟာ ကျောင်းမှာ အင်္ဂလိပ်စာကို ဆယ်နှစ် သင်ယူဖို့ ကြိုးစားခဲ့တယ်။ သူဟာ အတန်းထဲမှာ အညံ့ဆုံး ကျောင်းသားတွေထဲက တစ်ယောက်ပါ။ သူ့မိတ်ဆွေက လှောင်တောင်လေှာင်ပြီး ဟာသအဖြစ် ရုရှားဖတ်စာအုပ် သူ့ကိုပေးခဲ့တယ်။ ဒီဘာသာစကား(သို့) ဘယ်ဘာသာစကားမှ သူသင်လို့တတတ်မှာမဟုတ်ဘူးလို့ထင်ခဲ့လို့လေ။ ဒီနောက် Lucas ဟာ သင်ယူဖို့ ကိုယ်ပိုင်နည်းရှာရင်း နည်းလမ်းတွေကို စမ်းသပ်ဖို့စတင်ခဲ့တယ်။ ဥပမာ၊ Skype ကနေ သူစိမ်းတွေနဲ့ စကားပြောဆိုတာတွေပါ။ ၁၀ နှစ်အကြာမှာပဲ Lucas ဟာ ဘာသာစကား ၁၁ ခုကို ကျွမ်းကျင်စွာ ပြောနိုင်တယ်။ ဒါက အံ့ဖွယ်တစ်ခုလို ဖြစ်နေလား။ ကဲ ဒီလိုအံ့ဖွယ်တွေကို ကျွန်မနေ့တိုင်း တွေ့မြင်ရပါတယ်။ ဘာသာစကား သင်ပြသူအနေနဲ့ လူတွေ ဘာသာ သာသာစကားတွေ သင်ယူဖို့ ကူညီပေးပြီး ဒါကို နေ့တိုင်းမြင်ရတယ်။ လူတွေဟာ ဘာသာစကားသင်ယူခြင်းနဲ့ ၅ နှစ်၊၁၀ နှစ်၊ အနှစ် ၂၀ ကြာ ကြိုးစားပြီး ရုတ်တရက်ပဲ သူတို့သင်ယူခြင်းကို လက်ထဲမှာ ထားကြတယ်၊ သူတို့နှစ်သက်တဲ့၊ ပိုထိရောက်တဲ နည်းလမ်းတွေသုံးရင်း၊ (သို့) သူတို့ရဲ့တိုးတက်မှုကို သတိထားမိအောင်လို့ သူတို့သင်ယူမှုကို စတင်ခြေရာခံရင်းပါ၊ ဒါက ရုတ်တရက် သူတို့ဘဝတစ်ခုလုံးမှာ လွဲနေတဲ့ ဘာသာစကားပါရမီကို မှော်ဆန်ဆန်တွေရှိသွားချိန်ပါ။ ဒီတော့ သင်လည်း ဘာသာစကားတစ်ခုကို သင်ယူဖို့ကြိုးစားပြီး ခက်လွန်းတယ် (သို့) သင့်မှာ ဘာသာစကား ပါရမီမပါဘူးလို့ တွေးရင်းလက်လျှော့ခဲ့ရင် နောက်တစ်ခါ ကြိုစားကြည့်ပါ။ သင်လည်းပဲ ဘာသာစကားကို ကျွမ်းကျင်စွာ သင်ယူခြင်းကနေ နည်းလမ်းတစ်ခု ဖြစ်လောက်ပါတယ်။ သင်လည်းပဲ ဘာသာစုံးပြောသူတစ်ဦးဖြစ်ခြင်းကနေ နည်းလမ်းတစ်ခုဖြစ်လောက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)