အမေရိကန် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အမြန်ဆုံး ကြီးထွားလာနေတဲ့ အန္တရာယ်ကဘာလဲ။ ကင်ဆာလား၊နှလုံးဖောက်ပြန်မှုလား၊ဆီးချိုလား၊ အဲဒါတွေ တခုမှ မဟုတ်ပါ၊ အဖြေမှန်က Alzheimer ရောဂါပါ။ ၆၇ စက္ကန့်တိုင်းမှာ၊ အမေရိကန် ပြည်ထောင်စုထဲတွင် လူတစ်ယောက်ကျ Alzheimer ရောဂါရှိတာကို တွေ့ရှိနေရပါတယ်။ ၂၀၅၀ ပြည့်နှစ် အရောက်မှာ Alzheimer ရောဂါရှိသူဦးရေဟာ သုံးဆများလာမယ်ဆိုတော့၊ သူတို့ကို၊ ပြီးတော့ သက်ကြီးအားလုံးတို့ကို၊ စောင့်ရှောက်ပေးရေးဟာ လူ့အဖွဲ့အစည်းကြီးအတွက် တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာပါမယ်။ ကျွန်တော့မိသားစုဟာ Alzheimer ရောဂါ ရှိသူအား စောင့်ရှောက်ရေး ပြဿနာနဲ့ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာခဲ့ရပါတယ်။ မျိုးဆက် သုံးခု နေထိုင်နေတဲ့ မိသားစုထဲမှာ ကြီးထွားလာခဲ့ရတာမို့လို့ ကျွန်တော်ဟာ ကျွန်တော့ အဖိုးနဲ့ သိပ်ကို နီးနီးကပ်ကပ် ဆက်ဆံခဲ့ရပါတယ်။ ကျွန်တော် လေးနှစ်အရွယ်တုန်းက ကျွန်တော်နဲ့ အဖိုးတို့ဟာ ဂျပန်နိုင်ငံထဲက ပန်းခြံမှာ လမ်းလျှောက်နေခဲ့စဉ် အဖိုးဟာ ရုတ်တရက်ဆိုသလို လမ်းပျောက်သွားခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော့ဘဝအတွက် စိတ်အခြောက်ခြားဆုံး အချိန်ဖြစ်ခဲ့ကာ၊ အဲဒီအချိန်ကစပြီး အဖိုးဆီမှာ Alzheimer ရောဂါရှိနေတာကို ကျွန်တော်တို့ ပထမဆုံးအကြိမ် သိလိုက်ကြရတာပါ။ လွန်ခဲ့တဲ့ ၁၂ နှစ်ကာလအတွင်းမှာ သူ့အခြေအနေဟာ ပိုပို ဆိုးဝါးလာခဲ့ပါတယ်၊ သူ ထပြီး တစ်နေရာရာကို လမ်းလျှောက်ထွက်သွားမှာကို ကျွန်တော့မိသားစုဟာ သိပ်ကို စိတ်ပူရပါတယ်။ ၎င်းအား အဓိကစောင့်ရှောက်ပေးသူ ကျွန်တော့အဒေါ်ဆိုရင်၊ ညမှာတောင် သူ့ကို စောင့်ကြည့်နေဖို့အတွက် အိပ်မပျော်မိအောင် မနည်းကြီး ကြိုးစားရပါတယ်၊ ပြီးတော့ အဖိုးဟာ အိပ်ရာပေါ်မှ ထသွားတာကို သတိမထားမိဘဲ လွတ်လွတ်သွားတာ မကြာခဏပါပဲ။ ကျွန်တော်ဟာ ကျွန်တော့ အဒေါ်ရဲ့ ကျန်းမာရေးအတွက် နဲ့ ကျွန်တော့အဖိုးရဲ့ လုံခြုံမှုအတွက်ပါ ကျွန်တော်ဟာ သိပ်ကို စိတ်ပူမိပါတယ်။ အဲဒါနဲ့ ကျွန်တော့မိသားစုရဲ့ ပြဿနာကို ကူညီဖြေရှင်းနိုင်မယ့် အဖြေကို အပတ်တကုတ် ရှာကြံခဲ့ရာ၊ တခုကိုမှ ရှာမတွေ့ခဲ့ပါ။ အဲဒါနဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်တုန်းက ညတညမှာ၊ ကျွန်တော်ဟာ အဖိုးကို စောင့်ကြည့်နေစဉ် ကုတင်းပေါ်မှ ထလိုက်တာကို တွေ့လိုက်ပါတယ်။ သူ့ခြေဖဝါးက ကြမ်းနဲ့ ထိလိုက်ချိန်မှာ၊ သူ့ခြေဖနောက်မှာ ဖိအားကို ခံစားသိနိုင်မဲ့ အာရုံခံကိရိယာ တစ်ခုတပ်ဆင်ပေးဖို့ စိတ်ကူးရလိုက်တယ်။ သူဟာ ကြမ်းပေါ်ကို ခြေကို ချလိုက်လို့ ကုတင်းပေါ်မှ ထလိုက်တာနဲ့၊ ဖိအား အာရုံခံကိရိယာဟာ ခန္ဓာကိုယ်ရဲ့ အလေးချိန် ဖိအားကို ခံစားနိုင်မှာမို့၊ စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းဆီကို ကြိုးမဲ့ စာတိုကို ပို့ပေးနိုင်မှာပါ။ အဲဒီလိုဆိုရင် ကျွန်တော့ အဒေါ်ဟာ အဖိုးလျှောက်သွားနေမှာကို စိုးရိမ်စရာမလိုဘဲ ညဖက်မှာ စိတ်ချလက်ချ အိပ်နိုင်မှာဖြစ်ပါတယ်။ အခုတော့ ကျွန်တော်ဟာ အဲဒီခြေအိတ်ကို လက်တွေ့ ပြပေးချင်ပါတယ်။ ကျွန်တော့ရဲ့ ခြေအိတ်မော်ဒယ်ကို စင်မြင့်ပေါ်ကို ယူဆောင်ပေးနိုင်မလားခင်ဗျာ။ ဟုတ်ပြီ။ ဒီတော့ လူနာက ကြမ်းပြင်ပေါ်ကို ခြေကို ခြေချလိုက်တာနဲ့ -- (အသံမြည်နေ) -- သတိပေးချက် တခုကို စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းဆီသို့ ပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်၊ ဒါက ခြေအိတ်မော်ဒယ်ပါ။ ဒါက ကျွန်တော် စစချင်းမှာ ရေးဆွဲခဲ့တဲ့ ပုံစံဒီဇိုင်းပါ။ ခံစားနိုင်စွမ်းကို အခြေခံထားတဲ့ နည်းပညာကို တီထွင်ဖို့ ကျွန်တော် စိတ်ကူးရလာတာက အာရုံခံကိရိယာများ နဲ့ နည်းပညာတွေကို တသက်လုံး စိတ်ဝင်စားခဲ့မှုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် အသက် ခြောက်နှစ်တုန်းက၊ အသက်ကြီးရင့်သူ ကျွန်တော်တို့ မိသားစုရဲ့ မိတ်ဆွေတဦးဟာ ရေချိုးခန်းထဲမှာ လဲကျသွားခဲ့လို့ ဒဏ်ရာတွေ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။ ကျွန်တော့ အဖိုးအဖွားတို့အတွက်ပါ စိုးရိမ်မိလာလို့ ရေချိုးခန်း အတွက် စမတ်စနစ် တခုကို တီထွင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ ရေချိုးခန်းကြမ်း ကြွေပြားတွေထဲကို လှုပ်ရှားမှုကို သိနိုင်တဲ့ အာရုံခံကိရိယာတွေကို ထည့်သွင်းပေးခြင်းဖြင့်် အသက်ကြီးသူတွေကို ရေချိုးခန်းထဲက ကြမ်းပေါ်ကို လဲကျမိတိုင်းမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ အဲဒီတုန်းက အသက်ခြောက်နှစ်သာ ရှိခဲ့ကာ သူငယ်တန်းကို မပြီးဆုံးခဲ့သေးတော့၊ ကျွန်တော့ စိတ်ကူးကို လက်တွေ့ ရုပ်လုံးဖေါ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်များ နဲ့ ကိရိယာတွေ မရှိခဲ့ပေမဲ့၊ အဲဒီလို စူးစမ်းလိုစိတ်က သက်ကြီးသူတွေကို ကူညီပေးရန် အာရုံခံကိရိယာတွေကို အသုံးပြုရေး ဆိုတဲ့ စိတ်ကူးဟာ ကျွန်တော့ခေါင်းထဲမှာ တချိန်လုံး ရှိနေခဲ့ပါတယ်။ အာရုံခံကိရိယာတွေဟာ သက်ကြီးတွေရဲ့ ဘဝ အရည်အသွေးကို မြှင့်တင်ကူညီနိုင်မှာကို ကျွန်တော် တကယ်ယုံကြည်ပါတယ်။ ကျွန်တော့ စိတ်ကူးကို ချကြည့်လိုက်တော့၊ စိန်ခေါ်မှုကြီး သုံးခု ရင်ဆိုင်ရမှာကို နားလည်လိုက်တယ်၊ ပထမဦးဆုံးက အာရုံခံကိရိယာကို တီထွင်ရန်ပါပဲ၊ ဒုတိယက ပတ်လမ်းဇယားကို ဒီဇိုင်းပြုစုရန်၊ ပြီးတော့ တတိယက စမတ်ဖုန်း အက်ပ် ကုဒ်ကို ပြုစုရန်ပါပဲ။ အဲဒီကျမှ ကျွန်တော့ ပရိုဂျက်ကို ရုပ်လုံးဖေါ်ရေးဟာ အစပိုင်းမှာ ကျွန်တော် ထင်ခဲ့တာထက်ကို များစွာမှ ခဲယဉ်းတာကို ကျွန်တော် နားလည်လိုက်တယ်။ ပမထအချက်အနေနဲ့၊ လူနာ ခြေဖဝါးမှာ သက်သောင့်သက်သာရှိကာ တပ်ဆင်ပေးလို့ရမယ့် ပါးပြီးပျော့ပျောင်းတဲ့ အာရုံခံကိရိယာကို ကျွန်တော် တီထွင်ရန် လိုခဲ့ပါတယ်။ တော်တော်များများ သုတေသန ပြုလုပ်ခဲ့ကာ ရာဘာလို ပစ္စည်းအမျိုးမျိုးကို စမ်းကြည့်ခဲ့လို့၊ ရာဘာဟာ ထူလွန်းလို့ ခြေဖဝါးအောက်မှာ ဝတ်ဆင်ဖို့ အဆင်သိပ်မပြေတာကို တွေ့ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်ဟာ လျှပ်စီးနိုင်ကာ ဖိအားကို အာရုံခံနိုင်တဲ့ မင်မှုန်လေးတွေပါတဲ့ အလွှာပါး အာရုံခံကိရိယာကို ပုံနှိပ်ယူရန် ဆုံးဖြတ်လိုက်ပါတယ်။ ဖိအား ရှိလာတာနဲ့ အမှုန်တွေအကြားက လျှပ်စီးမှုဟာ တိုးလာပါတယ်။ အဲဒါနဲ့ ကျွန်တော်ဟာ ၎င်းတို့ရဲ့ လျှပ်စစ် ခုခံနိုင်စွမ်းကို တိုင်းကြည့်ကာ ဖိအားကို တိုင်းနိုင်မယ့် စက်ကို ထွင်ခဲ့ရပါတယ်။ အဲဒီနောက်၊ ကျွန်တော်ဟာ ဆောင်လို့ရနိုင်တဲ့ ကြိုးမဲ့ ပတ်လမ်းကို ပုံစံဆွဲခဲ့ရပါတယ်၊ ဒါပေမဲ့ ကြိုးမဲ့ အချက်ပြမှု ထုတ်လွင့်ပေးဖို့အတွက် စွမ်းအား တော်တော်များများ လိုအပ်ကာ၊ လေးလံကြီးမားတဲ့ ဓာတ်ခဲတွေ လိုပါတယ်။ ကံကောင်းချင်တော့၊ ကျွန်တော်ဟာ Bluetooth စွမ်းအားနိမ့် နည်းပညာကို ရှာတွေ့နိုင်ခဲ့ရာ စွမ်းအားသုံးစွဲမှု နည်းတဲ့အပြင် အကြွေစေ့အရွယ် ဓာတ်ခဲလေးနဲ့ မောင်းနှင်နိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော့စနစ်ဟာ ညနက်ချိန်မှာ အားကုန်သွားမှာကို ကြောက်စရာ မလိုခဲ့ပါ။ နောက်ဆုံးအနေနဲ့၊ စမတ်ဖုန်း အက်ပ်ကို ကုဒ်သွင်းပေးလျက် စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းကို အဝေးထိန်း စောင့်ကြည့်စက်လို ပြောင်းလဲပစ်ရန် ဖြစ်ခဲ့ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက်၊ Java နဲ့ XCode တွေဆိုင်ရာ အသိပညာတွေကို လေ့လာယူခဲ့ရကာ စွမ်းအင်နိမ့် ဘလူးတုသ် ကိရိယာတွေကို ကုဒ်သွင်းပေးဖို့ကိုကျတော့ YouTube လက်တွေ့သင်တန်းတွေ နဲ့ စာအုပ်အမျိုးမျိုးတို့ထဲမှ လေ့လာခဲ့ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကို စုစည်းပေးလျက်၊ ကျွန်တော်ဟာ ရှေ့ပြေးပုံစံ နှစ်မျိုးကို အောင်မြင်စွာ တီထွင်ခဲ့တယ်၊ တခုထဲတွင် အာရုံခံကိရိယာကို ခြေအိတ်ထဲ ထည့်သွင်းခဲ့တယ်၊ နောက်တခုကျတော့ ဖြုတ်တပ်နိုင်တဲ့ အာရုံခံပစ္စည်းအစုံဖြစ်ခဲ့ရာ လူနာရဲ့ ခြေဖဝါး အောက်ပိုင်းနဲ့ ထိတွေ့နိုင်တဲ့ ဘယ်နေရာမှာမဆို တပ်ဆင်ပေးရန် ဖြစ်တယ်။ ကျွန်တော်ဟာ ကျွန်တော့ ကိရိယာကို အဖိုးပေါ်မှာ စမ်းသပ်ကြည့်တာ တနှစ်ခန့်ရှိပြီ၊ ၎င်းဟာ သူရဲ့ ထွက်လျှောက်မှု အကြိမ် ၉၀၀ ရှိခဲ့တဲ့ထဲက ၁၀၀ ရာခိုင်နှုန်းပြည့်ကို ဖေါ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နွေရာသီမှာ ကျွန်တော်ဟာ ကျွန်တော့ ကိရိယာရဲ့ ဘီတာ စမ်းသပ်မှုကို ကယ်လီဖိုနီးယား လူနေရပ်ကွက်များထဲက စောင့်ရှောက်ရေး နေရာ အများအပြားမှာ စမ်းသပ်ခဲ့လို့ ကျွန်တော်ဟာ ရရှိခဲ့တဲ့ တုံ့ပြန်ချက်တွေကို လေ့လာနေကာ ကိရိယာကို ဈေးကွက်တင် ရောင်းနိုင်ဖို့ မြှင့်တင်ရန် အားထုတ်နေပါတယ်။ အဲဒီကိရိယာကို လူနာ တော်တော်များများနဲ့ စမ်းသပ်ကြည့်ခဲ့လို့ လူတွေအနေနဲ့ ညဖက်မှာ ခြေအိတ်ကို စွပ်ထားရန် မလိုအပ်တဲ့ ဖြေရှင်းနည်းမျိုး တီထွင်ပေးမှာကို လူတွေ လိုချင်နေကြတာ သိလာရပါတယ်။ လူနာ အများအပြားတို့ထံမှ စုစည်းရရှိထားတဲ့ အဲဒီလို အာရုံခံကိရိယာရဲ့ ဒေတာဟာ လူနာများအား စောင့်ရှောက်မှုကို မြှင့်တင်ရာမှာ အသုံးဝင်နိုင်သလို ရောဂါတွေကို ကုစားပေးရေး နည်းစနစ်ကိုပါ ရှာတွေ့ရေးဆီကို ဦးတည်ပေးချင် ပေးနိုင်ပါမယ်။ ဥပမာ၊ လောလောဆယ်မှာ ကျွန်တော်ဟာ လူနာတယောက်ရဲ့ ညအချိန် ထွက်လျှောက်တတ်တဲ့ ကြိမ်နှုန်း နဲ့ သူရဲ့ နေ့စဉ် စားသောက်မှု အမူအကျင့်များနဲ့ ဆက်နွှယ်နေပုံကို လေ့လာနေပါတယ်။ ကျွန်တော် ဘယ်တော့မှာမှ မေ့မရနိုင်တာကတော့ ကျွန်တော့အဖိုး ညအချိန်မှာ ကုတင်းပေါ်မှထလျက် ထွက်လျှောက်ခဲ့တာကို ပထမဆုံးအကြိမ် ရှာတွေ့နိုင်ခဲ့မှုပါပဲ။ အဲဒီအချိန်ကလေးမှာ၊ ကျွန်တော်ဟာ နည်းပညာတွေရဲ့ ဘဝကို ပြောင်းလဲ မြှင့်တင်ပေးရေး စွမ်းပကားကို တကယ့်ကို အံ့အားသင့်နေခဲ့ပါတယ်။ ကျွန်တော် စိတ်ကူးယဉ်မိတဲ့ ကမ္ဘာကြီးက လူတွေ ပျော်ရွှင်စွာ နဲ့ ကျန်းမာစွာ နေထိုင်နိုင်ကြမယ့် ကမ္ဘာကြီးပါပဲ။ အထူး ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)