ဒီဇာတ်လမ်းဟာ ၁၉၈၅ ခုနှစ်မှာ၊ ကျွန်တော် အသက် ၂၂ နှစ်တွင် ကျွန်တော် ကမ္ဘာ့ စစ်တုရင် ချန်ပီယံ ဖြစ်ချိန်မှာ စခဲ့တယ်၊ Anatoly Karpov ကို အနိုင်ယူလိုက်တဲ့ နောက်မှာပါ။ အဲဒီနှစ် အစောပိုင်းတွင်၊ ကျွန်တော်ဟာ တစ်ပြိုင်နက်ပြပွဲ လို့ခေါ်တာကို ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် ကစားတဲ့ စက် ၃၂ လုံးနဲ့ ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို့မှာ ကစားခဲ့တယ်။ အဲဒီ ကစားပွဲအားလုံးကို ကျွန်တော် နိုင်ခဲ့တယ်၊ အဲဒီတုန်းက ကျွန်တော် ကွန်ပျူတာ ၃၂ လုံးကို တပြိုင်နက်တည်း ကစားရင်း အနိုင်ယူနိုင်ခဲ့တာဟာ သိပ် အံ့ဩစရာကြီး မဟုတ်ခဲ့ပါဘူး။ ကျွန်တော့အတွက် ကတော့ အဲဒါဟာ ရွှေခေတ်ကြီးပါ။ (ရယ်သံများ) စက်တွေ အားနည်းခဲ့ကြတယ်၊ ကျွန်တော့ ဆံပင်တွေက သန်မာတုန်းပဲ။ (ရယ်သံများ) အဲဒီနောက် ၁၂ နှစ် မျှပဲ ကြာသွားတော့ ကျွန်တော်ဟာ သေရေးရှင်ရေး တိုက်ပွဲကို ကွန်ပျူတာ တစ်လုံးတည်းနဲ့ "Newsweek"က "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ"လို့ ခေါ်ခဲ့တဲ့ တိုက်ပွဲထဲမှာ လုံးပမ်း နေခဲ့ရတယ်။ ဘယ်လိုမှ ဖိအား မရှိခဲ့ပါဘူး။ (ရယ်သံများ) ဒဏ္ဍာရီတွေကနေ သိပ္ပံစိတ်ကူးယဉ်ဆီကို လူသား နဲ့ စက်တွေကို မကြာခဏဆိုသလို သေရေး ရှင်ရေး တိုက်ပွဲကြီး အသွင်နဲ့ ရေးချယ် လာခဲ့ကြပါတယ်။ John Henry၊ သံမဏိ-ကားမောင်းသူလို့ အခေါ်ခံခဲ့ရသူ၊ ၁၉ ရာစု အမေရိကက အာဖရိက လူမျိုးတွေရဲ့ ရိုးရာဒဏ္ဍာရီထဲမှာ ရေနွေးငွေ့နဲ့ မောင်းတဲ့ တူက ကျောက်တောင်ကို ဖြတ်ပြီး တူမြောင်းကို ထုခွဲဖောက်လုပ်ဖို့ ကြိုးစားရင်း ပြိုင်ခဲ့ရတယ်။ အဲဒီ John Henry ရဲ့ ဒဏ္ဍာရီ ပုံပြင်ဟာ သမိုင်းလာ ရှည်လျားလှတဲ့ ပုံပြင်၊ လူသား နဲ့ နည်းပညာ အကြောင်း ပုံပြင် တစ်စိတ် တစ်ပိုင်းပါပဲ။ အဲဒီလို ပြိုင်ဆိုင်မှု ဇာတ်လမ်းတွေကို ဒီနေ့လည်း ကြားနိုင်တုန်းပါ။ ကျွန်တော်တို့ဟာ စက်တွေနဲ့ ယှဉ်ပြိုင်နေကြရပါတယ်၊ တိုက်ပွဲထက် စစ်ပွဲလို့တောင် ခေါ်နိုင်ပါတယ်။ အလုပ်နေရာတွေ ပျောက်လာနေကြတယ်။ လူတွေကို အလုပ်နေရာမှာ အစားထိုးပစ်လာနေလို့ သူတို့ဟာ ကမ္ဘာကြီးမှ ပျောက်သွားနေသလိုပါ။ ဒါက "Terminator" ဒါမှမဟုတ် "Matrix" လို ရုပ်ရှင်တွေ စိတ်ကူးယဉ် မဟုတ်ဘူးလို့ ပြောစရာ ဖြစ်လာတယ်။ အခုဆို လူသားရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က ကွန်ပျူတာ ဒါမှမဟုတ် ရိုဘော့ စက်ရုပ်နဲ့ တန်းတူရည်တူ ပြိုင်နိုင်တဲ့ နေရာတွေ သိပ်ကို နည်းလှပါတယ်။ တကယ်တော့ ဒီထက် နည်းနည်းလေး ပိုပြီး ရှိခဲ့ရင် ကောင်းမယ်လို့ ထင်မိတယ်။ အဲဒီအစား၊ ကျွန်တော့အတွက် ကောင်းချီးမင်္ဂလာလည်း ဖြစ်ခဲ့ပြီး ကျိန်စာပါ ဖြစ်လာခဲ့တာက လူတိုင်း ဒီနေ့အထိကို ပြောဆိုစရာ ဖြစ်လာခဲ့တဲ့ လူသား နဲ့ စက်တွေရဲ့ ပြိုင်ဆိုင်မှုကို သက်သေထူပြရမယ့် လူ ဖြစ်လာခဲ့ရပါတယ်။ နာမည်ကြီး လူသား နဲ့ စက်ရဲ့ ပြိုင်ပွဲ ပုံပြင်ထဲက John Henryhn လိုပါပဲ၊ ကျွန်တော်ဟာ ပွဲနှစ်ပွဲကို ကစားခဲ့ရတယ်၊ IBM ရဲံ စူပါကွန်ပျူတာ Deep Blue နဲ့ ပြိုင်ခဲ့ရတယ်။ အဲဒီတုန်းက ပထမဦးဆုံးပွဲကို ကျွန်တော် နိုင်ခဲ့တာ ဘယ်သူမှာမှ မမှတ်မိကြဘူး - (ရယ်သံများ) (လက်ခုပ်သံများ) Philadelphia မှာပါ၊ နောက်တစ်နှစ် New York ထပ်ကစားစဉ် မရှုံးခင်ကပါ။ တကယ်တော့ အဲဒါ တရားခဲ့တယ် ထင်ပါတယ်။ Sir Edmund Hillary နဲ့ Tenzing Norgay တို့က သမိုင်းထဲမယ်၊ ဧဝရက် တောင်ထိပ်ကို တက် မပြခင်တွင် အဲဒီအမြင့်ဆုံး တောင်ထိပ် မတက်နိုင်ခဲ့တဲ့ လူတွေ ဆိုပြီး သမိုင်းထဲမှာ အထူးလုပ် မှတ်တမ်း တင်ခဲ့တာ မရှိခဲ့ပါဘူး။ ၁၉၉၇ ခုနှစ်တုန်းက ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေတုန်းပါပဲ။ စစ်တုရင် ကွန်ပျူတာတွေ ရင့်ကျက်လာတဲ့ နှစ်တွေ ဖြစ်ခဲ့တယ်။ ကျွန်တော်က ဧဝရက် တောင်ထိပ် ဖြစ်ခဲ့ပြီး၊ Deep Blue က ထိပ်သီးရင်ဆိုင်ဖို့ အသင့် ဖြစ်လာခဲ့တယ်။ တကယ်တော့ အဲဒါကို လုပ်ပြလိုက်တာက Deep Blue မဟုတ်ခဲ့တာ ထောက်ပြချင်တယ်၊ ၎င်းကို ဖန်တီးခဲ့ကြတဲ့ လူသားတွေပါ- Anantharaman၊ Campbell၊ Hoane၊ Hsu တို့ပါ။ သူတို့ကို အလေးပြုဖို့ လိုအပ်ပါတယ်။ ခါတိုင်းလိုပဲ စက်ရဲ့အောင်ပွဲဟာ လူသားရဲ့ အောင်ပွဲကြီး ဖြစ်လာတယ်၊ ကျွန်တော်တို့ တီထွင်ပေးလိုက်တဲ့ဟာက လူသားတွေထက် သာလွန်သွားရင် မေ့တတ်ကြပါတယ်။ Deep Blue ဟာ အောင်ပွဲကြီးပါ။ အဲဒါဟာ အသိဉာဏ် ထက်ခဲ့သလား။ မဟုတ်ဘူး၊ မထက်မြက်ခဲ့ပါဘူး။ အနည်းဆုံး Alan Turing နဲ့ ကွန်ပျူတာ တီထွင်ရှင်များ မျှော်လင့်ခဲ့ကြသလို မဟုတ်ခဲ့ပါဘူး။ စစ်တုရင်ကို ကြမ်းတမ်းတဲ့ အားနဲ့ ထုချေပစ်နိုင်ကြောင်း တွေ့လာခဲ့ရတယ်၊ ဟာ့ဒ်ဝဲတွေ အမြန်နှုန်း ကောင်းလာရင် အယ်လဂိုရီသမ် သုံးတာ တော်လာရင်ပေါ့လေ။ ဒါပေမဲ့ ထွက်လာတဲ့ ရလဒ်ကို ကြည့်ပြောရပါက၊ grandmaster-အဆင့် စစ်တုရင်၊ Deep Blue ဟာ အသိဉာဏ် တော်ခဲ့ပါတယ်။ ဒါပေမဲ့၊ မယုံနိုင်လောက်အောင် မြန်တဲ့နှုန်းနဲ့၊ တစ်စက္ကန့်ကို သန်း ၂၀၀ နှုန်းနဲ့၊ Deep Blue ရဲ့ လုပ်ကိုင်ပုံက လူသား အသိဉာဏ် အထဲက အံ့ဖွယ် အရာတွေကို နည်းနည်းလေးမျှသာ ဖွင့်ပြနိုင်ခဲ့တာပါ။ မကြာခင်မှာပဲ၊ စက်တွေဟာ တက္ကစီယာဉ်မောင်းတွေ ဖြစ်လာကြတယ်၊ ဆရာဝန်တွေ၊ ပါမောက္ခတွေ ဖြစ်လာနိုင်ကြပေမဲ့ "အသိဉာဏ်" ကော ရှိလာကြမလား။ ကျွန်တော်ကတော့ အဲဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဒဿနိက ပညာရှင်တွေနဲ့ အဘိဓါန်တွေဆီ လွှဲထားခဲ့ချင်တယ်။ အရေးကြီးဆုံးက ကျွန်ုပ်တို့ လူသားတွေက အဲဒီ စက်တွေနဲ့ နေထိုင် အလုပ် လုပ်နေရတာကို ဘယ်လို ခံစားရသလဲ။ ကျွန်တော် Deep Blue ကို ၁၉၉၆ ခုနှစ် တုန်းက ပထမဦးဆုံး အကြိမ် တွေ့ရတော့ ကျွန်တော်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေခဲ့တာ ဆယ်နှစ် ကျော်နေပါပြီ၊ ကမ္ဘာ့ ချန်ပီယံပွဲတွေကို ၁၈၂ ကြိမ် ကစားပြီးခဲ့ပါပြီ ပြီးတော့ ဒိပြင်ပြိုင်ပွဲတွေမှာ ထိပ်သီး သမားတွေနဲ့ ပွဲရာချီ ကစားပြီးခဲ့ပါပြီ။ ကျွန်တော်ဟာ ပြိုင်ဘက်တွေဆီက ဘာကို မျှော်လင့်ရမှန်း ကျွန်တော်ဆီမှ ဘာကို မျှေ ာ်လင့်ရမှန်း သိခဲ့ပါတယ်။ ကျွန်တော်ဟာ သူတို့ရဲ့ အကွက်ရွှေ့ပုံကို လေ့လာလေ့ ရှိခဲ့တယ် သူတို့ရဲ့ စိတ်ခံစားမှု အခြေအနေကို ခန့်မှန်းတတ်ခဲ့တယ် သူတို့ရဲ့ ခန္ဓာကိုယ် ဘာသာစကားကို သူတို့ရဲ့ မျက်စိထဲ ကြည့်ရင်း ပေါ့လေ။ အဲဒီနောက်မှာ ကျွန်တော်ဟာ Deep Blue နဲ့ မျက်နှာချင်းဆိုင်ပြီး ထိုင်လာရတယ်။ တစ်ခုခု ဆန်းနေတာ ကျွန်တော် ချက်ချင်း ခံစားမိတယ်၊ တစ်ခုခု မဟုတ်ခဲ့ဘူး။ ခင်ဗျားတို့လည်း အလားတူ ခံစားမှုကို ခံစားမိခဲ့မှာပါ မောင်းသူမဲ့ကားကို ပထမဦးဆုံး အကြိမ် စီးရတဲ့ အခါမျိုး ခင်ဗျားတို့ရဲ့ ကွန်ပျူတာ မန်နေဂျာက ပြဿနာ တစ်ခုခုကို ရှင်းပြတဲ့ အခါမျိုး။ ဒါပေမဲ့ ကျွန်တော်က အဲဒီပွဲအတွက် ပထမအကြိမ် ထိုင်လိုက်တော့၊ ဒီအရာက ဘာများ လုပ်နိုင်စွမ်း ရှိမလဲ ဆိုတာကို ကျွန်တော် မသေချာခဲ့ပါ။ နည်းပညာတွေဟာ ခုန်ပျံ တိုးတက်နိုင်ပါတယ်၊ IBM ဟာ အကြီးအကျယ် မြှုပ်နှံခဲ့တယ်။ ကျွန်တော်ဟာ ပွဲကို ရှုံးသွားတယ်။ ကျွန်တော်ဟာ သိပ်ကို အံ့ဩသွားတယ်၊ အဲဒီစက်ကို နိုင်လို့ကို မရနိုင်တာများလား။ ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ စစ်တုရင်ခေတ် ကုန်သွားပြီလား။ အဲဒါတွေဟာ လူသားရဲ့ သံသယတွေ ကြောက်စိတ်တွေပါ၊ ကျွန်တော် သေချာပေါက် သိထားတာက ကျွန်တော့ ပြိုင်ဘက် Deep Blue ဆီမှာ စိုးရိမ်မှုတွေ လုံးဝ မရှိခဲ့ဘူး ဆိုတာပါ။ (ရယ်သံများ) ကျွန်တော်ဟာ စိတ်ဓာတ်ကျစရာ ထိုးနှက်မှုကြီးရဲ့ နောက်မှာ ပထမပွဲကို နိုင်ဖို့ တိုက်ပွဲ ဝင်ရတယ်၊ ဒါပေမဲ့ အဖြေက နံရံပေါ်မှာ ကမ္မည်း ထိုးထားလျက်ပါ။ နောက်ဆုံးမှာတော့ ကျွန်တော်ဟာ စက်ကို ရှုံးသွားခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်ဟာ John Henry ရဲ့ ကံကြမ္မာမျိုး မရင်ဆိုင်ခဲ့ရပါ၊ သူဟာ နိုင်ခဲ့ပေမဲ့ သူ့တူကို လက်ထဲ ကိုင်ထားရင်း သေသွားခဲ့တယ်။ စစ်တုရင် လောကက လူသား စစ်တုရင် ချန်ပီယံကို ဆက်ပြီး လိုချင်ကြတုန်းပါပဲ။ ဒီနေ့မှာတောင် မိုဘိုင်းဖုန်းပေါ်မှာ အခမဲ့ကစားနိုင်တဲ့ Deep Blue ထက်ကို သာတဲ့ စစ်တုရင် app ရှိနေတာတောင်၊ လူတွေဟာ စစ်တုရင်ကို ကစားနေကြတုန်းပါပဲ၊ အရင်ကထက် ပိုတောင် ကစားလာကြတယ်။ အဆိုးမြင်သူတွေက စက်ကနေပြီး နိုင်လိုက်မယ့် ဂိမ်းကို ဘယ်သူမှာမှ ကစားကြမှာ မဟုတ်ဘူးလို့ ဟောကိန်း ထုတ်ခဲ့ဘူးတယ်၊ သူတို့အားလုံး မှားခဲ့ကြတာ ထင်ရှားနေပြီ၊ တကယ်တော့ အဆိုးမြင်သူတွေ အစဉ်ပဲ ရှိခဲ့ကြပါတယ်၊ အထူသဖြင့် နည်းပညာတွေနဲ့ ပတ်သက်လာရင်ပေါ့လေ။ ကျွန်တော့ အတွေ့အကြုံများထဲကနေပြီး နားလည်လိုက်တာက ကျွန်တော်တို့ဟာ နည်းပညာထံမှ အများဆုံးကို ရယူချင်ရင် ကိုယ့် ကြောက်စိတ်တွေကို ရင်ဆိုင်ဖို့ လိုတယ် ပြီးတော့ လူသားဘဝထဲက အကောင်းဆုံးကို ရယူချင်ရင် ကျွန်တာ်တို့ဟာ အဲဒီ ကြောက်စိတ်တွေကို အနိုင်ယူရန် လိုပါတယ်။ ကိုယ့်ဒဏ်ရာတွေကို ကုစားရင်း၊ ကျွန်တော်ဟာDeep Blue နဲ့ ဝင်ခဲ့ရတဲ့ တိုက်ပွဲထဲကနေပြီး အားတက်စရာ အချက်တွေ အများကြီး ရခဲ့ပါတယ်။ ရုရှားစကားပုံဟောင်းက ဆိုထားသလို ကိုယ်မနိုင်နိုင်ရင်၊ လက်တွဲလိုက်ပါ။ အဲဒါနဲ့ စဉ်းစားမိတာက၊ ကျွန်တော်ကရော ကွန်ပျူတာနဲ့အတူနှင့်အတူ ကစားရင်ကော-- ကိုယ့်ဘေးမှာ ကွန်ပျူတာ ချထားပြီး ကျွန်တော်တို့ရဲ့ အားကို ပေါင်းလိုက်ရင်၊ လူရဲ့ ထိုးထွင်ဉာဏ်နဲ့ ကွန်ပျူတာရဲ့ တွက်ချက်နိုင်စွမ်း ပေါင်းလိုက်ရင်၊ လူရဲ့ မဟာဗျူဟာနဲ့ စက်ရဲ့ နည်းဗျူဟာ၊ လူ့အတွေ့အကြုံ နဲ့ စက်ရဲ့ မှတ်ဉာဏ်။ အဲဒီလို မကြုံစဖူး ကောင်းတဲ့ က စားပွဲများ ဖြစ်လာမလား။ ကျွန်တော့ စိတ်ကူးဟာ ၁၉၉၈ ခုနှစ်မှာ လက်တွေ့ ဖြစ်လာတယ်၊ အဆင့်မြင့် စစ်တုရင် ဆိုတဲ့ နာမည်နဲ့ ကျွန်တော်က လူသားနဲ့ကွန်ပျူတာ ပြိုင်ပွဲတွင် အခြား အထက်တန်းစား ကစားသမားနဲ့ ကစားခဲ့တယ်။ ဒပေမဲ့ ပထမဦးဆုံး စမ်းသပ်ပွဲတွင် ကျွန်တော်တို့ နှစ်ဖက်စလုံး လူသားနဲ့ စက်ရဲ့ ကျွမ်းမှုကို ထိရောက်စွာ မတွဲဖက်နိုင်ပါ။ အဆင့်မြင့် စစ်တုရင်ဟာ အင်တာနက် ပေါ်တွင် နေရာယူလိုက်ပါတယ်၊ အဲဒါနဲ့ 2005 ခုနှစ်တွင် အလွတ်သဘော စစ်တုရင်ပြိုင်ပွဲမှာ ကျွန်တော်တို့ မျက်စိ ပွင့်လာခဲ့တယ်။ grandmaster အသင်းနဲ့ နာမည်ကြီး စက်တွေ ပါဝင်ခဲ့ကြတယ်၊ ဒါပေမဲ့ နိုင်ခဲ့သူတွေဟာ grandmaster တွေ မဟုတ်ခဲ့ကြပါ၊ စူပါ ကွန်ပျူတာလည်း မဟုတ်ခဲ့ပါ။ အပျော်တမ်း အမေရိကန် စစ်တုရင် ကစားသူ နှစ်ဦး နိုင်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ သာမန် PC သုံးလုံးကို တပြိုင်နက်တည်း သုံးခဲ့ကြတယ်။ သူတို့က သူတို့စက်တွေကို အသုံးပြုနိုင်ခဲ့ပုံက ပြိုင်ဖက် grandmaster တွေရဲ့ အတွေ့အကြုံတွေကို ပြီးတော့ အားကောင်းလှတဲ့ ကွန်ပျူတာတွေရဲ့ စွမ်းပကားတွေကို နောက်ကောက် ချန်ရစ် နိုင်ခဲ့ကြပါတယ်။ အဲဒါနဲ့ ကျွန်တော်ဟာ ဒီလို ဖေါ်မြူလာကို တွေ့လာတယ်။ အားနည်းတဲ့ အားကစားသမားနဲ့ စက်ကိုပေါင်းလိုက်ပြီး ပိုကောင်းစွာ စီမံလုပ်ကိုင်ပေးရင် အားကောင်းလှတဲ့ စက်ကြီး သက်သက်ထက်၊ ပြီးတော့ အားကောင်းတဲ့ ကစားသူနဲ့ သိပ် မကောင်းလှတဲ့ စက်နဲ့ စာရင်တောင် ပိုသာမယ် ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချက်က ကျွန်တော်တို့ဟာ ကိုယ့်စက်တွေကို ပိုပြီး ဦးနှောက်ပါပ သုံးလာနိုင်အောင်် သင်ကြား အသုံးချကြရာတွင် ပိုကောင်းတဲ့ အင်တာဖေ့စ် လိုတာကို နားလည်လာစေတယ်။ လူတွေကို စက်နဲ့ ပေါင်းပေးခြင်းဟာ အနာဂတ် မဟုတ်ပါဘူး၊ အဲဒါ အခု ပစ္စုပ္ပန်ပါ။ လူတိုင်းဟာ အွန်လိုင်း ဘ ဘာသာပြန်မှုကို သုံးပြီး နိုင်ငံခြား သတင်းစာထဲက ဆောင်းပါးကို အကြမ်းဖျင်း သိဖို့ အသုံးပြုပါတယ်၊ အဲဒါဟာ သိပ်မပြည့်စုံမှန်း သိပါတယ်။ အဲဒီ ဘာသာပြန်ကို ယူပြီး ကျွန်တော်တို့ဟာ ကိုယ့်အတွေ့အကြုံကို သုံးပြီး အဲဒီထဲက အနှစ်သာရကို ထုတ်ယူကြတယ်၊ အဲဒီနောက်မှာ စက်က ကျွန်တော်တို့ ပြင်ပေးလိုက်တာ သင်ယူပါတယ်။ အဲဒါကို ဆေးဘက်ဆိုင် ရာရောဂါ ရှာဖွေမှု၊ လုံခြုံရေး ဆန်းစစ်မှုထဲ သုံးနေကြပါပြီ။ စက်ဟာ ဒေတာကို ခွဲခြမ်း လေ့လာတယ် ဖြစ်နိုင်ခြေကို တွက်ပေးတယ်၊ အလုပ်ကြမ်း ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း လုပ်ပေးတယ်၊ ဆန်းစစ်ရတာ လွယ်ကူလာစေတယ် ပြီးတော့ လူသားရဲ့ ဆုံးဖြတ်ချက် ပေးရတယ်။ ဒါပေမဲ့ ခင်ဗျားတို့ဟာ ကိုယ့်ကလေးတွေကို မိမိဘာသာမိမိ မောင်းနိုင်တဲ့ ကားနဲ့ ကျောင်းကို ပို့မှာ မဟုတ်ပါဘူး၊ ၉၀ ရာခိုင်နှုန်း သေချာတောင်။ 99 ရာခိုင်နှုန်း ဆိုလည်း မပို့ပါဘူး။ ဒီတော့ ကျွန်တော်တို့ဟာ ရှေ့ကို ခုန်ပျံရန် လိုပါတယ် အရေးပါတဲ့ နောက်ထပ် ဒဿမတွေကို ထည့်ပေးနိုင်ဖို့ အတွက်ပါ။ Deep Blue နဲ့ ကျွန်တော့ ကစားခဲ့တဲ့ ပွဲရဲ့ နောက် နှစ် နှစ်ဆယ် အကြာတွင်၊ ဒုတိယပွဲ မှာ၊ မြင်ခဲ့ကြရတဲ့ "ဦးနှောက်ရဲ့ နောက်ဆုံး တိုက်ပွဲ" ခေါင်းစဉ်ဟာ သာမန်ကိစ္စ ဖြစ်လာပါပြီ အသိဉာဏ်ပါတဲ့ စက်တွေဟာ နေ့စဉ် ကဏ္ဍတိုင်းမှာ လှုပ်ရှား ရွေ့လျားနေတယ်။ ဒါပေမဲ့ အတိတ်ကာလနှင့်မတူဘဲ၊ စက်က လယ်သမားတွေ၊ လူရဲ့ လုပ်အားကို အစားထိုးမှု မဟုတ်ဘဲ ၎င်းတို့ဟာ ဒီဂရီ ရထားတဲ့ သူတွေကို အစားထိုးဖို့ လာနေကြတယ်၊ နိုင်ငံရေး သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်။ စက်ကို အရှုံးပေးခဲ့ရသူ တစ်ဦးအနေနဲ့ ပြောချင်တာက ဒီသတင်းတွေဟာ သိပ်ကို ကောင်းပါတယ်၊ အရမ်းကောင်းတဲ့ သတင်းတွေပါ။ နောက်ဆုံးမှာတော့ ကျွမ်းကျင် အလုပ်တိုင်းဟာ အဲဒီလို ဖိအားပေးမှုကို ခံစားရမှာပါ၊ မဟုတ်ရင် လူသားဟာ တိုးတက်မှု မရှိတော့တာကို ဆိုလိုမှာပါ။ ကျနော်တို့ဆီမှာ နည်းပညာ တိုးတက်မှု ဘယ်တော့ ရပ်သွားမယ် ဆိုတာကို ရွေးခွင့် မရှိပါ။ ကျွန်တော်တို့ဟာ အရှိန်ကို လျှော့ချ မရနိုင်ပါ။ တကယ်တော့၊ ကျွန်တော်တို့ဟာ အရှိန်ကို မြှင့်ရပါမယ်။ ကျွန်ုတော်တို့ရဲ့ နည်းပညာတွေဟာ ကျွန်တော်တို့ရဲ့ ဘဝထဲက အခက်အခဲတွေနဲ့ မရေရာမှုတွေကို ဖယ်ရှားရာတွင် သိပ်တော်တယ်။ ကျွန်တော်တို့ဟာ ပိုလို့ကို ခက်ခဲတဲ့ အရာတွေ၊ ပိုစိန်ခေါ်ရာကျတဲ့ ဆက်ပြီး ရှာကြံဖို့ လိုပါတယ်။ စက်တွေဆီမှာ တွက်ချက်မှုတွေ ရှိတယ်။ ကျွန်တော်ဆို့ဆီမှာ အသိပညာ ရှိတယ်။ စက်တွေဆီမှာ ညွှန်ကြားချက်တွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာ ရည်ရွယ်ချက် ရှိတယ်။ စက်တွေဟာ ဓမ္မဓိဋ္ဌာန် ကျပါတယ်။ ကျွန်တော်တို့မှာ စိတ်ထက်သန်မှု ရှိတယ်။ စက်တွေ ဒီနေ့ ဘာတွေ လုပ်နိုင်တာကို ကျွန်တော်တို့ စိုးရိမ်ရန် မလိုပါ။ အဲဒီအစား ၎င်းတို့ ဘာတွေကို မလုပ်နိုင် သေးတာကို စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အသိဉာဏ်ပါမယ့် စက်သစ်တွေရဲ့ အကူအညီကို လိုအပ်မှာ မို့လို့ပါ။ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိတ်ကူးတွေ လက်တွေ့ ရုပ်လုံးဖေါ်ဖို့ အတွက်ပါ။ ကျွန်တော်တို့ ကျရှုံးပါက၊ ကျရှုံးခဲ့ရင်၊ စက်တွေ အသိဉာဏ် သိပ်တော်လို့ ဒါမှမဟုတ် လုံလောက်စွာ မတော်လို့ မဟုတ်ပါ။ ကျွန်တော်တို့ ကျရှုံးခဲ့ရင် ကျွန်တော်တို့ ကျေနပ်အားရနေခဲ့လို့ ရည်မှန်းချက်တွေကို ကန့်သတ်ခဲ့ကြလို့ပါ။ ကျွန်တော်တို့ လူသားကို ဘယ်လို ကျွမ်းကျင်မှုနဲ့မှ ကန့်သတ် မထားပါ၊ တူပစ်တာ၊ စစ်တုရင်ကစားတာ ဟာမျိုးဖြင့် ကန့်သတ် မထားပါ။ လူသား တစ်ဦးတည်းသာ လုပ်နိုင်တဲ့ အရာ တစ်ခု ရှိပါတယ်။ အိပ်မက်ပါ။ ဒီတော့ အိပ်မက်ကြပါစို့။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)