ကောင်းပြီ၊ ကျွန်တော် သင်္ချာအကြောင်း ပြောပါရစေ။. ခင်ဗျားတို့အားလုံး သင်္ချာကို ကြိုက်ကြတယ်နော်? သိပ်မကြိုက်ကြဘူးလား? လူတိုင်း သင်္ချာကို ကြိုက်ကြတာ ကျွန်တော် သိပါတယ်။ အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ထဲမှာ သင်္ချာကို မုန်းကြသူ ဘယ်လောက်များလဲ? သိပ်မများဘူး။ အဲဒါကောင်းတယ်! ကျွန်တော်စိတ်ထင် သင်္ချာကို မုန်းကြတယ်လို့ ထင်ကြသူတချို့တို့ဟာ သင်္ချာဆိုတာ ကိန်းဂဏန်းတွေ၊ တွက်ချက်မှုတွေ ပြီးတော့ ဖေါ်မြူလာတွေ၊ စိတ်ညစ်စရာ အခြားအရာတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြပါတယ်။ အဲဒါ မဟုတ်ုမှန်တာကို ကျွန်တော် ပြောချင်ပါတယ်။ ၁၉ ရာစုတုန်းက နာမည်ကြီး နောက်ပြောင်စရာ တစ်ခုကို ပြောပါမယ်၊ နာမည်ကြီး သင်္ချာပညာရှင်ကြီး Ernst Kummer ဆိုသူ ရှိခဲ့ပါတယ်။ သူဟာ တကယ့်ကို နာမည်ကြီး သင်္ချာပညာရှင်ဖြစ်သလို သူ့ကို "သင်္ချာပညာရဲ့ ဖခင်၊" "ဂဏန်းသီအိုရီရဲ့ ဖခင်" လို့လည်း ခေါ်ကြတယ်။ ဒါပေမဲ့၊ တကယ်တမ်းတွင် သူဟာ ကိန်းဂဏန်းတွေကို ကိုင်တွယ်ရာမှာ သိပ်မတော်ခဲ့ပါ။ သူဟာ ပို့ချခန်း တစ်ခုတုန်းက ၇ x ၉ ကို တွက်မရဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ သူဟာ သင်ပုန်းပေါ်မှာ ရေးနေရင်း ၇ x ၉ က ဘယ်လောက်လဲ?" မေးနေခဲ့တယ်။ ကျောင်းသား တစ်ယောက်က "အဲဒါ ၆၁ ပါဆရာ"၊ နောက်တစ်ယောက်က "အဲဒါ ၆၉ ပါဆရာ"လို့ ဖြေကြတယ်။ အဲဒီနောက်မှာ Kummer က၊ "နေစမ်းပါအုံး! မင်းတို့ ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ကြပါ၊ အဖြေဟာ ၆၁ ရော ၆၉ ပါ နှစ်မျိုး မဖြစ်နိုင်ဘူး။ အဲဒီထဲက တစ်ခုပဲ ဖြစ်ရမယ်။" အဲဒီဖြစ်ရပ်ဟာ ရယ်စရာ ကောင်းတယ်လို့ ယူဆကြပါတယ်။ ဟုတ်ကဲ့ နာမည်ကြီး ဟာသတစ်ခုပါပဲ။ ဒါကြောင့်မို့လို့ သင်္ချာဆရာ အားလုံးတို့ဟာ ကိန်းဂဏန်းတွေကို ကျွမ်းကျင်မှ ကျွမ်းကျင်မှာပါ။ သူဟာ ကိန်းဂဏန်းဆိုင်ရာ သီအိုရီရှင်အဖြစ် နာမည်ကြီးပါတယ်။ အိုကေ၊ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့၊ သင်္ချာဟာ ကိန်းဂဏန်း အကြောင်းသက်သက် မဟုတ်ပါ။ ကျွန်တော်ဟာ ကိန်းဂဏန်းတွေ အကြောင်းကို မပြောဘဲနဲ့ သင်္ချာအကြောင်းကို အနားမနေ ပြောနိုင်ပါတယ်၊ တစ်ရက်ကြာ၊ တစ်ပတ်ကြာ ခင်ဗျားတို့ လိုချင်သလောက် ပြောနေနိုင်ပါတယ်။ နေ့စဉ်လိုလို သီအိုရီ အသစ်တစ်ခုကို သက်သေထူပြကြပါတယ်၊ အယူအဆအသစ် ပေါ်လာနေပါတယ်၊ ခံယူချက် အသစ်တစ်ခုကို ဖန်တီးနေကြပါတယ်။ သင်္ချာဟာ အဆုံးမသတ်နိုင်တဲ့ ဖန်တီးတီထွင်ရေး ပညာပါပဲ။ အဲဒါဟာ ဂီတပညာနဲ့ ဆင်တူသလိုပါပဲ။ ဥပမာဆိုပါစို့၊ တစ်ယောက်ရဲ့ ယဉ်ကျေးမှုနဲ့ သင်္ချာထဲက နေထိုင်မှု နေရာကို လိုက်ပြီး ဘာယ်ဟာကဖြင့် အရမ်းကို ကောင်းတယ်၊ မကောင်းဘူးဆိုတာ မူတည်ပါတယ်။ ဥမာ၊ တချို့သူတို့ကCategory Theory ဟာ အရမ်းစိတ်ဝင်စားစရာလို့ ထင်ပါတယ်။ ဒါပေမဲ့၊ ခင်ဗျားတို့ဟာ အဲဒီ Category Theory ကိုသိချင်မှသိကြမှာပါ။ တချို့ကျတော့ Set Theory ဟာ အရမ်းကို စွဲမက်စရာကြီးလို့ ထင်ကြတယ်။ အေးဗျာ၊ ဟုတ်နိုင်တယ်။ ပြီးတော့ တချို့နိုင်ငံတွေမှာ၊ လူတချို့တို့ဟာ လက်ဆုပ်လက်ကိုင် အရာတွေကို ကိုင်တွယ်ရာမှာ တော်ကြတယ်၊ တချို့နိုင်ငံတွေမှာကျတော့ စိတ်ကူးသက်သက် အရာတွေကို ကိုင်တွယ်တတ်ကြတယ်။ ဒီတော့ သင်္ချာဟာ ခင်ဗျားတို့ ထင်သလို ကျစ်လစ်တဲ့ အရာမဟုတ်ပါ။ ဒါပေမဲ့ သင်္ချာ နဲ့ ဂီတအကြား အကြီးမားဆုံး ခြားနားချက်က ဂီတလောကထဲမှာ အံ့အားသင့်စရာ တေးစပ်ဆရာတွေ ရှိကြတယ်၊ သူတို့ဟာ ဂီတကို ဖန်တီးလျက် ထုတ်လုပ်ပေးပါတယ်၊ အဲဒီတစ်ချိန်တည်းမှာ အံ့ဩဖွယ် ဂီတကို တီးမှုတ်ပေးနိုင်တဲ့ သူတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ Bach၊ Beethoven၊ Mozart တို့ ရှိလာခဲ့ကြပါတယ်။ အဲဒီလို မဟာတေးစပ်ဆရာများက လှပတဲ့ ဂီတတွေကို ဖန်တီးပေးခဲ့ကြပါတယ်၊ ဒါပေမဲ့ မဟာ တီးမှုတ်ဆရာတို့ရဲ့ ကျေးဇူးတော်ဖြင့် ကျွန်တော်တို့ဟာ အဲဒီဂီတကို နားဆင်ခံယူနိုင်ပါတယ်၊ Glenn Gould နဲ့ Yo-Yo Ma၊ ပြီးတော အခြားတီးမှုတ်ပညာရှင်များက ဂီတကို တီးပေးကြပါတယ်၊ အဲဒါကြောင့်မို့လို့သာ ကျွန်တော်တို့ဟာ လှပတဲ့ ဂီတကို ရယူခံစားနိုင်ကြပါတယ်။ ဒါပေမဲ့၊ သင်္ချာလောကထဲမှာကျတော့၊ ကံဆိုးချင်တော့၊ မဟာ တေးစပ်ဆရာကြီးတွေ ရှိကာ နေ့စဉ်နဲ့အမျှ သင်္ချာတွေကို အများကြီး ဖန်တီးနိုင်ပေမဲ့၊ သင်္ချာကို တီးမှုတ်ပြပေးသူ ဘယ်သူမှမရှိပါ။ အဲဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ အလှတရားကို ကျွမ်းးကျင်ကြတဲ့ သင်္ချာပညာရှင်များသာ ရယူခံစားနိုင်ကြပါတယ်။ ကျွန်တော် အဲဒါကို နည်းနည်းလေး ပြောင်းလဲပစ်ချင်ပါတယ်။ တကယ်တမ်းက၊၊ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ကျွန်တော်ဟာ သင်္ချာပဒေသာပွဲကို တင်ဆက်လာနေပါပြီ။ ဒီလို ခန်းမကြီး၊ စားသောက်ဆိုင်၊ ဘုရားကျောင်း နေရာမျိုးမှာ ကျွန်တော်ဟာ သင်္ချာအကြောင်း ဟောပြောပေးပါတယ်၊ သင်္ချာပညာရှင် မဟုတ်ကြသူတို့က သင်္ချာပညာရှင်တွေကို နားထောင်ဖို့ လာကြပါတယ်။ ကျွန်တော် တစ်ယောက်တည်းမကဘဲ များပြားလှတဲ့သူတွေကပါ သင်္ချာပဒေသာပွဲတွေ ကျင်းမှာကို မျှော်လင့်ပါတယ်၊ အဲဒီလိုနည်းဖြင့် သင်္ချာရဲ့ လှပတဲ့ ကမ္ဘာကြီးကို သင်္ချာပညာရှင် မဟုတ်ကြသူတွေ ခံစားလာနိုင်ပါမယ်။ အခုတော့ ကျွန်တော်တို့ရဲ့ အကြောင်းအရာဆီ ပြန်သွားမယ်။ ကျွန်တော်ပြောခဲ့သလို သင်္ချာဟာ ဂဏန်းတွေချည်း မဟုတ်ပါ။ ဒီလိုဆို ဘာတွေ အကြောင်းများပါလိမ့်? သင်္ချာပညာကို ဂျပန်ဘာသာထဲမှာ "Sugaku" လို့ ခေါ်ပါတယ်။ Su က "ဂဏန်းများ"ကို ဆိုလိုပါတယ်; gaku ကျတော့ တစ်ခုခုကို လေ့လာမှုပါ။ ဒါကြောင့်မို့လို့ sugaku ရဲ့ အဓိပ္ပါယ်က "ဂဏန်းများကို လေ့လာမှု" ဖြစ်ပါတယ်။ အဲဒီလို ဘာသာပြန်မှုဟာ သိပ်ကောင်းလှတယ်လို့ ကျွန်တော် မထင်ပါ၊ အဲဒီလို သုံးနှုန်းမှုက သင်္ချာဟာ ဂဏန်းတွေနဲ့ သက်ဆိုင်တယ်လို့ ထင်စရာ ရှိနေလို့ပါ။ ဒါပေမဲ့ သင်္ချာ ဆိုတဲ့ စကားလုံးရဲ့ မူရင်းဟာ ဂရိ စကားမှဆင်းသက်လာခဲ့တာပါ၊ "ta mathemata" ပါ။ Ta mathemata ရဲ့ အဓိပ္ပါယ်က "ရယူခြင်းဖြင့် ရရှိကြတဲ့ အရာများ" ဖြစ်ပါတယ်၊ ဒီနေရာမှာ ရယူခြင်း ဆိုတာက သာမန် ရယူမှုသဘောမျိုး မဟုတ်ပါ။ ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှုပါ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ မရှိတာကို ရယူလေ့ရှိကြပါတယ်၊ ဒါပေမဲ့ ta mathemata ကျတော့ ရယူခြင်းဖြင့် မိမိတို့ ရရှိကြတာကို ဆိုလိုပါတယ် ဒါပေမဲ့၊ ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတဲ့ အရာကို ရယူမှုဖြစ်ပါတယ်။ အဲဒါကို နားလည်ရန် ခက်ပါတယ်။ တနည်းပြောရရင် သင်္ချာပညာကို ၎င်းရဲ့ မူရင်းအနှစ်သာရ အရဆိုရင် ကျွန်တော်တို့ဆီမှာ ရှိနှင့်နေတာကို ရယူမှု၊ ကျွန်တော်တို့ သိနှင့်နေတာကို သိလာရမှု ဖြစ်ပါတယ်။ အဲဒါက ဘာကို ဆိုလိုတာပါလိမ့်? ကျွန်တော်တို့ ဂျပန်မှာ Oka Kiyoshi ဆိုတဲ့ သင်္ချာပညာရှင် ရှိပါတယ်။ ဒီဟောပြောမှုနောက်မှာ လူတိုင်းဟာ သူ့နာမည်ကို မှတ်မိကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ သူဟာ ကျိုတိုမြို့မှာ နေထိုင်ပါတယ်။ သူဟာ ကမ္ဘာပေါ်က လူသိအများဆုံး ဂျပန် သင်္ချာပညာရှင် တစ်ဦးပါပဲ။ အဲဒီ Oka ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးမားလွန်းလို့ ဥရောပတိုက်ထဲက တချို့သူတို့က Oka ဟာ အုပ်စုတစ်ခုရဲ့ အမည်လို့တောင် ထင်မှတ်ခဲ့ကြပါတယ်။ သူဟာ အဲဒါတွေ အားလုံးကို တစ်ယောက်တည်း လုပ်နိုင်ခဲ့တာ သူတို့ မယုံနိုင်ကြဘူး။ လူတစ်ယောက်တည်းက အဲဒါတွေအားလုံးကို လုပ်ခဲ့တာကို သူတို့ လုံးဝ မယုံနိုင်ခဲ့ကြပါ။ Oka ဟာ မဟာသင်္ချာပညာရှင် တစ်ယောက်တင် မကခဲ့ပါ; သူဟာ လေးနက်တဲ့ အတွေးအခေါ်ပညာရှင်၊ ဒဿနိက ပညာရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ကောက်နှုတ်ချက် စကားတချို့နဲ့ လှပတဲ့ စာတမ်းများကိုပါ ချန်ထားခဲ့ပါတယ် သင်္ချာရဲ့ သဘာဝ အကြောင်းနဲ့ ဆက်စပ်လျက်ပါ။ အထူးသဖြင့်၊ သင်္ချာဟာ ပထမဦးဆုံး ဂဏန်းဖြစ်တဲ့ တစ် အကြောင်း ဘာမှ ပြောမပြနိုင်ဘူးလို့ ထပ်တလဲလဲ ပြောကြားလေ့ရှိခဲ့ပါတယ်။ ကောင်းပါပြီ၊ ဂဏန်းတွေဟာ သင်္ချာထဲက အရိုးရှင်းဆုံး အရာတွေဖြစ်တာ ရှင်းနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့ ဂဏန်း တစ် ရှိဖို့လိုအပ်သလဲ ဒါမှမဟုတ် တစ်ဂဏန်းဟာ ဘာဖြစ်လို့ ပထမနေရာမှာ ရှိနေရတာလဲ ဆိုတာကို ရှင်းပြလိုကြပါက၊ သင်္ချာနည်းဖြင့် ဒါမှမဟုတ် အကျိုးအကြောင်းဖြင့် ရှင်းပြရန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကျွန်တော်တို့ဟာ တစ် ဂဏန်း ရှိနေခြင်းကို သက်သေထူပြရန် ဒါမှမဟုတ် ရှင်းပြရန်၊ တစ် ဂဏန်း ရှိနေခြင်း အကြောင်းရင်း ဒါမှမဟုတ် တစ်ဂဏန်း ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြရန် မဖြစ်နိုင်ပါ။ ကျွန်တော်တို့ဟာ အဲဒါကို ယုံကြည်ကြရုံပါပဲ။ တစ်ခုခုကို အခြေအမြစ် ဘယ်လိုမှမရှိဘဲ ယုံကြည်ခြင်းပါပဲ။ ကျွန်တော်တို့ စိတ်ရဲ့ အဲဒီလို ယုံကြည်မှု စွမ်းပကားသာ မရှိခဲ့ရင်၊ သင်္ချာဟာ လုံးဝကို အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မရှိ ဖြစ်ခဲ့မှာပါ။ ဒီတော့ ရုတ်တရက်ဆိုရင်၊ သင်္ချာဟာ ဂဏန်းတွေ နဲ့ တွက်ချက်မှု အကြောင်း ဆင်ခြင်းတွေးခေါ်မှု စတဲ့ အကြောင်းထင်ရပေမဲ့ အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားရဲ့ အောက်ခြေမှာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ အရာဖြစ်နေကာ အဲဒီတွက်ချက်မှု နဲ့ ဆင်ဆင်မှုတရားတွေကို အားဖြည့်ပေးနေတာပါ။ ဒါကြောင့်မို့လို့ သင်္ချာပညာရဲ့ ဗဟိုထဲတွင် ရှိနေတာက ဂဏန်းတွေမဟုတ်ကြပါ၊ ဆင်ခြင်တုံတရားလည်း မဟုတ်၊ တွက်ချက်မှုလည်း မဟုတ်၊ ကြီးမားလှတဲ့ ကျွန်တော်ရဲ့ အတွင်းပိုင်း စကြာဝဠာကြီး ရှိပါတယ်၊ အဲဒါကို Oka Kiyoshi က "Joocho" ဆိုပြီး ခေါ်ခဲ့ပါတယ်။ Joocho ဟာ သိပ်ကို ရှင်းပြရခက်တဲ့ ဂျပန်စကားလုံးပါ။ ကျွန်တော်ဟာ အဲဒါ့အတွက် ဘာသာပြန် စကားလုံးကောင်းကို ရှာကြံခဲ့ပါသေးတယ်၊ Joocho ကို ထင်ဟပ်ပေးနိုင်မယ့် အင်္ဂလိပ်စကားလုံးကောင်းကို ရှာကြည့်ခဲ့ပါတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်တော်ဟာ ရှာမရခဲ့ပါ။ ဒါကြောင့်မို့လို့ အဲဒါကို Joocho လို့ပဲ ဆက်ခေါ်ကြရအောင်။ (ရယ်မောသံများ) ဒီတော့ Oka က ရှင်းပြခဲ့သို သင်္ချာဟာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ တွက်ချက်မှု အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ ဆင်ခြင်တုံတရားနဲ့လည်း မဆိုင်ပါ၊ သင်္ချာဟာ joocho အကြောင်းပါ။ အဲဒါဟာ မိမိစိတ်ထဲကို ကြည့်ရှုမှုပါ၊ ပြီးတော့ မိမိရဲ့ အတ္တကို ထိတွေ့မှုလည်း ဖြစ်ပါတယ်၊ မိမိထဲက ကြွယ်ဝတဲ့ အတွင်းပိုင်း စကြာဝဠာကို တို့ထိကြည့်မှု၊ ခင်ဗျားတို့ရဲ့ Joocho ပါပဲ။ ဒီတော့ ခင်ဗျားတို့ဟာ သင်္ချာကို လိုက်စားချင်ရင် ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ။ သိပ်ကြီး ခက်ခဲတာမျိုး မဖြစ်သင့်ပါ။ ဘယ်သူကမှ သက်သေထူမပြနိုင်သေးတဲ့ သီအိုရီကို သက်သေထူပြတာမျိုး မလိုအပ်ပါ။ ပြဿနာ တစ်ခုကို ကောက်ယူလိုက်ပါ၊ လွယ်ကူတာ ဖြစ်ပါစေ၊ ပြီးတော့ အဲဒါကို အာရုံပြုနေပါ၊ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ အားထုတ်ပါ။ အဖြေတွေကို သွားမကြည့်ပါနဲ့။ မလိမ်ညာပါနဲ့။ ခင်ဗျားဟာ ကိုယ့်ဘာသာကိုယ် အဖြေကို မတွေ့မချင်း ဒီပြဿနာအကြောင်းကို စဉ်းစားကြည့်နေပါ။ ခင်ဗျားဟာ သည်းခံစိတ်ရှိရန် လိုမယ်၊ တချိန်လုံး အာရုံစူးစိုင်နေရန် လိုတယ်။ အကြောင်းအရာ တစ်ခုတည်းကို အာရုံစိုက်နေရန်နဲ့ သည်းခံစိတ်ရှိရေးဟာ သိပ်ကို အရေးကြီးပါတယ်။ အဲဒီလို အာရုံစူးစိုက်နေချိန်မှာ၊ ခင်ဗျားတို့ဟာ ကိုယ့်စိတ်ကိုပါ ထိတွေ့ခံစားနိုင်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ဟာ ကံကောင်းမယ်ဆိုရင်၊ ခင်ဗျားဟာ ခင်ဗျာ့စိတ်ထဲက Joocho ပင်လယ်ကြီးထဲတွင် ရေကူးရင်း မျောနေတာကို ခံစားလာရမှာပါ။ အချိန်ရှိတဲ့အခါမှာ အဲဒါကို စမ်းကြည့်ကြပါ။ ဒီတော့ ဒါဟာ သင်္ချာဆိုင်ရာ တိုတောင်းတဲ့ ဟောပြောချက်ပါ။ တကယ်တော့ ကျွန်တော်က ပါးပေးလိုတဲ့ အချက်ကတစ်ခုတည်းပါ။ သင်္ချာ ဂဏန်းတွေ အကြောင်း မဟုတ်ပါ၊ သင်္ချာဟာ တွက်ချက်မှု သက်သက် မဟုတ်ပါ၊ သင်္ချာဟာ ဆင်ခြင်တုံတရား သက်သက်လည်း မဟုတ်ပါ၊ သင်္ချာဟာ သင့်စိတ်တွင်းပိုင်းကို ကြည့်ရှုမှုပါ။ ခင်ဗျားရဲ့ အတွင်းပိုင်း အတ္တနဲ့၊ အတွင်းပိုင်း စကြာဝဠာနဲ့ ထိတွေ့မှုပါ၊ ခင်ဗျားတို့ရဲ့ အတွင်းပိုင်းထဲက ကြွယ်ဝလှတဲ့ Joocho အပြည့်အဝနဲ့ ထိတွေ့မှုပါပဲ။ အဲဒီလိုဆိုတော့၊ လူတိုင်းဟာ၊ ခင်ဗျားတို့အပါအဝင်ဟာ၊ သင်္ချာပညာရှင် ဖြစ်နိုင်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ (လက်ခုပ်တီးသံများ) ကျေးဇူးတင်ပါတယ်။