ခင်ဗျား အခုဆို ကြားဖူးမှာပါ၊ စီးပွားရေးဆိုင်ရာ မညီမျှမှုတွေက သမိုင်းတွင်လောက်အောင် မြင့်နေတာ၊ အမေရိကန်ပြည်ထောင်စုထဲက သုည ဒသမ တစ်ရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသူတွေက အောက်ခြေပြည်သူ ၉၀ ရာခိုင်နှုန်းတို့ရဲ့ စုစုပေါင်း ကြွယ်ဝမှုလောက် ပိုင်ဆိုင်ကြတာ၊ ဒါမှမဟုတ် ကမ္ဘာပေါ်က အချမ်းသာဆုံး ပုဂ္ဂိုလ် ၈ ဦးတို့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံး လူ ၃.၅ ဘီလီယံ တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ တူညီနေတာကိုပါ။ ဒါပေမဲ့ စီးပွားရေး မညီမျှမှုဟာ လူ့သက်တမ်း တိုလာမှု၊ ပျော်ရွှင်မှု နည်းလာမှု၊ ပြစ်မှုတွေ များလာမှုနဲ့ မူးယစ်ဆေး သုံးစွဲမှုများလာမှုနဲ့ ဆက်နွှယ် နေတာကိုရော ခင်ဗျားတို့ သိကြလား။ ဒါတွေဟာ ဆင်းရဲမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေလို့ ထင်ရပေမဲ့၊ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း အဲဒီလို ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေဟာ တကယ်တော့ ဝင်ငွေပမာဏ သက်သက်ထက် ဝင်ငွေ မညီမျှမှုတွေနဲ့ ပိုနီးကပ်စွာ ဆက်စပ်နေပါတယ်။ ပြီးတော့ အဲ့ဒါကြောင့်ပဲ ကမ္ဘာ့နိုင်ငံတွေထဲမှာ အချမ်းသာဆုံးနဲ့ မညီမျှမှု အကြီးမားဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အ​ခြေအနေဟာ ဖွံ့ဖြိုးပြီး အခြားနိုင်ငံ အားလုံးတို့ထက် ပိုမိုဆိုးရွားနေတာပါ။ စစ်တမ်းတွေ ပြနေတာက အမေရိကန် ပြည်သူ အများစုတို့က၊ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန် နှစ်ခုစလုံးတို့က၊ မညီမျှမှု အရမ်းမြင့်နေတယ်လို့ ယုံကြည်ပြီး ပိုမိုညီမျှတဲ့ လုပ်ခကို လိုချင်ကြပါတယ်။ လူ့အသိုင်းအဝိုင်အနေနဲ့ အဲဒါကို တစ်နည်း နည်းနဲ့ ဖြေရှင်းဖို့ ကျုပ်တို့ဆီမှာ ဘုံခံယူချက်၊ သဘောတူညီမှု‌၊ နိုင်ငံရေးဆန္ဒလည်း ရှိပုံမရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မညီမျှမှုဟာ နောက်ဆုံး ဆယ်စုနှစ်များအတွင်း တိုးလာခဲ့တာနဲ့အမျှ နိုင်ငံရေးအကွဲအပြဲတွေကလည်း အဲဒါနဲ့အတူ မြင့်တက်လာခဲ့လို့ပါ။ ကျနော်တို့က ကိုယ်နဲ့ သဘောထား မတူသူတွေကို လူအ တွေ အကျင့်ပျက်တွေလို့ မြင်တယ်။ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလင်ကန်တွေရဲ့ တစ်ဝက်နီးပါက အခြားတစ်ဖက်ဟာ မှားနေရုံတင်မဟုတ်ဘဲ နိုင်ငံတော်အတွက် အန္တရာယ်လို့တောင် ထင်မြင်နေကြတယ်။ ပြီးတော့ ဒီမုန်းတီးမှုက အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဘုံခံယူချက်အား ရှာကြံမှုကို ဟန့်တားနေပါတယ်။ ကျနော်ဟာ University of North Carolina က လူမှုရေး စိတ်ပညာ ပါမောက္ခ ဖြစ်ပြီး၊ မညီမျှမှုက လူတွေရဲ့ ဆင်ခြင် ပြုမူပုံတွေ အပေါ် သက်ရောက်ပုံကို လေ့လာသူပါ။ ကျနော် တင်ပြမှာက မညီမျှမှုနဲ့ နိုင်ငံရေး အကွဲအပြဲတွေ အတူတကွ မြင့်တက်လာမှုဟာ အကြောင်းမသင့်လို့ ဖြစ်လာတဲ့ တိုက်ဆိုင်မှု မဟုတ်တာကိုပါ။ မညီမျှမှုဟာ ကျနော်တို့ရဲ့ နိုင်ငံရေးကို သပ်ပင်းပေးနေတာ ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေ ရှိပါတယ်။ ဆိုလိုတာက အဲဒီအရာ ဒီနှစ်ခုစလုံးကို တပြိုင်တည်း မြှင့်တင်ပေးဖို့ အတွက် ခိုင်လုံတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေ ရှိကြပါတယ်။ မညီမျှမှုဟာ ဘာ့ကြောင့် ဒီလောက်တောင် စွမ်းအားကြီးမားတာကို နားလည်ဖို့ဆိုရင် ကျနော်တို့ အရင်ဦးဆုံး နားလည်ကြရမှာက ကျနော်တို့ဟာ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်၊ အဲ့လို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ကျနော်တို့ဟာ ထိပ်ဆုံးမှာ ရှိတာကို မြင်လိုကြပြီး အောက်ပိုင်းမှာ ရှိနေရင် စိတ်မချမ်းမြေ့ တတ်ကြတာကိုပါ။ စိတ်ပညာရှင်တွေက ဒါကို "better-than- average effect" လို့ ခေါ်ကြတယ်။ လူအများစုက သူတို့ဟာ ပျမ်းမျှထက် ပိုသာတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ အလေးထားတဲ့ ဘယ်အရာမဆိုမှာပေါ့။ ပျမ်းမျှရဲ့ အဓိပ္ပါယ် အရကိုက အဲဒါဟာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ (ရယ်သံများ) ဒါပေမဲ့ လူတွေ ခံစားကြပုံက အဲ့လိုမျိုးပါ။ လူအများစုက ကိုယ်ဟာ ပျမ်းမျှထက် ပိုပြီး ထက်မြက်ကြတယ်၊ ပျမ်းမျှထက် ပိုပြီး အလုပ်ကြိုးစားကြပြီး လူမှုရေးကိစ္စတွေမှာ ပိုပြီး ကျွမ်းကျင်တယ်လို့ ထင်တတ်ကြတယ်။ လူအများစုက သူတို့ ကားမောင်းတာ ပျမ်းမျှထက် ပိုတော်တယ်လို့ ထင်ကြတယ်။ (ရယ်သံများ) သူတို့ကြောင့် ယာဉ်မတော်တဆ ဖြစ်မှု ဖြစ်ခဲ့လို့ လောလောဆယ်မှာ ဆေးရုံတက်နေကြရတဲ့ လူတစ်စုကို ယူပြီး လေ့လာကြည့်ရင် အဲဒါမှန်တာ တွေ့ရမှာပါ။ (ရယ်သံများ) ဒီတော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ပျမ်းမျှထက် ပိုသာတာကို မြင်လိုကြတယ်၊ အကယ်၍ အဲ့သလိုမဟုတ်တာ တွေ့ရရင်တော့၊ ဒါဟာ ကျနော်တို့အဖို့ လက်ခံရခက်တဲ့ အခြေအနေမျိုးပါ။ ပြီးတော့ ကမ္ဘာကြီးအား ကျနော်တို့ မြင်ပုံ ပြောင်းခြင်းဖြင့် အဲဒါကို ညှိယူကြပါတယ်။ အဲဒီလို ဖြစ်ပျက်လာပုံကို နားလည်ဖို့ ကျနော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်ဟာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့တယ်။ ပါဝင်သူတွေ ပိုက်ဆံအချို့ရဖို့ ဆုံးဖြတ်ချက် ချပေးရမယ့် တာဝန်ကို ပေးခဲ့ကြတယ်၊ အမှန်က လူတိုင်းဟာ တူညီတဲ့ ပိုက်ဆံကို ရခဲ့ကြတာပါ။ ဒါပေမဲ့ ကျနော်တို့က သူတို့ကို ကျပန်း နှစ်ဖွဲ့ခွဲလိုက်ပြီး တဖွဲ့ကို သူတို့ဟာ သပျမ်းမျှထက် ပိုသာအောင် လုပ်ခဲ့ကြောင်း ပြောဆိုလျက် နောက်တဖွဲ့ကိုတော့ သူတို့ လုပ်ခဲ့တာ ပျမ်းမျှထက် ညံ့တယ်လို့ ပြောခဲ့ကြတယ်။ ဒီလိုနည်းဖြင့် ကျနော်တို့မှာ ပိုချမ်းသာတယ် လို့ ထင်နေတဲ့အဖွဲ့နဲ့ ပိုဆင်းရဲတယ်လို့ ထင်တဲ့အဖွဲ့ ရှိလာပေမဲ့ အဲဒီလို ထင်စရာ အကြောင်းပြချက် မရှိခဲ့ဘူး။ ပြီးနောက် ကျနော်တို့က သူတို့ကို မေးခွန်းအချို့ မေးကြည့်တယ်။ ကျနော်တို့က ခင်ဗျားတို့ ဆုံးဖြတ်ချက်ချတာ ဘယ်လောက် ကောင်းလဲလို့ မေးကြည့်တော့ ပျမ်းမျှထက် ပိုသာတဲ့ အဖွဲ့က သူတို့ဟာ ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ထက် စာရင် ပိုကျွမ်းကျင်ကြောင်း ပြောကြတယ်။ ပျမ်းမျှထက် ပိုတော်တဲ့ အဖွဲ့က သူတို့ရဲ့ အောင်မြင်မှုဟာ အရည်အသွေး အလျောက်မြှောက်စားတဲ့ စနစ်ရဲ့ မျှတတဲ့ ရလဒ်ပါလို့ ဆိုကြတယ်။ ပျမ်းမျှထက် နိမ့်တဲ့ အဖွဲ့ကျတော့ ဒီစနစ်ထဲ အကြံအဖန်ရှိခဲ့တယ်လို့ ထင်ခဲ့ကြရာ၊ ဒီဖြစ်ရပ်ထဲမှာ သူတို့ ပြောတာ မှန်ခဲ့ပါတယ်။ (ရယ်သံများ) နှစ်ဖွဲ့စလုံးဟာ တူညီတဲ့ ပိုက်ဆံကို ရခဲ့ကြပေမဲ့၊ ပိုပြီးချမ်းသာတယ်လို့ ထင်တဲ့အဖွဲ့က လူချမ်းသာတွေကို အခွန်လျှော့ ကောက်သင့်တယ်၊ ဆင်းရဲသားတွေကို အခွင့်အရေးပေးတာ လျှော့သင့်တယ်လို့ ဆိုလာကြတယ်။ ဆင်းရဲသူတို့ အလုပ်ကိုကြိုးစား လုပ်သင့်ပြီး တာဝန်ယူတတ်ဖို့ လိုအပ်ကြောင်း အကြံပေးကြတယ်။ ကျနော်တို့ ပုံမှန်လက်ခံတဲ့ ဒီလိုအမြင်တွေဟာ နက်ရှိုင်းစွာ စွဲမြဲနေတဲ့ တန်ဖိုးတွေနဲ့ ဘဝ အတွေ့အကြုံထဲမှာ အမြစ်တွယ်နေကြပေမဲ့၊ ၁၀ မိနစ်ကြာတဲ့ လေ့ကျင့်ခန်းတစ်ခုက လူတွေ ပိုချမ်းသာအောင်၊ ပိုဆင်းရဲအောင် လုပ်ပေးခဲ့ခြင်းဖြင့် အဲ့အမြင်တွေကို ပြောင်းလဲပစ်လိုက်တာပါ။ ဆင်းရဲခြင်း (သို့) ချမ်းသာခြင်းနဲ့ ဆင်းရဲ (သို့) ချမ်းသာတယ်လို့ ခံစားရမှု အကြားက ခြားနားချက်ဟာ အရေးကြီးပါတယ်၊ ဒီနှစ်ခုကို ယှဉ်ကြည့်ဖို့ မလွယ်တောင်မှာပါ။ "တို့တွေက ဆင်းရဲခဲ့ကြပေမဲ့ တို့အဲဒါကို မသိခဲ့ကြဘူး"လို့ လူတွေ အတိတ်ကို လွမ်းသံနဲ့ ပြောဆိုတာ ကျနော်တို့ မကြာခဏ ကြားရပါတယ်။ ကျနော်ရဲ့ အသိစိတ်ကို မြှင့်တင်ပေးခဲ့တဲ့ အဖြစ်အပျက် တစ်ခု ကြုံခဲ့ဘူးတယ်။ တစ်နေ့တွင်၊ လေးတန်းမှာ နေ့လယ်စာအတွက် တန်းစီနေစဉ်၊ အကျိုးအကြောင်းမသိသေးတဲ့ ငွေကိုင် အမျိုးသမီးအသစ် ပေါ်လာရာ၊ ကျနော့်ကို ၁.၂၅ ဒေါ်လာ ပေးချေဖို့ တောင်းလိုက်တယ်။ ကျနော်ဟာ နေ့လယ်စာအတွက် ဘယ်တော့မှ မပေးချေခဲ့ရတော့ အံ့အားသင့်သွားတယ်။ ကျနော့်ဆီမှာ ငွေတစ်ပြားမှ မရှိတော့ ဘာပြောရမှန်း မသိခဲ့ဘူး။ ဒါနဲ့ ရုတ်တရက်ပဲ ကျနော် ပထမဦးဆုံးအကြိမ် နားလည်မိတာက နေ့လယ်စာကို အခမဲ့ စားရတဲ့ ကလေးတွေဟာ ဆင်းရဲ့တဲ့ သူတွေပဲ ဆိုတာပါ။ ကျောင်းထဲက နေ့လယ်စာ အချိန်တုန်းက အဲဒီ ဖြစ်ရပ်ဟာ ကျနော့့်ကို အကြီးအကျယ် ပြောင်းလဲ ပစ်ခဲ့တယ်။ ဘဝထဲမှာ ပထမဆုံးအကြိမ် ကျနော် ဆင်းရဲတာကို ခံစားလိုက်ရလို့လေ။ ကျနော်တို့ဆီမှာ ရှိတဲ့ငွေဟာ အရင်တစ်နေ့ထက် နည်းမသွားခဲ့ပေမဲ့ အဲဒီအချိန်ကစပြီး ကျနော်ဟာ အရာတွေ အားလုံးကို တစ်မျိုး မြင်တွေ့လာတော့တယ်။ ကျနော်ဟာ ကမ္ဘာကြီးအား ရှုမြင်ပုံကို ပြောင်းပစ်လိုက်တယ်။ နေ့လယ်စာကို ပိုက်ဆံပေးစားကြတဲ့ ကလေးတွေ ဝတ်စားကြပုံကလည်း ပိုသားနားသလို ခံစားရတာကို ကျနော် စပြီး သတိထားမိလာတယ်။ အစိုးရမှ ထောက်ပံ့ပေးတဲ့ အဝါရောင် ဒိန်ခဲတုံးကြီးတွေ ကျနော်တို့ တံခါး၀မှာ ပေါ်လာတတ်တာကို၊ ကုန်စုံဆိုင်မှာ အမေ ထုတ်ပေးတတ်တဲ့ စားနပ် ရိက္ခာ တံဆိပ်ခေါင်းတွေကို သတိထားမိတယ်။ ကျနော့်က အစဉ်ပဲ ရှက်ကြောက်တဲ့ ကလေး ဖြစ်ခဲ့ပြီး၊ အဲ့ဖြစ်ရပ် နောက်မှာ ကျောင်းထဲမှာ ကျနော် စကားတောင် မပြောဖြစ်သလောက်ပါ။ ငါဟာ ဘယ်သူမို့လို့ ပြောရမှာလဲ။ နှစ်ပေါင်းများစွာ ကြာအောင်ကိုပဲ လူမှုရေးသိပ္ပံပညာရှင်တွေဟာ အခြားသူတွေထက် ချို့တဲ့ကြောင်း ခံစားရမှုက နိုင်ငံရေးအရ လှုပ်ရှားဖို့ လှုံ့ဆော်နိုင် ကြောင်း အထောက်အထားတွေ ရှာနေခဲ့ကြတယ်။ အဲဒီလို ခံစားရမှုက ဆန္ဒပြပွဲတွေ၊ သပိတ် မှောက်ပွဲတွေကို၊ တော်လှန်ရေးတွေကိုတောင် လှုံ့ဆော် ထိုးဆွပေးနိုင်တယ်လို့ သူတို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ထပ်ပြီးရင် ထပ်ပြီး သူတို့ ရှာတွေ့ခဲ့ရတာ ဘာမှမလုပ်ချင်ကြတဲ့ လူတွေပါ၊ ဘာ့ကြောင့်လဲဆိုတော့ တကယ့်အကြောင်းရင်းက အခြားသူတွေထက် နိမ့်ကျသလို ခံစားရခြင်းက ရှက်ကြောက်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။ အဲဒီ ရှက်ကြောက်စိတ်ကြောင့် လူတွေဟာ စနစ်ကို ရွံ့မုန်းကြလို့ ဝေးရာကို ထွက်ပြေးလိုခဲ့ကြလို့ပါ။ အခြားသူတွေထက် သာတယ်လို့ ခံစားစိတ်ကျတော့ လူတွေကို တက်ကြွဖို့ လှုံ့ဆော်ပါတယ်။ ဒါက အဲ့ဒီအနေအထားကို ကာကွယ်ဖို့ ကျနော်တို့ကို တွန်းအားပေးတာမို့လို့ ကျနော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့ နောက် စမ်းသပ်မှု တစ်ခုကို စဉ်းစားရပါမယ်။ ထပ်ပြီး ပါဝင်သူတွေ ပိုက်ဆံရဖို့ ဆုံးဖြတ် ချက်တွေ ချမှတ်ရန် တာဝန်ပေးခဲ့ကြတယ်။ တစ်ဖွဲ့ကို သူတို့ဟာ ပျမ်းမျှထက် ပိုတော်တယ်လို့ ပြောခဲ့ကြပြီး နောက်တဖွဲ့ကိုတော့ သူတို့လုပ်ခဲ့တာဟာ ပျမ်းမျှထက် ပိုညံ့ကြောင်း ပြောခဲ့ကြတယ်။ ထပ်ပြီး ပျမ်းမျှထက်သာတဲ့ အဖွဲ့က မျှတတဲ့ အရည်အသွေးအလျောက် မြှောက်စားခံရတာ၊ လူချမ်းသာတွေကို အခွန်လျှော့ကောက်သင့်တာ၊ လူဆင်းရဲတွေရဲ့ အကျိုးခံစားခွင့်တွေ လျှော့ချသင့်တာ ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာ အဲဒီကိစ္စများမှာ သူတို့နဲ့ သဘောမတူကြတဲ့ အခြား ပါဝင်သူတို့နှင့် ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ချက်ကိုပါ မေးကြည့်ခဲ့ကြသေးတယ်။ သူတို့ကော တော်ကြသလား ဒါမှမဟုတ် ညံ့ကြသလား ပေါ့လေ။ သူတို့ အကျိုးအကြောင်း ရှိရဲ့လား ဒါမှမဟုတ် ဘက်လိုက် ပြောနေကြတာလား။ ပျမ်းမျှထက်သာတဲ့အဖွဲ့ ပြောတာက သူတို့နဲ့ သဘောမတူတဲ့ လူတိုင်းဟာ ညံ့လို့ ဘက်လိုက်လို့ပဲ ဖြစ်ရမယ်၊ ကိုယ်ကျိုးစီးပွားကို ငှဲနေလို့ မမြင်နိုင်ကြတာတဲ့။ ပျမ်းမျှထက်နိမ့်ကျတဲ့ အဖွဲ့ကျတော့၊ သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့ ယူဆပုံဟာ အဲ့လို့ မဟုတ်ခဲ့ဘူး။ အခု စိတ်ပညာဆိုင်ရာ လေ့လာချက်တွေ အများကြီး ညွှန်ပြနေကြတာက၊ အခြားသူတွေက ကျနော်တို့နဲ့ သဘောထားတူတယ် ဆိုရင်၊ သူတို့ကို တော်ကြတယ်လို့ ကျနော်တို့က ထင်တတ်ကြပြီး၊ လူတွေက ကျနော်တို့နဲ့ သဘောထား မတူရင်တော့၊ သူတို့ကို အရူးတွေလို့ ကျနော်တို့က ထင်တတ်ကြတာကိုပါ။ (ရယ်သံများ) ဒါပေမဲ့ ခုနက အချက် ဆန်းသစ်နေတာက သူတို့နဲ့ သဘောမတူသူတွေကို ဖယ်ထုတ်ပစ်ရန် သူတို့ဆီမှာ လုပ်ပိုင်ခွင့် အာဏာရှိတယ်လို့ ပြောလာတာက ပျမ်းမျှထက် သာတယ်လို့ ယူဆကြသူတို့ရဲ့ ယုံကြည်မှု သက်သက် ဖြစ်တာကိုပါ။ ပိုင်ဆိုင်ကြသူတို့နဲ့ ဘာမှမရှိကြသူတို့ အကြား ကွာဟချက် ပိုပိုကြီးမားလာနေလို့ အခုက ပြောပြခဲ့တဲ့ အချက်ဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေပုံကို စဉ်းစားကြည့်ကြပါ။ အခြားတစ်ဖက်မှာ ရှိတဲ့ သူတွေဟာ အရူးတွေလို လူတော်တော်များများ ထင်ကြတာ ဟုတ်မှန်ပေမဲ့၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြန်အလှန် ငြင်းခုန် အော်ဟပ်ဖို့ နိုင်ငံရေးထဲမှာ ပါဝင်လုပ်ကိုင်နေကြသူ အများစုတို့ဟာ တကယ်ကျတော့ လူချမ်းသာတွေပါ။ အမှန်စင်စစ်မှာတော့ မညီမျှမှုဟာ နောက်ဆုံး ဆယ်စုနှစ်တွေမှာ တိုးလာခဲ့ပြီး ဆင်းရဲကြသူတို့ အကြားမှာ နိုင်ငံရေးကို စိတ် ဝင်စားမှုနဲ့ ပါဝင်လိုစိတ် ထိုးကျသွားတယ်။ ထပ်ပြီးမြင်ရတာက ပစ်ပယ်ခံထားရတယ်လို့ ခံစားကြရသူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာတွေ မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး လှုံ့ဆော်ပွဲတွေ မလုပ်ကြတာကိုပါ။ မကြာခဏဆိုသလို မဲတောင် သွားမပေးကြပါဘူး။ အဲ့ဒီအစား သူတို့ဟာ ရှောင်ဖယ်လျက် နုတ်ထွက် နေကြပါတယ်။ ဒီတော့ ကျနော်တို့က အလွန်အမင်း မညီမမျှ ဖြစ်နေတာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ချင်ရင်၊ ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံရေးကို ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ နိုင်ငံရေးကို ပြင်ချင်ကြတယ်ဆိုရင်၊ မညီမျှမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ တစ်ခုခု လုပ်ကြရပါလိမ့်မယ်။ ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ ဝဲကတော့ပုံ ရစ်ပတ်မှုရဲ့ အံ့သြဖွယ်ကောင်းတဲ့ အချက်က၊ ရစ်ပတ်မှု စက်ဝန်းထဲက ဘယ်နေရာမှာမဆို ရပ်ပစ်လျက် ကျနော်တို့ ထွက်နိုင်ခြင်းပါ။ စတင်ဖို့ အကောင်းဆုံး သူတွေက ကျနော့်စိတ်ထင် မညီမျှမှု ကြီးထွားလာမှုကြောင့် အများဆုံး အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ သူတွေ၊ ပျမ်းမျှထက် ပိုသာအောင် လုပ်ဆောင်နိုင်ခဲ့ကြတဲ့ သူတွေပေါ့။ ကိုယ်ဟာ အောင်မြင်သူ ဖြစ်တယ်ဆိုရင်၊ ကိုယ့် အောင်မြင်မှုကို ကိုယ့် ကြိုးစားအား ထုတ်မှုကြောင့်လို့ ပြောကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့ကို ကျနော်ပြခဲ့တဲ့ လေ့လာမှုတွေမှာလို လူတိုင်းက အဲ့လို ကြိုးစာကြတာချင်းပါပဲ၊ အလုပ်ကြိုးစားခဲ့မှုက တကယ်ကျတော့ အရေးကြီးဆုံး ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ ကျနော်သိတဲ့ အောင်မြင်တဲ့ လူတိုင်းဟာ အောင်မြင်ဖို့ သူတို့ကြိုးစားလုပ်ခဲ့ကြတဲ့ အချိန်တွေ အကြာင်းကို စဉ်းစားနိုင်ကြပါတယ်။ သူတို့ စဉ်းစားနိုင်ကြသေးတာက ကံကောင်းခဲ့လို့ လက်ကမ်း ကူညီပေးခဲ့သူပါ ရှိခဲ့တာကိုကိုပါ၊ ဒါပေမဲ့ အဲဒီလို စဉ်းစားခဲကြတယ်။ စိတ်ပညာရှင်တွေ Shai Davidai နဲ့ Tom Gilovich တို့က အဲဒါကို "headwind-tailwind asymmetry" လို့ ခေါ်ဝေါ်ကြပါတယ်။ ကိုယ်က လေကိုဆန်ပြီး ရုန်းကန်နေရတဲ့အခါမှာ၊ အတားအဆီး အားလုံးကို ကိုယ်က မြင်နိုင်ပြီး အဲဒါကို ကိုယ်ဟာ မှတ်မိပြီး သတိရနေမှာပါ။ ဒါပေမဲ့ ကိုယ့်ကို နောက်ကျောကနေပြီး လေက တိုက်ပြီး ကူပေးနေရင် အရာအားလုံ ချောမွေ့နေလို့ ကိုယ် သတိထား မိတာက ကိုယ့်ကိုယ်ကိုယ်၊ ပြီးတော့ ကိုယ်ရဲ့ အံသြဖွယ်ရာ ပင်ကိုယ် စွမ်းရည်တွေကိုပေါ့။ ဒါ့ကြောင့် ကျနော်တို့ဟာ ခဏလောက် ရပ်ပြီး ကျနော်တို့ကို နောက်ကနေပြီး တွန်းပေးခဲ့တဲ့ အားတွေကို သတိရဖို့ စဉ်းစားသင့်ပါတယ်။ ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေရဲ့ အမှားကို တွေ့မြင်ဖို့ ကိစ္စဟာ သိပ်လွယ်ပါတယ်။ မညီမျှမှုဟာ အန္တရာယ်ရှိတယ်လို့ ကျနော် ပြောခဲ့တဲ့ ပထမဦးဆုံး နှစ်မိနစ်တုန်းက ခင်ဗျားတို့ထဲက အချို့က ကျနော့်ကို အရူးလို့ ထင်ခဲ့ကြမှာပါ။ (ရယ်သံများ) အသိအမှတ်ပြုဖို့ အခက်ဆုံး အပိုင်းက ကိုယ်ဟာ ခြားနားကွဲပြားတဲ့ အခြေအနေ မျိုးမှာသာ ရှိနေခဲ့ရင်၊ ကျနော်တို့ရဲ့ စမ်းသပ်မှုတွေထဲ ပါဝင်ခဲ့ကြတဲ့ သူတွေလို ဖြစ်နိုင်လို့ ကိုယ်ဟာ အရာတွေကို တစ်မျိုးတစ်ဖုံ ရှုမြင်နိုင်ခဲ့မယ် ဆိုတဲ့ အချက်ပါ။ ဒီတော့ ခင်ဗျားတို့ရဲ့ ဘဝပုံစံက ပျမ်းမျှထက်သာတဲ့အဖွဲ့ထဲ ပါဝင်တယ် ဆိုရင် -- ပြီးတော့ ဒီမှာ တွေ့ရသလို TED ဟောပြောချက် စောင့်ကြည့်သူ ဖြစ်တယ် ဆိုရင်တော့ -- (ရယ်မောသံများ) ခင်ဗျားတို့ အတွက် ထားရစ်ခဲ့ချင်တဲ့ အမှာစကားက - နောင်မှာများ ခင်ဗျားတို့က သဘောထားမတူသူ တစ်ဦးဦးကို အရူးတစ်ယောက်လို ဖယ်ထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့ရင်၊ ခင်ဗျားတို့ကို အခုနေရာဆီ တွန်းပို့ ပေးခဲ့တဲ့ ပံ့ပိုးမှုတွေကို သတိရကြပါ။ ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ကံကောင်းခဲ့တဲ့ အခွင့်အလမ်းတွ မရရှိခဲ့ရင် အခြေအနေဟာ လုံးဝ တမျိုးတမည် ပြောင်းလဲသွားနိုင်ခဲ့မှာကိုပါ။ ခင်ဗျားတို့ ကျေးဇူးတင်ချင်တဲ့ လက်ကမ်း ကူညီပေးခဲ့ကြသူတွေကိုလည်း သတိရကြပါ။ အဲဒီလို ပံ့ပိုးကူညီခဲ့မှုတွေကို သတိရနေရင် ကျနော်တို့စိတ်ကို နှိမ့်ချနို်င်ထားမှာမို့ ကျနော်တို့နဲ့ သဘောထားမတူကြတဲ့ လူတွေ အရူးတွေမဟုတ်တာကို မြင်လာကြမှာပါ။ တကယ် ခက်ခဲတဲ့အပိုင်းက ဘုံခံယူချက်ကို ရှာကြံနိုင်ဖို့ပါ၊ အရာတွေကို ပြောင်းလဲပစ်ရေး တာဝန်ကို ယူပြီး လိုအပ်တဲ့ စွမ်းအားတွေ ရှိကြတာက ချမ်းသာကြွယ်ဝကြတဲ့ သူတွေ ဖြစ်ကြလို့ပါ။ ကျေးဇူးတင်ပါတယ် (လက်ခုပ်သြဘာသံများ)