ညီအစ်မနှစ်ယောက်တို့ဟာ DNA စစ်ဆေးမှုကို အတူတူ ပြုလုပ်ခဲ့ကြတယ်။ ရလဒ်အရ ညီမ တစ်ယောက်ထံတွင် ပြင်သစ်သွေး ၁၀% ပါခဲ့ပြီး နောက်တစ်ယောက်မှာ ၀% ဖြစ်ခဲ့တယ်။ အဲဒီ ညီအစ်မနှစ်ဦးစလုံးရဲ့ မိဘနှစ်ပါး တူခဲ့ကြလို့၊ သူတို့ရဲ့ ဘိုးဘေးတွေလည်း တူခဲ့ကြတယ်။ ဒီတော့ တစ်ယောက်က ဘယ်လိုလုပ်ပြီး ပြင်သစ်သွေး ၁၀% ပိုပါနေတာလဲ။ ဒီလို စစ်ဆေးမှုတွေက ကျုပ်တို့ရဲ့ DNA အရ ဘိုးဘေးတွေကို ဖေါ်ထုတ်နိုင်ပေမဲ့၊ တကယ်ကျတော့ DNA က ကျုပ်တို့ ဘယ်သူတွေလဲ၊ ဘယ်က ဆင်းသက်လာကြတာလဲ အပြည့်အစုံ ဖြေမပေးနိုင်ပါဘူး။ DNA စစ်ဆေးမှုဟာ ကျုပ်တို့ မိဘတွေက ဘယ်သူတွေလဲ တိကျစွာ ဖြေပေးနိုင်ပေမဲ့၊ ကိုယ့်ဘိုးဘေးတွေဟာ ဒေသတစ်စုံတစ်ခုထဲ နေထိုင်ခဲ့ကြသူတွေလား ဆိုတာကို ဖြေပေးရာတွင် အဖြေဟာ သေချာဖို့ မလွယ်ပါ။ ဒီလို ဖြစ်ရတာကို နားလည်ဖို့ ကျုပ်တို့ DNA ဘယ်က လာတာလဲ သိဖို့ လိုပါမယ်။ လူတစ်ဦးရဲ့ DNA ထဲတွင် အခြေခံအတွဲပေါင်း ၆ ဘီလီယံခန့်ရှိပြီး chromosomes အတွဲပေါင်း ၂၃ ခု၊ စုစုပေါင်း ၄၆ ထဲတွင် သိုလှောင်ထားပါတယ်။ အဲဒါဟာ စဉ်းစားမရအောင်ကို များပြားတဲ့ အချက်အလက်တွေလို့ ထင်စရာ ရှိပေမဲ့၊ ကျုပ်တို့ရဲ့ မျိုးရိုးဗီဇထဲက ၉၉% တို့ဟာ လူသားအားလုံးဆီမှာ အတူတူပါပဲ။ ကျန်တဲ့ ၁% က လူတစ်ယောက်ရဲ့ ဘိုးဘေးဆိုင်ရာ ထူးခြားချက်ကို သိမ်းဆည်းပေးတာပါ။ ငွေပေးပြီး ပြုလုပ်ကြတဲ့ DNA စစ်ဆေးမှုထဲမှ ခုနက ၁% ရဲ့ ၁% မျှကိုသာ ဖေါ်ထုတ်ပေးတာပါ။ အတွဲတိုင်းထဲက chromosome တစ်ခုစီဟာ မိဘတစ်ဦးချင်းထံမှ ရတဲ့ဟာပါ။ အတွဲရဲ့ တစ်ဝက်စီဟာ သုက်ပိုးနဲ့ ဥတွေရဲ့ chromosome ၂၃ ခုစီ သန္ဓေတည်ချိန်မှာ ရောစပ်ပြီး တွဲမိတာပါ။ သန္ဓေမတည်မီတွင် ကျုပ်တို့ ဘိုးဘေးများရဲ့ ဇာတ်မြစ်တွေ ရောယှက်ကုန်ပါတယ်။ သုက်ပိုးနဲ့ ဥတွေရဲ့ chromosome ၂၃ ခုတို့ဟာ ခန္ဓာကိုယ်ထဲက အခြားဆဲလ်တွေရဲ့ chromosome တွေနဲ့ ထပ်တူ မဟုတ်ကြလို့ပါ။ ၎င်းတို့က chromosome ၄၆ ခုပါ ဆဲလ်များထဲက လိင်ဆိုင်ရာ ဆဲလ်ဆီ ၂၃ ခုသာ လွှတ်ပေးကြလို့ အတွဲတိုင်းထဲက chromosome တွေဟာ တချို့အပိုင်းတွေကို ဖလှယ်ပစ်ကြပါတယ်။ ဒီဖြစ်စဉ်ကို ပြန်လည်ရောစပ်မှုလို့ ခေါ်ပြီး သုက်ပိုး ဒါမှမဟုတ် ဥတိုင်းထဲတွင် chromosome တစ်ခုစီသာပါပြီး အတွဲတိုင်းဟာ လုံးဝမတူတဲ့ ရောစပ်မှု ဖြစ်လာတတ်ပါတယ်။ လိင်ဆိုင်ရာ ဆဲလ်တစ်ခုစီဟာ သူ့နည်းသူဟန်နဲ့ ပြန်လည်ရောစပ်မိတဲ့ အတွက် ညီအစ်မနှစ်ယောက်ရဲ့ chromosome တွေဟာ သူတို့မိဘတွေနဲ့ မတူရုံတင်မက သူတို့နှစ်ဦးစလုံးတောင် မတူကြပါဘူး။ ပြန်လည်ရောစပ်မှုဟာ သန္ဓေမတည်မီတွင် ဖြစ်ပျက်တာမို့လို့၊ ကျုပ်တို့ဟာ မိမိတို့ မိဘတစ်ဦးချင်းထံမှ ကိုယ့် DNA တစ်ဝက်စီကို အတိအကျ ရရှိကြပေမဲ့၊ ရှေ့ဆက် လေ့လာကြည့်ရင် အရာတွေဟာ ပိုရှုပ်ထွေးတာကို တွေ့ရပါမယ်။ ပြန်လည်ရောစပ်မှုသာ မရှိခဲ့ရင် ကျုပ်တို့ အဘိုးအဘွားတို့ထံမှ ၁/၄ စီ ရရှိခဲ့လျက် ဘေးများထံမှ ၁/၈ စီ စသဖြင့် ရရှိခဲ့ကြရမှာပါ၊ ဒါပေမဲ့ မျိုးဆက်တိုင် ပြန်လည်ရောစပ်မှု ရှိနေလို့ အဲဒီအချိုးအစားဟာ ကွဲပြားတတ်တယ်။ မျိုးဆက်တစ်ခုဟာ ဘိုးဘေးများနဲ့ ဝေးလေလေ၊ အဲဒီဘိုးဘေးတို့ဟာ အဲဒီမျိုးဆက်ရဲ့ DNA ထဲ နည်းလာတ၊ လုံးဝမပါတာမျိုး ဖြစ်နိုင်လေပါ။ ဥပမာ၊ ပြန်လည်ရောစပ်မှုသာ မရှိခဲ့ရင်၊ ကျုပ်တို့ဟာ အထက်ရှိ ခြောက်ခုမြောက် ဘိုးဘေး ထံမှ ကျုပ်တို့ DNA ရဲ့ ၁/၆၄ ကို ရခဲ့မှာပါ။ ပြန်လည်ရောစပ်မှုကြောင့် အဲဒီအချိုးအစားဟာ ပိုများနိုင်သလို ဘယ်လောက် များမယ် ဒါမှမဟုတ် သုညတောင် ဖြစ်မှာကို ကျုပ်တို့ သေချာပေါက် မသိကြပါ။ အဲဒါကြောင့် ညီမတစ်ယောက်ထံတွင် ပြင်သစ်သွေး ပိုများနေတာ၊ ပြင်သစ်ဘိုးဘေးတွေ ပါဝင်မှု ပိုများနေတာကို မဆိုလိုပါဘူး။ အဲဒီလိုပြောမယ့်အစား ပြင်သစ်ဘိုးဘေးတွေ DNA ထဲပါဝင်မှု ပိုများနေတာပါ။ ဒီဇာတ်လမ်းဟာ ဒီမှာတင် ပြီးမသွားပါဘူး။ စစ်ဆေးမှုတွေက ညီမတွေရဲ့ ပြင်သစ်ဘိုးဘေးရဲ့ လက်တွေ့ DNA ကို ခြေရာခံကြည့်တာ မဟုတ်ဘဲ၊ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ယခင် မျိုးဆက်များရဲ့ မျိုးရိုးဗီဇတွေ ကျုပ်တို့ဆီမှာ မရှိဘူးဆိုတော့၊ အဲဒီအစား၊ အဲဒီလိုရလဒ်တွေကို ဒီနေ့ ပြင်သစ်နိုင်ငံမှာ နေထိုင်နေကြတဲ့ ပြည်သူတို့ရဲ့ DNA နဲ့ ယှဉ်ကြည့်မှုမှ ရရှိခဲ့တာပါ။ စစ်ဆေးမှုတွေက မျိုးရိုးဗီဇ အမှတ်အသားတွေ၊ မျိုးရိုးဗီဇ ရောစပ်မှုကို ရှာကြည့်တာပါ။ သက်ဆိုင်ရာ ဒေသတွေမှာ တွေ့ရတတ်တဲ့ တိုတောင်းတဲ့ ကွင်းဆက်တွေပါ။ "ပြင်သစ်သွေး ပိုပါတယ်" လို့ ယူဆရတဲ့ ညီမထဲတွင် ပြင်သစ်နိုင်ငံမှာ အခုနေထိုင်နေသူတို့ရဲ့ မျိုးရိုးဗီဇ အမှတ်အအသားတွေ ပိုပါဝင်နေတာပါ။ အဲဒီလို ပါဝင်နေကြတဲ့ အမှတ်အသားတွေက ပြင်သစ်ဆိုတဲ့ နေရာမှ အမှတ်အသားတွေနဲ့ တူနေလို့ပါ။ အဲဒီလို ရလဒ်တွေဟာ မျိုးရိုးဗီဇ ကွင်းဆက်တွေကို ဖေါ်ထုတ်ပြီးသား ဥရောပတိုက်မှ ဆင်းသက်လာသူတို့ထဲက ၈၀-၉၀% အထိပါဝင်တဲ့ ပြည်သူတွေ ဖြစ်ကြောင်း အရေးကြီးပါတယ်။ တိုင်းရင်းသားလူမျိုး အများအပြားတို့အတွက် အဲဒီလို ဖေါ်ထုတ်ထားတာ မရှိသလောက်ပါပဲ။ လက်ရှိ ဒေတာဘေ့စ်ထဲ မပါဝင်တဲ့ လူမျိုးတွေရဲ့ အမွေအနှစ်ကို ဖေါ်ထုတ်မရနိုင်သလို ဘယ်လူမျိုး ဒါမှမဟုတ် ဘယ်တိုင်းရင်းသား ဖြစ်ကြောင်း သက်သေထူဖို့ သုံးမရနိုင်ပါဘူး။ လူမျိုးတွေကို တိုးတိုး စီစဉ်ဖေါ်ထုတ်လာလို့ ကျုပ်တို့ ရလဒ်တွေပါ ပြောင်းလဲသွားနိုင်တယ်။ ရှေးခေတ်သို့ နောက်ကိုပြန်သွားရင် ကျုပ်တို့ ထဲ Neanderthal ၂% ပါဝင်တာ တွေ့နိုင်ပါတယ်။ Neanderthal တို့ဟာ လူသားတွေနဲ့ မတူတဲ့ မျိုးစိတ် ဖြစ်ခဲ့ပေမဲ့၊ ခုနက ၂% ဟာ လူသားအားလုံးတို့ဆီမှာ အတူတူရှိတဲ့ မျိုးရိုးဗီဇ ၉၉% ထဲက မဟုတ်ဘဲ၊ မတူခြားနားနိုင်တဲ့ ၁% ထဲကပါ။ အဲဒီလို ဖြစ်ရတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀,၀၀၀ လောက်တုန်းက၊ လူသားထဲက တချို့သောသူတွေဟာ Neanderthal တို့နဲ့ သွေးရောစပ်ခဲ့ကြလို့ပါ၊ ဒီနေ့ အသက်ရှင် နေထိုင်နေတဲ့ လူတချို့ထံမှာ Neanderthal ဘိုးဘေးတွေ ရှိတဲ့ သဘောပါ။ Neanderthal ဘေးဘိုးတွေ များပြားခဲ့ပြီး နှစ်ပေါင်း ၄၀၀၀၀ အတွင်းမှာ မျိုးဆက်တွေ အများကြီး ပေါ်ပေါက်လာခဲ့ကြလို့၊ Neanderthal တို့ထံက တစ်ခုတည်းသော မျိုးရိုး ဗီဇကို ခြေရာခံကြည့်ဖို့ မလွယ်ပါဘူး၊ လူတစ်ဦး တချိန်တည်းမှာ ၁၀၀% ပြင်သစ်သွေး ပါနိုင်ပြီး Neanderthal ၂% လည်းပါနိုင်တယ်၊ ဒါတောင် အဲဒီနှစ်ခုစလုံးဟာ ကျုပ်တို့ကို မတူကွဲပြားလာစေတဲ့ ၁% ထဲက လာတာပါ။ ကျုပ်တို့ DNA ထဲတွင် ဘိုးဘေးတွေရဲ့ အရိုက် အရာကို ခြေရာခံကြည့်ဖို့ သိပ်ခက်ခဲပါတယ်။ ကျုပ်တို့က DNA အမွေကိုရယူကြပုံနဲ့ အချက်အလက်တွေ စစ်ဆေးနိုင်ပုံအရ တစ်ခုခုကို ၁၀၀% ယတိပြတ် ပြောဖို့ မလွယ်ကူပါဘူး။