သင်ဘယ်က လာတာလဲ။ ဒါက တော်တော် ရိုးတဲ့ မေးခွန်းပါ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ တကယ်တော့ ရိုးစင်းတဲ့ မေးခွန်းတွေဟာ ပိုတောင် ရှုပ်ထွေးတဲ့ အဖြေတွေကို ယူလာပါတယ်။ လူတွေက ကျွန်တော်ဘယ်က လာလဲလို့ အမြဲမေး၊ မေးနေပြီး ကျွန်တော် အိန္ဒိယကလို့ ပြောမှာကို မျှော်လင့်နေကြတယ်။ ကျွန်တော့သွေးနဲ့ မျိုးရိုးဟာ အိန္ဒိယကလာတယ်ဆိုရာမှာ သူတို့ဟာ ရာနှုန်းပြည့်လောက်ထိ ဒက်ထိမှန်ပါတယ်။ ကျွန်တော့ဘဝမှာ တစ်ရက်မှ အဲဒီမှာ မနေဖူးတာက လွဲရင်ပေါ့လေ။ ဒေသိယစကားပေါင်း ၂၂၀၀၀ ကျော်ရှိတဲ့အနက် တစ်လုံးမှတောင် ကျွန်တော် မပြောတတ်ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို အိန္ဒိယလူမျိုးလို့ ခေါ်ပိုင်ခွင့် မရှိဘူးထင်ပါတယ်။ ပြီးတော့ "ဘယ်က လာတာလဲ" ဆိုတာ "ဘယ်မှာ မွေးပြီး၊ ပညာသင်ကြားခဲ့လဲ"လို့ ဆိုလိုတာဆိုရင် အင်္ဂလန်လို့ သိတဲ့ ဒီလောက် ရယ်စရာကောင်းတဲ့ နိုင်ငံလေးဆိုတာ လုံးဝပါပဲ။ ကောလိပ်ပညာရေး ပြီးပြီးခြင်း အင်္ဂလန်က ကျွန်တော် ထွက်သွားခဲ့တာ၊ တစ်ချိန်လုံး ကြီးပြင်းခဲ့ပြီး၊ အတန်းတွေ အားလုံးထဲမှာ၊ ကျွန်တော်တို့ ပြဋ္ဌာန်းစာအုပ်တွေမှာ ကိုယ်စားပြုတဲ့ ဖြစ်နေကျ အင်္ဂလိပ် သူရဲကောင်းတွေနဲ့ မတူတဲ့ တစ်ဦးတည်းသော ကလေးဖြစ်ခဲ့တာက လွဲရင်ပေါ့လေ။ "ဘယ်က လာတာလဲ" ဆိုတာ "အခွန်တွေ ဘယ်မှာဆောင်တာလဲ" "ဆရာဝန်နဲ့ သွားဆရာဝန်ကို ဘယ်မှာပြတာလဲ"လို့ ဆိုလိုရင် ကျွန်တော်ဟာ အမေရိကမှာ များပါတယ်၊ အခုဆို ဒီမှာ ၄၈ နှစ်ရှိပါပြီ၊ ကလေးလေး အရွယ်ကတည်းကပါ။ ခြွင်းချက်က ဒီနှစ်အတော်မျာများမှာ မျက်နှာကို အစိမ်းရောင်မျဉ်းတွေ ဖြတ်ထားတဲ့ ဒီရယ်စရာ ပန်းရောင်ကဒ်လေး ဆောင်ထားရတယ်လေ။ ကျွန်တော်ဟာ အမြဲတမ်းသူစိမ်းပါလို့ သက်သေခံရင်းပေါ့။ အဲဒီမှာပိုနေလေ၊ ကျွန်တော့ သူစိမ်း ပိုပြီးဆန်လေလေ ခံစားရတယ်ဗျာ။ (ရယ်သံများ) "ဘယ်ကလာလဲ" ဆိုတာ "ဘယ်အရပ်က ကိုယ့် အတွင်းအကျဆုံး နေရာမှာရှိနေလဲ" "ဘယ်မှာ ကိုယ့်အချိန်အများဆုံး ကုန်ဆုံးလဲ" လို့ဆိုရင် ကျွန်တော် ဟာ ဂျပန်ပါ၊ အကြောင်းက ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ် လုံးလုံး ဂျပန်မှာ နေနိုင်သလောက် နေနေခဲ့လို့ပါ။ ခြွင်းချက်က ဒီနှစ်အားလုံးမှာ ခရီးသွား ဗီဇာနဲ့ ရောက်ခဲ့ပြီး ဂျပန်အတော်များများက ကျွန်တော့ကို သူတို့ထဲက တစ်ယောက်လို့ မထည့်တွက်ချင်တာ တော့ အတော်သေချာပါတယ်။ ဒါအားလုံးပြောတာက ကျွန်တော့ရဲ့ အရမ်းရှေးကျပြီး ရိုးစင်းတဲ့ နောက်ခံဟာ ဘယ်လိုဆိုတာကို ထင်ရှားစေဖို့ပါပဲ။ အကြောင်းက ကျွန်တော် Hong Kong (သို့) Sydney (သို့) Vancouver ကိုသွားတဲ့အခါ ဆုံတွေ့တဲ့ ကလေးအများစုဟာ ကျွန်တော့ထက်အများကြီး ပိုပြီးကို နိုင်ငံတကာဆန်၊ ယဉ်ကျေးမှု စုံကြတယ်။ သူတို့မှာ မိဘတွေနဲ့ ဆက်စပ်နေတဲ့ အိမ်တစ်လုံးရှိပေမဲ့ သူတို့အဖော်တွေနဲ့ ဆက်စပ်နေတဲ့ နောက်တစ်လုံးရှိတယ်၊ တတိယက သူတို့ရောက်ရှိရာနေရာနဲ့ ပတ်သက်နေနိုင်ပြီး စတုတ္ထက သူတို့စိတ်ကူးအိပ်မက်နေတဲ့ နေရာဖြစ်ပြီး ဒါ့အပြင် အများကြီး ရှိသေးတယ်။ သူတို့ဘဝ တစ်ခုလုံးဟာ မတူညီတဲ့ အပိုင်းအစတွေကို ယူပြီး မှန်ရောင်စုံ တစ်ချပ်ထဲကို ပေါင်းစုပြီး ထည့်တာမျိုးနဲ့ ကုန်ဆုံးနေမှာပါ။ သူတို့အတွက် အိမ်ဆိုတာ ဆောင်ရွက်ဆဲ အလုပ်တစ်ခုပါ။ ဒါဟာ သူတို့တွေ အမြဲမပြတ် အဆင့်မြှင့်၊ မွမ်းမံ၊ ပြင်ဆင်မှုတွေ ဖြည့်သွင်းနေတဲ့ ပရောဂျက်တစ်ခုလိုပါ။ တိုးတိုးလာနေတဲ့ ကျွန်တော်တို့အတွက်ကတော့ အိမ်ဆိုတာဟာ မြေကွက်တစ်ကွက်ဆိုတာထက် ဝိဉာဉ်အပိုင်းအစတစ်ခုလို့ ပြောနိုင်ပါတယ်။ "ခင်ဗျား အိမ်ကဘယ်မှာလဲ"လို့ ရုတ်တရက် မေးလာရင် တွေးမိတာက ကျွန်တော့ အသည်းလေး (သို့) အရင်းဆုံး မိတ်ဆွေတွေ၊ ကိုယ်ဘယ်မှာရှိရှိ ကိုယ်နဲ့အတူ ခရီးသွားတဲ့ သီချင်းတွေပါ။ အမြဲပဲ ဒီအတိုင်းပဲ ခံစားခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလိုပဲ ကျွန်တော် နားလည်ခဲ့တယ်။ နှစ်အနည်းငယ်က California က မိဘတွေရဲ့အိမ်မှာ လှေကားထစ်တွေပေါ် တက်နေတုန်း ဧည့်ခန်းပြတင်းပေါက်တွေကနေ ကြည့်လိုက်တော့ ကျွန်တော်တို့ဟာ ပေ ရ၀ ရှိတဲ့ မီးတောက်တွေ ဝိုင်းခံနေရတာ မြင်လိုက်တယ်။ California ရဲ့ တောင်ကုန်းတွေနဲ့ အခြား အဲဒီလို နေရာများစွာကိုဖြတ်ပြီး ပုံမှန် ဆုတ်ဖြဲ တတ်တဲ့ တောမီးတွေထဲက တစ်ခုပါ။ နောက် သုံးနာရီအကြာမှာ ဒီမီးက ကျွန်တော့အိမ်ကို စားသွာလိုက်တာ နောက်ဆုံးအရာဆိုလို့ ကျွန်တော့ကလွဲပြီး ပြာပဲကျန်တော့တယ်။ နောက်နေ့မနက် အိပ်ရာကနိုးတော့ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်ကြမ်းပြင်ပေါ်မှာ အိပ်နေတာပေါ့၊ ကမ္ဘာမှာ ကိုယ်ပိုင်တာဆိုလို့ ညလုံးပေါက်ဖွင့်တဲ့ စျေးက ဝယ်ထားတာ မကြာသေးတဲ့ သွားပွတ်တံ တစ်ချောင်းပဲ။ တကယ်ပဲ၊ အဲဒီတုန်းက တစ်ယောက်ယောက်က "ခင်ဗျားရဲ့ အိမ်ကဘယ်မှာလဲ" လို့ မေးရင် တကယ်ကို ရုပ်ပိုင်း အဆောက်အအုံ တစ်ခုခု ထောက်ပြနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့အိမ်ဟာ ကိုယ်ထဲမှာ ဆောင်ယူ လို့ရတာ တစ်ခုခု ဖြစ်ဖို့လိုပါလိမ့်မယ်။ ဒီလိုနည်းပေါင်းများစွာထဲက ဒါဟာ တကယ့် လွတ်မြောက်မှု တစ်ခုလို့ ထင်မိတယ်။ အကြောင်းက ကျွန်တော့ အဖိုး၊ အဖွားတွေ မွေးစဉ်က သူတို့မှာ မွေးရာပါ တာဝန်သတ်မှတ်ထားတဲ့ အိမ်ဆိုတဲ့ အသိ၊ ရပ်ရွာဆိုတဲ့အသိ၊ ရန်လိုမှုဆိုတဲ့ အသိတောင် သူတို့မှာရှိခဲ့ကြပြီး ဒီကနေ လှမ်းထွက်ဖို့ အခွင့်အလမ်း သိပ်မရှိခဲ့ဘူးလေ။ အခုခေတ်မှာ အနည်းဆုံး ကျွန်တော်တို့ ထဲက တစ်ချို့ဟာ အိမ်ဆိုတဲ့အသိကို ရွေးနိုင်၊ ရပ်ရွာဆိုတဲ့အသိကို ဖန်တီးနိုင်၊ ကိုယ့်အတ္တသဘောကို ပုံဖော်နိုင်ပြီး ဒီလိုလုပ်ခြင်းနဲ့ ကျွန်တော်တို့ ဘိုးဘွားတွေ ခေတ်ရဲ့ အဖြူအမည်း နယ်သတ်တွေအလွန်ကို နည်းနည်းလှမ်းဖို့ ဖြစ်နိုင်တာပေါ့။ ကမ္ဘာမှာ အားအတောင့်ဆုံး နိုင်ငံရဲ့ သမ္မတဟာ Kenyan တစ်ဝက်၊ တစ်ပိုင်းအားဖြင့် Indonesia မှာ ကြီးပြင်းခဲ့ပြီး တရုတ်-ကနေဒီယန်း ယောက်ဖတစ်ယောက် ရှိနေတာဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။ သူတို့ကိုယ်ပိုင်မဟုတ်တဲ နိုင်ငံတွေမှာ နေထိုင်သူ အရေအတွက်ဟာ အခုဆို သန်း ၂၂၀ ရှိလာပြီး ဒါဟာ စိတ်ကူးလို့မရနိုင်သလောက် နီးပါး အရေအတွက်ပါ၊ ဒါပေမဲ့ ဆိုလိုတာက Canada က လူဦးရေ အားလုံးနဲ့ Australia လူဦးရေ အားလုံးကို ယူ ပြီးတော့ Australia လူဦးရေအားလုံး၊နဲ့ Canada က လူဦးရေအားလုံးကို ထပ်ယူလိုက်ကာ ဒီအရေအတွက်ကို နှစ်ဆလုပ်လိုက်၊ ဒီလွင့်မျောနေတဲ့ လူမျိုးစုကြီးနဲ့ ဆိုင်တာထဲက ပိုနည်းတဲ့ လူတွေရေပဲ ရှိနေပါဦးမယ်။ သီးခြား နိုင်ငံဟောင်း အမျိုးအစားတွေ အပြင်မှာ နေတဲ့ ကျွန်တော်တို့ အရေအတွက် ဟာ အရမ်း အမြန်ကြီး တိုးလာပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းမှာကို ၆၄ သန်းထိရှိပြီး မကြာခင်မှာ အမေရိကန်တွေထက် ကျွန်တော်တို့က ပိုများလာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကမ္ဘာမှာ ပဉ္စမ အကြီးဆုံး နိုင်ငံအဖြစ် ကိုယ်စားပြုနှင့်နေပါပြီ။ တကယ်တမ်းက Canada ရဲ့ အကြီးဆုံးမြို့တော် Toronto မှာ ယနေ့ သာမန် အတည်တကျ နေထိုင်သူဟာ နိုင်ငံခြားသား၊ အခြားတိုင်းပြည် တစ်ပြည်မှာ မွေးဖွားသူ ဖြစ်နေပါတယ်။ ကျွန်တော် အမြဲ ခံစားမိတာက မျိုးခြား ဝန်းရံခံနေရခြင်းရဲ့ ကောင်းကွက်က ကိုယ့်ကို ရိုက်ပြီး နှိုးတာပါ။ ဘာမှ တရားသေ မှတ်လို့မရဘူးလေ။ ကျွန်တော့အတွက် ခရီးဟာ ချစ်စိတ် ဝင်တာနဲ့ နည်းနည်းဆင်ပါတယ်။ အကြောင်းက ရုတ်တရက် အာရုံအားလုံး "ဆက်"လို့ မှတ်ထားတဲ့ ဝန်းကျင်မှာရှိလို့ပါ။ ရုတ်တရက် သင်ဟာ ကမ္ဘာရဲ့ လျှို့ဝှက်တဲ့ အဆင်တွေမှာ နိူးကြားသွားတယ်။ Marcel Proust ပြောခဲ့သလိုပဲ တကယ့် စူးစမ်းရှာဖွေတဲ့ ခရီးဟာ မြင်ကွင်းသစ်တွေကို မြင်ခြင်း သာမဟုတ်ပဲ မျက်လုံးသစ်တွေနဲ့ ရှုမြင်ခြင်းပါ ပါဝင်ပါတယ်။ တကယ်က မျက်လုံးသစ်တွေ ရှိပြီဆိုတာနဲ့ မြင်ကွင်းဟောင်းတွေ၊ ကိုယ့်အိမ်ဆိုတာတောင် တစ်ခုခု ခြားနားလာပါတယ်။ ကိုယ့်ပိုင်မဟုတ်တဲ့ နိုင်ငံတွေမှာ နေထိုင်သူအများအပြားဟာ အိမ်ကနေ တစ်ခါမှ မခွာချင်ကြပဲ အိမ်ကို ပြန်ဖို့ တရွရွဖြစ်နေတဲ့ ဒုက္ခသည်တွေပါ။ ဒါပေမဲ့ ကံကောင်းသူတွေ အတွက်တော့ လှုပ်ရှားမှုခေတ်ဟာ ရွှင်လန်းတဲ့ အခွင့် အလမ်းသစ်တွေ ယူလာတယ်လို့ ထင်တယ်။ သေချာတာက ခရီးသွားရင် အထူးသဖြင့် ကမ္ဘာ့မြို့ကြီးတွေကိုပေါ့၊ ဒီနေ့ ကျွန်တော် ဆုံနေကျလူဆိုပါစို့၊ ကိုရီယား-ဂျာမန် ကပြား အမျိုးသမီးဟာ ပါရီမှာ နေနေလိမ့်မယ်။ ဒါနဲ့ Edinburgh က ထိုင်း- ကနေဒီယန်း ကပြား လူငယ်ကို သူမတွေ့တာနဲ့ သူ့ကို သူမရဲ့ ဆွေမျိုးသားချင်းလို သတ်မှတ်လိုက်တယ်။ ကိုရီယားလုံးလုံး (သို့) ဂျာမဏီလုံးလုံး ထက်စာရင် သူမဟာ သူနဲ့ ပိုပြီး သဘောသဘာဝ ပိုတူနိုင်တယ်လို့ သူမ သဘောပေါက်မိတယ်။ ဒါနဲ့ သူတို့ မိတ်ဆွေဖြစ်လာတယ်၊ ချစ်ကြိုက်မိကြတယ်။ New York City ကို ပြောင်းသွားကြတယ်။ (ရယ်သံများ) ဒါမှမဟုတ် Edinburgh ပေါ့။ သူတို့ပေါင်းစပ်ခြင်းကနေ ပေါ်လာတဲ့ ဒီကလေးမလေးဟာ တကယ်တော့ ကိုရီးယားမဟုတ်၊ ဂျာမန်မဟုတ်၊ ပြင်သစ်မဟုတ်၊ ထိုင်းမဟုတ်၊ စကော့မဟုတ်၊ ကနေဒီယန်းမဟုတ် အမေရိကန်မဟုတ်ပေမဲ့ အံ့ဖွယ်ကောင်းပြီး ဒီနေရာအားလုံးရဲ့ အရောကို အစဉ်မပြတ် ဆင့်ကဲပြောင်းလဲခြင်းပါ။ ဖြစ်နိုင်ခြေက အမျိုးသမီးငယ်နဲ့ အရာတိုင်းနဲ့ပတ်သက်ပြီး ကမ္ဘာကြီးအကြောင်း အိပ်မက်မက်ပုံဟာ၊ ကမ္ဘာကြီးအကြောင်း စာရေးသားပုံဟာ၊ ကမ္ဘာကြီးအကြောင်း တွေးတောပုံဟာ တစ်ခုခု ထူးခြားနိုင်ပါတယ်၊ အကြောင်းက ဒါဟာ မကြုံဖူး သလောက်ဖြစ်တဲ့ ယဉ်ကျေးမှုတွေရဲ့ အရောကနေ ပေါ်ထွက်လာတာမို့ပါ။ အခုတော့ ဘယ်ကလာတာလဲ ဆိုတာ ဘယ်ကိုသွားနေတာ ဆိုတာလောက် သိပ်အရေးမကြီးတော့ပါဘူး။ တိုးတိုးလာတဲ့ ကျွန်တော်တို့ဟာ အတိတ်ကာလထက် အနာဂတ် (သို့) ပစ္စုပ္ပန်ကာလမှာ အမြစ်တွယ်နေပါတယ်။ ကျွန်တော်တို့သိတဲ့ အိမ်ဆိုတာ ကိုယ်မွေးဖွားဖို့ ကြုံခဲ့တဲ့ နေရာပဲ မဟုတ်ပါဘူး။ ဒါဟာ ကိုယ်ကိုယ်တိုင် ဖြစ်လာတဲ့ နေရာပါ။ နောက်ပြီးတော့ ရွေ့ရှားတာနဲ့ ပတ်သက်ပြီး ပြဿနာကြီး တစ်ရပ်ရှိပါတယ်၊ ဆိုလိုတာက လေထုအလယ်ထဲမှာ ရှိတဲ့အခါ ဘယ်ကို ဦးတည်မလဲဆိုတာ တော်တော်ခက်တာပါ။ နှစ်အနည်းငယ်က ကျွန်တော်ဟာ United Airlines တစ်ခုတည်းမှာတင် မိုင်တစ်သန်း စုပုံနေတာ သတိပြုမိတယ်။ အားလုံးသိကြတဲ့ ဒီလောက်ကြောင်တဲ့ စနစ်၊ ခြောက်ရက် ငရဲခံ၊ သတ္တမနေ့ လွတ်မြောက်နေ့ လွတ် ဆိုတာလေ။ (ရယ်သံများ) ကျွန်တော် စတွေးမိတာက တကယ့် ရွေ့ရှားမှုဟာ ငြိမ်သက်ခြင်းရဲ့ အသိက ရုပ်လုံးဖော်ဖို့ ယူဆောင် လာပေးသလိုပဲ ကောင်းတာကိုပါ။ အိမ်မီးလောင်ပြီး ခြောက်လကြာအပြီးမှာ ဒေသတွင်း အထက်တန်းကျောင်းမှာ စာသင်တဲ့ မိတ်ဆွေတစ်ဦးနဲ့ ဆုံခဲ့ပြီး သူက "ခင်ဗျားအတွက် ပြီးပြည့်စုံတဲ့နေရာ ကျုပ်မှာရှိတယ်" "တကယ်လား" လို့ မေးရတယ်။ ဒါမျိုးကို နည်းနည်း ယုံလေ့ မရှိဘူးလေ။ "ဟာ တကယ်ပါဗျ"သူက ဆက်ပြောတယ်။ "ကားနဲ့ သုံးမိုင်ပဲဝေးတယ်၊ အရမ်းလည်း စျေးမကြီးပါဘူး၊ ခင်ဗျားအရင် နေဖူးတဲ့ နေရာတွေလို မဟုတ်နိုင်လောက်ဘူး။ "ဟင်း"၊ ကျွန်တော် နည်းနည်း စိတ်ဝင်စားလာပြီး "ဒါက ဘာလဲ၊" "အင်း" ဒီမှာကျွန်တော့မိတ်ဆွေက တွေးတွေးဆဆ ပြောလိုက်တာက တကယ်တော့ ဒါက ကက်သိုလစ် သခင်္မ်းကျောင်းပါ။ ဒီအဖြေမှားပါတယ်။ ခရစ်ယာန်ကျောင်းတွေမှာ ၁၅ နှစ်နေခဲ့ဖူးတော့ အသက်တာရှင်သန်ဖို့ ဓမ္မတေးတွေ၊ ကားတိုင်တွေ အတော်ရှိခဲ့ပါတယ်။ တကယ်တော့ အသက်တာများစွာပါ။ ဒါပေမဲ့ မိတ်ဆွေက သူရော၊ သူ့ကျောင်းသားအများစုပါ ကာသိုလစ်မဟုတ်ဘူးလို့ပြောတယ်၊ ဒါပေမဲ့ နွေဦးတိုင်း သူ့အတန်းတွေကို အဲဒီကိုခေါ်သွားတယ်။ သူဒါကိုလုပ်စဉ် ဂဏာမငြိမ်ဆုံး အာရုံထွေပြားကာ ဟိုမုန်းကြောင်နေတဲ့ ၁၅ နှစ်သား Californian ကောင်လေးတောင်မှ သုံးရက်ပဲ တိတ်ဆိတ်စွာနေလိုက်ရသေးတယ်၊ သူ့ကိုယ်တွင်းက တစ်ခုခုဟာ ငြိမ်ကျသွားပြီး ရှင်းလင်းသွားတယ်။ သူ့ကိုယ်သူ ပြန်တွေ့သွားပါတယ်။ ဒါနဲ့ တွေးမိတာက "၁၅ နှစ်သား ကောင်လေး အတွက် အလုပ်ဖြစ်တာဟာ ငါ့အတွက်ဖြစ်သင့်တယ်" ပေါ့။ ဒါနဲ့ ကားပေါ်တက်ပြီး ပင်လယ် ကမ်းခြေ တစ်လျှောက် မြောက်ဘက်ကို သုံးနာရီမောင်းထွက်ခဲ့တယ်။ လမ်းတွေဟာ ပိုဟင်းလင်းပြင်ဖြစ်ကာ ပိုကျဉ်းလာတယ်၊ ပိုလို့တောင် ကျဉ်းတဲ့ လူသွားလမ်းထဲကို ချိုးလိုက်တယ်၊ လမ်းဖြစ်ရုံသာရှိပြီး တောင်တစ်လုံးရဲ့ ထိပ်အထိ နှစ်မိုင်လောက် ကွေ့ကောက်နေတာပါ။ ကားထဲကထွက်လိုက်တော့ လေက တဝူးဝူး တိုက်နေတယ်။ နေရာတစ်ခုလုံးဟာ ပကတိ တိတ်ဆိတ်လို့၊ ဒါပေမဲ့ တိတ်ဆိတ်မှုက အသံကင်းမဲ့ နေတာတော့မဟုတ်ဘူး။ ဒါဟာ တကယ့်ကို စွမ်းအင် (သို့) အဟုန်မြင့်ခြင်းလိုမျိုး ရှိနေတာပါ။ ကျွန်တော့ ခြေဖျားအောက်မှာက ပစိဖိတ် သမုဒ္ဒရာရဲ့ ငြိမ်သက် ပြာလွင်တဲ့ ပြင်ကြီးပါ။ ကျွန်တော့ဝန်းကျင်မှာ ဧက ၈၀၀ ရှိတဲ့ တောရိုင်း ချုံပုတ်ခြောက်တွေပေါ့။ ပြီးတော့ ကျွန်တော် အိပ်စက်မယ့် အခန်းဆီကို ဆင်းသွားလိုက်တယ်။ ငယ်ပေမဲ့ အင်မတန်ကို နေသာပါတယ်။ အိပ်ရာတစ်ခုနဲ့ လှုပ်ကုလားထိုင် တစ်လုံး ပါပြီး စားပွဲရှည်တစ်လုံးနဲ့ ပိုရှည်တဲ့ ရှုခင်း ပြတင်းပေါက်တွေ၊ စည်းရိုးခတ်ထားတဲ့ ကိုယ်ပိုင် ဥယျာဉ်ကို မျှော်ကြည့်ရင်းပေါ့၊ နောက်ပြီး ပေ ၁၂၀၀ ရှိတဲ့ ပင်လယ်ဆီ ဆင်းသွားတဲ့ ရွှေရောင် မြက်ခင်းပြင်ပေါ့။ ပြီးတော့ ထိုင်ချလိုက်ပြီး စာစရေးတယ်၊ ရေးတယ်၊ ပြီးတော့ ရေးတယ်၊ တကယ် ကိုယ့်စာရေးစားပွဲကနေခွာပြီး၊ အဲဒီကို သွားပြီးတောင်ပေါ့။ နေရာက မထခင်မှာတင် လေးနာရီကုန်ခဲ့ပါပြီ။ မိုးချုပ်လာပါပြီ၊ ကြယ်စင်တွေရဲ့ ဒီကျယ်ပြောတဲ့ မှောက်နေတဲ့ ဆားပုလင်းအောက်ကို ထွက်ခဲ့ပြီး တောင်ဘက် ၁၂ မိုင် အငူတွေ တစ်ဝိုက်မှာ ပျောက်ကွယ်သွားနေကြတဲ့ ကားတွေရဲ့ နောက်မြီးအလင်းတွေကို တွေ့နိုင်ခဲ့တယ်။ အရင်နေ့က ကျွန်တော့ရဲ့ ပူပန်မှုတွေဟာ ပျောက်ကွယ်သွားနေသလို ထင်ရပါတယ်။ တယ်လီဖုန်းတွေ၊ တီဗွီတွေ၊ လက်ပ်တော့တွေ ကင်းတဲ့နေရာမှာ နောက်နေ့အိပ်ရာကနိုးတော့ နေ့တွေဟာ နာရီတစ်ထောင်ကြာ ဆန့်ထွက်နေပုံပါ။ ဒါဟာ ခရီးထွက်နေတုန်း ကိုယ်သိတဲ့ တကယ့်လုံးဝ လွတ်လပ်မှုတင်မက အိမ်ကိုရောက်လာသလိုမျိုး နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်။ ကျွန်တော်က ဘာသာရေးသမား မဟုတ်တော့ ဝတ်ပြုပွဲတွေ မသွားခဲ့ဘူး။ ဘုန်းကြီးတွေဆီမှာ လမ်းညွှန်ချက်တွေ မယူခဲ့ဘူး။ ဘုန်ကြီးကျောင်းလမ်းမှာ လမ်းလျှောက်ထွက်ပြီး ကိုယ်ချစ်ခင်သူတွေဆီ ပို့စ်ကဒ်တွေ ပို့ခဲ့တာပါ။ တိမ်တွေကို ကြည့်ခဲ့တယ်၊ ကိုယ့်အတွက် လုပ်နေကျအရာကို လုပ်ဖို့အခက်ခဲဆုံးဖြစ်တာပါ။ ဒါက ဘာမှ မဟုတ်ပါဘူး။ ဒီနေရာကို ပြန်စသွားခဲ့တယ်၊ မမြင်ကွယ်ရာမှာ ထိုင်နေရင်းနဲ့ ကျွန်တော့ရဲ့ အရေးကြီးဆုံး အလုပ်ကို လုပ်နေတာလို့ သတိထားမိပြီး သေချာတာက နောက်ဆုံး အီးမေးလ်ကနေ နောက်ချိန်းဆိုမှုကို ပြေးနေတုန်းက ဘယ်လိုမှကို မတတ်နိုင်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဆီ လာနေတာပါ။ ကိုယ့်ကိုယ်တွင်းက တကယ်ပဲ ငြိမ်သက်မှုကို ဟစ်အော်ခေါ်နေတာကို စတင်တွေးမိလာတယ်၊ ဒါပေမဲ့ တကယ်တမ်း ကိုယ်က အရမ်း ပတ်ချာ ပြေးနေတော့ မကြားနိုင်ခဲ့ဘူး။ ကျွန်တော်ဟာ မျက်နှာကို စည်းထားပြီး ဘာတစ်ခုမှ မမြင်ရဘူးလို့ ညည်းတွားနေတဲ့ အရူးတစ်ကောင်လို့ ဖြစ်ခဲ့တယ်။ ကောင်လေးတစ်ယောက်အနေနဲ့ Seneca ဆီက နာယူ ခဲ့ဖူးတဲ့ အံ့ဖွယ်ရာ စကားစုတစ်ခုကို ပြန်တွေးမိခဲ့တယ်။ ဒီမှာ သူပြောတာက "ဆင်းရဲမှုဆိုတာက မရှိတဲ့သူ မဟုတ်ဘူး၊ ပိုပြီးတောင့်တနေသူသာပါ"တဲ့။ တကယ်တော့ လူတိုင်း ဘုန်းကြီးကျောင်း သွားဖို့ အဆိုပြုနေတာ မဟုတ်ပါဘူး၊ ဒါက အဓိကမကျပါဘူး။ ဒါပေမဲ့ တကယ်တွေးမိတာက ရွေ့ရှားမှုကို ရပ်လိုက်တာနဲ့တင် ဘယ်ကိုသွားရမယ်ဆိုတာ သိမြင်နိုင်တာကိုပါ။ ပြီးတော့ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာထဲ ကနေ လှမ်းထွက်လိုက်တာနဲ့တင် ကိုယ် အနက်ရှိုင်းဆုံး ကြောင့်ကြစိုက်တဲ့ အရာကိုမြင်နိုင်ပြီး အိမ်တစ်လုံးကို တွေ့နိုင်တာပါ။ အခု လူအတော်များများဟာ စိတ်တည်ငြိမ်ဖို့ပဲ မနက်တိုင်း နာရီဝက် ဆိတ်ငြိမ်စွာ ထိုင်ဖို့ သတိရှိတဲ့ အစီအမံတွေ လုပ်ကြတာ သတိပြုမိတယ်၊ သူတို့ ကိရိယာတွေကင်းတဲ့ အခန်းထောင့် တစ်ထောင့်မှာ၊ (သို့) ညနေတိုင်း ပြေးတာ (သို့) မိတ်ဆွေတစ်ယောက်နဲ့ အကြာကြီး စကားပြောဖို့ သွားတဲ့အခါ ဆဲလ်ဖုန်း တွေ ချန်ထားခဲ့တာတွေပေါ့။ ရွေ့ရှားမှုဟာ ကြီးကျယ်တဲ့ အခွင့်ထူး တစ်ရပ်ဖြစ်ပြီး ကျွန်တော်တို့ ဘိုးဘွားတွေ တစ်ခါမှ အိပ်မက် မမက်နိုင်လောက်တာ အများကြီး ကျွန်တော်တို့ကို လုပ်ခွင့်ပေးပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ရွေ့ရှားမှုဟာ ပြန်စရာ အိမ်တစ်လုံးရှိမှပဲ အဓိပ္ပါယ်ရှိတာပါ။ တကယ်တမ်း အိမ်ဆိုတာလည်း အဆုံးကျတော့ ကိုယ်အိပ်စက်တဲ့ နေရာပဲ မဟုတ်ဘူးလေ။ ဒါက ကိုယ်ရပ်တည်တဲ့ နေရာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)