ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွေကို လူသားတွေ ဘယ်တုန်းက လူသားတွေ ဖြစ်လာခဲ့ကြတာလဲလို့ မေးကြည့်ရင်၊ တချို့တို့က၊ ကျွန်ုပ်တို့ဟာ တချိန်ချိန်မှာ ကိုယ့်ခြေထောက်အပေါ်မှာ စရပ်တတ်လာခဲ့ပြီး ခြေနှစ်ဖက်ဖြင့် လျှောက်တတ်လျက် ပတ်ဝန်းကျင် ရဲ့ သခင်ဖြစ်လာခဲ့ချိန်ကို ညွှန်ပြကြမယ်။ အခြားတွေက ကျွန်ုပ်တို့ရဲ့ဦးနှောက် ပိုပိုကြီးလာခဲ့လို့ ကျွန်ုပ်တို့ဟာ ပိုမိုရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်များကို သိမြင်လာခဲ့ကြချိန်လို့ ဆိုကြပါတယ်။ ပြီးတော့ ကျန်တဲ့သူတွေက ကျွန်ုပ်တို့ဆီမှာ ဘာသာစကား ပေါ်လာခဲ့လို့ မျိုးစိတ်အနေနဲ့ ဆင့်ကဲဖွံ့ဖြိုးလာစေခဲ့တာ လို့ ရှင်းပြကြပါတယ်။ တကယ်ကျတော့ အဲဒီဖြစ်ရပ် သုံးခုစလုံးတို့ဟာ ချိတ်ဆက်နေကြပါတယ်။ ဘယ်လိုပုံစံနဲ့ ဒါမှမဟုတ် ဘယ်ဟာက ဘယ်အချိန်မှာ ဖြစ်ခဲ့တာ မသေချာပေမဲ့၊ သုံးခုစလုံး ဆက်စပ်နေကြပြီး ကျွန်ုပ်တို့ လည်ပင်းထဲက အရိုးလေးတစ်ခု ပုံစံ ပြောင်းလာခဲ့ပြီး ဦးခေါင်းနဲ့ ကျွန်ုပ်တို့ ခန္ဓာကိုယ်အကြား ထောင့် ပြောင်းလဲသွားပုံနဲ့ ဆိုင်တယ်။ အဲဒါရဲ့ ကျေးဇူးကြောင့် ကျွန်ုပ်တို့ဟာ မတ်တပ်ရပ်လာခဲ့ကြတဲ့ အပြင် ကျွန်ုပ်တို့ ဦးနှောက်ရဲ့ နောက်ပိုင်းပါ ဆင့်ကဲဖွံ့ဖြိုးလာခဲ့ပြီး ကျွန်ုပ်တို့ရဲ့ အသံထွက်ပေါ်ရာ နေရာဟာ မျောက်ဝံတွေမှာ ခုနစ်စင်တီမီတာ ရှိရာကနေ လူသားဆီတွင် ၁၁ - ၁၇ စင်တီမီတာအထိကို ရှည်ထွက်လာခဲ့ပါတယ်။ အဲဒါကို လည်မျိုရဲ့ အဆွယ်လို့ ခေါ်ပါတယ်။ လည်မျိုထဲက အဲဒီအသံအိုးကမှ ကျွန်ုပ်တို့ရဲ့ အသံထွက်ပေါ်တဲ့ နေရာပါ။ ဒီနေ့တွင် မွေးခါစ ကလေးဆီမှာ သူတို့ရဲ့ အသံအိုးဆီမှာ အဆွယ်မရှိသေးပါဘူး။ သုံးလအရွယ်ကျမှသာ အဲဒါ ပေါ်လာတတ်တယ်။ အဲဒါကြောင့်၊ ဒီမှာရှိနေကြတဲ့ ကျွန်မတို့ တဦးချင်းဆီဟာ ကျွန်ုပ်တို့ မျိုးစိတ်တစ်ခုလုံးရဲ့ ဆင့်ကဲဖြစ်စဉ်ကို ဖြတ်ကျော်ခဲ့ရတယ်။ ကလေးငယ်ဘဝ အကြောင်းပြောရရင်၊ ခင်ဗျားတို့အားလုံး မိခင်ဝမ်းထဲတွင် စပြီး ဖွံ့ဖြိုးလာချိန်မှာ၊ ပြင်ပကမ္ဘာထံမှ ရောက်ရှိလာတဲ့ ပထမဦးဆုံး အာရုံခံစားမှုမှာ ခင်ဗျားတို့ သုံးပတ်အရွယ်ရှိစဉ်မှာကို ခင်ဗျားတို့ ပုဇွန်လို အရွယ်ရှိချိန်မှာ ခင်ဗျားတို့ရဲ့ မိခင်အသံရဲ့ တုန်ခါမှုမှ လာတာဖြစ်တဲ့ ထိတွေ့မှု အာရုံခံစားမှုပဲ ဖြစ်ခဲ့ပါတယ်။ ဒီတော့၊ လူသားရဲ့ အသံဟာ မျိုးစိတ်အနေနဲ့ပဲ ကြည့်ကြည့်၊ လူ့အဖွဲ့အစည်း အနေနဲ့ပဲ ကြည့်ကြည့်၊ သိပ် အရေးပါတာကို တွေ့နိုင်တယ်- အဲဒီလိုနည်းဖြင့် ကျွန်ုပ်တို့ဟာ ပုဂ္ဂိုလ်ရေး အဆင့်မှာ လူလူချင်း အဆင့်မှာ ဖြစ်ဖြစ်၊ ဆက်သွယ်ကြပြီး သံယောဇဉ်တွေ ပေါ်လာကြတယ်-- အသံရဲ့ အကူအညီဖြင့် ကျွန်ုပ်တို့ဟာ စကားလုံးများနဲ့ ဒေတာတွေထက်ကို ပိုပြီး ကျွန်ုပ်တို့ ဘယ်သူတွေလဲ ဆိုတာကို မျှဝေနိုင်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ အသံကို လူတွေ ကျွန်ုပ်တို့အား မြင်ကြပုံနဲ့ ခွဲမရနိုင်ပါ။ အဲဒါ လူ့အဖွဲ့အစည်းထဲက ကျွန်ုပ်တို့ရဲ့ မျက်နှာဖုံးနဲ့ တူပါတယ်။ ဒါပေမဲ့ ကိုယ့်အသံနဲ့ ရှိနေတဲ့ ကျွန်ုပ် တို့ရဲ့ ဆက်ဆံမှုကို မသိတာ များတယ်။ ကျွန်ုပ်တို့ ကိုယ့်အသံကို ကိုယ့်အတွက် သုံးခဲပြီး သူများကို ပေးတဲ့ လက်ဆောင်ပါ။ အဲဒီလိုနည်းဖြင့် တစ်ဦးကိုတစ်ဦး တို့ထိကြပါတယ်။ အညမည ဆက်ဆံမှုပါ။ ဒါနဲ့ ကိုယ့်အသံဆိုင်ရာ ကိုယ့်အမြင်က ဘယ်လိုများလဲ။ ဒီတော့ ကိုယ်ရဲ့ အသံသွင်းထားတာကို နားထောင်ကြည့်လို့ မကြိုက်သူတွေ ကျေးဇူးပြုပြီး လက်ထောင်ပြကြပါ။ (ရယ်သံများ) ကျေးဇူးပဲ၊ အဲဒါ တကယ်ပါပဲ၊ လူအများစုဟာ အသံသွင်းထားတဲ့ သူတို့ရဲ့ အသံကို မကြိုက်တတ်ကြပါ။ အဲဒါက ဘာကိုထောက်ပြနေလဲ။ အဲဒါကိုမှ လာမယ့် ၁၀ မိနစ်အတွင်း နားလည်ဖို့ ကြိုးစားကြပါစို့။ ကျွန်မဟာ MIT Media Lab မှာ သုတေသန ပြုလုပ်သူပါ၊ Opera of the Future အုပ်စုထဲ ပါဝင်လျက် ကျွန်မရဲ့ သုတေသနက ကိုယ့်အသံဆိုင်ရာ လူတွေရဲ့ အမြင်ကို၊ အခြားသူတွေရဲ့ အသံတွေဆိုင်ရာ သဘောထားကို လေ့လာနေတာပါ။ အသံတွေ နားထောင်ရတာကို အသုံးချပြီး၊ နယ်ပယ် အမျိုးမျိုးထံမှနေပြီး၊ အာရုံကြောပညာမှ စလျက်၊ သိမြင်မှုသိပ္ပံ ဘာသာဗေဒပညာများ စသည်တို့လို နယ်ပယ်မျိုးစုံမှ လေ့လာနိုင်ပါတယ်။ ကျွန်မတို့ အုပ်စုထဲမှာ လူတွေကို အသံဆိုင်ရာ သူတို့ သိသင့်တာတွေ ပိုပြီးသိရှိလာရန်၊ မရေရာ မသေချာမှုတွေကို လျှော့ချနိုင်ဖို့၊ ပိုကောင်းမွန်စွာ နားဆင်သူ ဖြစ်လာစေရန်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆက်ဆံမှုတွေ ဖန်တီးပေးရန်၊ ဒါမှမဟုတ် ကိုယ့်ကို ပိုကောင်းစွာ နားလည်လာစေရန်၊ ကူပေးကြမယ့် ကိရိယာများနဲ့ အတွေ့အကြုံများကို တီထွင်ကြပါတယ်။ အသံဆိုင်ရာ ချဉ်းကပ်ပုံက ဖက်စုံဖြစ်မှသာ အဲဒါကို လက်တွေ့ လုပ်လို့ရနိုင်မှာပါ။ ကျွန်မတို့ တွေ့ရှိလာတဲ့ အတိုင်းဆိုရင် အသံနှင့် ဆက်စပ်နေကြတဲ့ သုံးစရာတွေ၊ အခက်အခဲတွေအကြောင်းကို စဉ်းစားဖို့ လိုအပ်လို့ပါ။ ခင်ဗျားတို့ရဲ့ အသံဟာ သိပ်ကို ရှုပ်ထွေးတဲ့ အရာ တစ်ခုပါ။ အသံထွက်လာဖို့ ခန္ဓာကိုယ်ထဲရှိ ကြွက်သား ၁၀၀ ကျော် ညှိလုပ်ကိုင်ကြရတယ်။ အဲဒါကြောင့် အသံကို နားထောင်ကြည့်ခြင်းဖြင့် အထဲမှာ ရှိနိုင်ကြတဲ့ ချွတ်ချော်မှုတွေကို ကျွန်မတို့ နားလည်နိုင်ကြပါတယ်။ ဥပမာ ပြရပါက- အသံရဲ့ ထူးခြားတဲ့ တုန်ခါမှုနဲ့ တပြေးညီမဖြစ်မှုကို နားထောင်ကြည့်ခြင်းက Parkinson ရောဂါရဲ့ အစောပိုင်း အဆင့်ကို ဖေါ်ထုတ်ပေးနိုင်ပါတယ်၊ ဖုန်းဖြင့် ခေါ်ဆိုရုံနဲ့ လုပ်ရနိုင်တယ်။ အသံရဲ့ အသက်ရှူပုံကို နားထောင်လျက် နှလုံးရောဂါကို ဖေါ်ထုတ်ရန် ကူပေးနိုင်တယ်။ ပြီးတော့ ကျွန်မတို့ သိကြသလို စကားလုံးတွေ အကြားက အရှိန် ပြောင်းလဲမှုဟာ စိတ်ကျရောဂါကို ထောက်ပြတဲ့ လက္ခဏာပါ။ ခင်ဗျားတို့ရဲ့ အသံဟာ ခင်ဗျားတို့ရဲ့ ဟော်မုန်းပမာဏနဲ့ သိပ်ကို ချိတ်ဆက်နေတယ်။ ကူပေးတဲ့ အဖွဲ့ဆိုရင် အမျိုးသမီးရဲ့ အသံကိုနားထောင်ပြီး စကားပြောသူရဲ့ ရာသီစက်ဝန်း အကြောင်းကို အလွန်တိကျစွာ ထောက်ပြနိုင်ခဲ့ကြပါတယ်။ အသံမှရတဲ့ အချက်အလက်တွေဖြင့် သိနိုင်တယ်။ နည်းစနစ်တွေက ကျွန်မတို့ကို တချိန်လုံး နားထောင်နေကြတဲ့ ဒီခေတ်မှာ ကျတော့၊ Amazon Echo မှ Alexa ဆိုရင်၊ အမျိုးသမီးတွေ ကိုယ်တိုင် မသိသေးခင်မှာကို ကိုယ်ဝန် ရှိမရှိကို ပြောနိုင်မယ်။ ဒီတော့စဉ်းစားစရာက- (ရယ်သံများ) အဲဒါကို အသုံးချရင် စဉ်းစားစရာ အများကြီးရှိလာမယ်။ ခင်ဗျားတို့ရဲ့ အသံဟာဖြင့် ခင်ဗျားတို့ရဲ့ ဆက်ဆံမှုတွေနဲ့လည်း သိပ်ကို ချိတ်ဆက်နေတယ်။ ခင်ဗျားတို့ စကားပြောရာတွင် လူတိုင်းအတွက် အသံတမျိုးစီကို သုံးပါတယ်။ ကျွန်မက ခင်ဗျားတို့ အသံရဲ့ အပိုင်းစကို ယူပြီး ဆန်းစစ်ကြည့်ရင်၊ ခင်ဗျား ပြောနေတာက မိခင်နဲ့လား၊ ညီနဲ့လား မိတ်ဆွေနဲ့လား၊ အလုပ်ရှင်နဲ့လား၊ ကျွန်မ ပြောနိုင်ပါတယ်။ ကျွန်မတို့ဟာ အသံအနေအထားကို ဟောကိန်း ထုတ်ဖို့ သုံးနိုင်ပါသေးတယ် ခင်ဗျားတို့က တယောက်ယောက်နဲ့ စကား ပြောဖို့သုံးတဲ့ အသံအနေအထားကို ဆိုလိုတာပါ။ ခင်ဗျားရဲ့ ခင်ပွန်းနဲ့ ခင်ဗျား ပြောပုံ အသံအနေအထားက ခက်ဗျာတို့ ခွဲဖြစ်မလားကိုသာမက ဘယ်တော့ ခွဲဖြစ်မှာကို ဟောပေးနိုင်ပါတယ်။ ဒီတော့ အသံကို နားထောင်ရင်း သင်ယူစရာတွေ အများကြီးပါ။ ပြီးတော့ ကျွန်မတို့ဆီမှာ အသံတစ်မျိုးမက ရှိတာကို ခံယူပြီး လေ့လာရမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့်၊ ကျွန်မတို့ အများစုမှာ ရှိတဲ့ အသံ သုံးမျိုး အကြောင်းကို ပြောပြချင်ပါတယ်၊ အဲဒါကို မျက်နှာဖုံးပုံစံလို့ ကျွန်မက ခေါ်ပါတယ်။ ကိုယ်က မျက်နှာဖုံးကို ကြည့်ကြည့်ရင်၊ လက္ခဧာ တစ်ခုကို ထိုးပြသလို မြင်ရမှာပါ။ ခင်ဗျားတို့ရဲ့ ထွက်သံ ဆိုပါစို့။ အဲဒါဟာ အသံဆိုင်ရာ အစဉ်အလာ စဉ်းစားကြပုံပါ၊ ကိုယ့်ကိုကိုယ် အပြင်ကမ္ဘာပေါ်သို့ ထိုးပြချင်တဲ့ နည်းလမ်းပါ။ ဒီလို ထိုးပြမှုရဲ့ နောက်ခံယန္တရားကို နားလည်ဖို့ လွယ်ပါတယ်။ ခင်ဗျားတို့ရဲ့ အဆုတ်က ချုံ့လျက် လေကို မှုတ်တင်ပြီး ခင်ဗျားတို့ရဲ့ အသံဆိုင်ရာ အခေါက်တွေကို တုန်ခါစေမှာမို့၊ အသံ ဆိုတာ ထွက်ပေါ်လာမယ်။ ပြီးတော့ ကိုယ်က အာခေါင်းကို ဖွင့်ပိတ်လိုက်ပုံကို လိုက်ပြီးတော့၊ ခင်ဗျားတို့ရဲ့ အသံဖြစ်ပေါ်ရာ လမ်းကြောင်းက အသံကို ပုံသွင်းပြောင်းပေးနိုင်တယ်။ လူတိုင်းရဲ့ အသံယန္တရားဟာ တူတယ်။ ဒါပေမဲ့ အသံတွေကျတော့ ထူခြားကြပါတယ်။ အရွယ်အစား၊ ဇီဝဖြစ်စဉ်၊ ဟော်မုန်းပမာဏတွေ မသိမသာ မတူခြင်းက အပြင်ကို ထွက်လာတဲ့ အသံကိုပါ မသိမသာ ကွဲပြားလာစေပါတယ်။ ပြီတော့ ခင်ဗျားတို့ရဲ့ ဦးနှောက်ကလည်း တော်လို့၊ သူများဆီမှ လာတဲ့ အခြားသူတွေရဲ့ ထွက်သံတွေရဲ့ မသိမသာ ကွဲပြားမှုကို ခံစားသိနိုင်ပါတယ်။ ကျွန်မတို့ ဓာတ်ခွဲခန်းမှာ အဲဒီလိုမသိမသာ ကွဲပြားချက်တွေကို စက်များအား နားလည်အောင် သင်ပေးဖို့ ကျွန်မတို့ ကြိုးစားနေကြတယ်။ ကျွန်မတို့ အလေးထား လေ့လာနေကြတာက အချိန်နဲ့တပြေးညီ စကားပြောသူကို ညွန်ပြမယ့် စနစ်ကို တီထွင်ဖို့အတွက်၊ လူအများကြီး ပါဝင်ပြောနေချိန်မျိုးမှာ-- ဘယ်သူတွေ ဝင်ပြောကြလဲ၊ ဘယ်သူတွေက စည်းဝေးမှာ မပြောဘူးလဲ-- အုပ်စုရဲ့ သိရှိနားလည်မှုကို မြှင့်ပေးရန်ပါ။ အဲဒီလို ကြိးစားရာမှာ အခက်အခဲ တစ်ခုက ကျွန်မတို့ရဲ့ အသံဟာ မတည်ငြိမ်ခြင်းပါ။ အသံဟာ ကိုယ်ပြောတဲ့ လူကို လိုက်ပြီး ပြောင်းလဲနေရုံသာမက အသက် တလျှောက်မှာလည်း ပြောင်းပါသေးတယ်။ အသံရဲ့ တသက်တာ ခရီး အစောပိုင်းနဲ့ အဆုံးပိုင်းမှာ အမျိုးသားသံနဲ့ အမျိုးသမီးသံဟာ ဆင်တူကြပါတယ်။ ခွဲခြားရန်အလွန်ခဲယဉ်းပါတယ်။ ငယ်ရွယ်တဲ့ ကလေးမလေးနဲ့ ငယ်တဲ့ ကောင်လေးရဲ့ အသံမျိုးဆိုပါစို့။ ဒါပေမဲ့ အဲဒီနောက် ကြားကာလာကျတော့ အသံဟာ ကိုယ်ရဲ့ သက်သေခံချက်လို ဖြစ်လာတတ်တယ်။ အများအားဖြင့် အမျိုးသားက လူပျိုဖြစ်စမှာ အတော်ကလေး ပြောင်းတတ်တယ်။ အမျိုးသမီး အသံတွေ ကျတော့၊ ကိုယ်ဝန်ရှိတိုင်းနဲ့ သွေးဆုံးချိန်မှာ ကြီးမားစွာ ပြောင်းလဲတတ်တယ်။ အဲဒီလို အသံ အမျိုးမျိုးကို သူများနဲ့ စကားပြောရာတွင် ခင်ဗျားတို့ ကြားရတာပါ။ အဲဒါတောင် ကျွန်မတို့ဟာ အသံကို ဘာဖြစ်လို့ ကောင်းကောင်း မသိကြသေးတာလဲ။ ကိုယ်က ကြားနေကြရတာက အဲဒီအသံမျိုး မဟုတ်တာ ဘာကြောင့်လဲ။ အဲဒါကို လေ့လာကြရအောင်။ ကိုယ်က မျက်နှာဖုံးကို ဝတ်လိုက်ရင် ကိုယ်က မျက်နှာဖုံးကို မမြင်နိုင်ဘူး။ ကိုယ်က မျက်နှာဖုံးကို ကြည့်ဖို့ကြိုးစားရင် ၎င်းရဲ့ အတွင်းပိုင်းကိုသာ မြင်နိုင်တယ်။ ပြီးတော့ အဲဒါက ခင်ဗျားတို့ရဲ့ ဝင်သံ ဖြစ်တယ်။ ဒီတော့ ကြားရတဲ့ အသံ တမျိုးဖြစ်နေတာကို နားလည်ဖို့အတွက်၊ အဲဒီဝင်သံအား သိရှိခံစားရမှု ယန္တရားကို နားလည်ရန် ကြိုးစားရပါမယ်။ ခင်ဗျားတို့ရဲ့ ခန္ဓာထဲမှာ အဲဒါကို ထွက်သံနဲ့ ခွဲခြားပစ်ဖို့ နည်းလမ်းတွေ အမျိုးမျိုး သုံးလို့ပါ။ အဲဒီအသံကို သိရှိနားလည်ဖို့အတွက် အသံဟာ ခင်ဗျားတို့ နားဆီကို သွားရပါမယ်။ ထွက်သံဟာ လေကို ဖြတ်လျက် လာရပြီး ကိုယ့် ဝင်သံကျတော့ ကိုယ့်အရိုးတွေမှ ဖြတ်ပြီး လာရပါတယ်။ အဲဒါကို အရိုးမှ ပို့ပေးသံလို့ ခေါ်ပါတယ်။ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ ဝင်သံကို ကြားရပုံဟာ အသံ နည်းနည်းနိမ့်ပါမယ်၊ ပြီးတော့ ထွက်သံနဲ့စာရင် ဂီတသဘောအရ ပိုပြီးဂီတသဟဇာဖြစ်မှာပါ။ အဲဒီအသံ လျှောက်လာလျက် အတွင်းပိုင်း နားဆီကို ချဉ်းကပ်မယ်။ အဲဒီမှာ နောက်ယန္တရား တစ်ခု ဝင်ပြီး တာဝန်ယူလာပါမယ်။ အဲဒါဟာ စက်မှုဆန်ခါနဲ့ တူတယ်၊ ခင်ဗျားတို့ရဲ့ အတွင်းပိုင်းနားကို ကာကွယ်ပေးတဲ့ အကန့်လေးပါ၊ ခင်ဗျားတို့က အသံတစ်ခုခုကို ထုတ်လုပ်တိုင်း ကာကွယ်ပေးတယ်။ အဲဒီလိုနည်းဖြင့် ကြားရတာကိုလည်း တိုးတိုးလေး ကြားရစေမယ်။ ပြီးတော့ အဲဒီမှာ တတိယဖြစ်တဲ့ ဇီဝဆန်ခါ ရှိသေးတယ်။ ခင်ဗျားတို့ရဲ့ cochlea ခေါ် အသံကို စီမံ ပေးတဲ့ အတွင်းပိုင်း နားထဲက အပိုင်းဖြစ်ပြီး သက်ရှိ ဆဲလ်တွေနဲ့ ပြုလုပ်ထားတယ်။ အဲဒီ ဇီဝဆဲလ်တွေဟာ အသံကို သူတို့ ကြားရပုံ ကြိမ်ရေကို လိုက်ပြီး လုပ်ပုံလုပ်နည်းက မတူ ကွဲပြားပါလိမ့်မယ်။ အဲဒါဟာ အလေ့အထ သဘောမျိုးပါ။ အဲဒါရဲ့ ကျေးဇူးကြောင့်၊ ခင်ဗျားတို့ဟာ ကိုယ့်အသံကို တသက်လုံး အများဆုံး ကြားရပေမဲ့၊ လက်တွေ့မှာကျတော့ အခြားအသံတွေထက် လျော့ပြီး ကြားရတာပါ။ နောက်ဆုံး စတုတ္ထ ဆန်ခါ ရှိပါသေးတယ်။ အဲဒါက အာရုံကြောတွေရဲ့ ဆန်ခါပါ။ အာရုံကြောပညာရှင်တွေ မကြာသေးမီကမှ တွေ့လိုက်ကြတာက ခင်ဗျားက အသံထွက်ဖို့ ပါးစပ်ကို ဖွင့်ဟလိုက်တာနဲ့၊ ခင်ဗျားတို့ရဲ့ အသံဆိုင်ရာ အာရုံကြောဟာ ပိတ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ခင်ဗျားက ခင်ဗျားရဲ့ အသံကို ကြားရပေမဲ့၊ ခင်ဗျားတို့ရဲ့ ဦးနှောက်ကျတော့ ကိုယ်ပြောလိုက်တာရဲ့ အသံကို မကြားရဘူး။ ဆင့်ကဲဖွံ့ဖြိုးမှု သဘောအရ အဲဒါကို နားလည်ရနိုင်ပါတယ်၊ ခင်ဗျားတို့ ပြောမယ့်စကားတွေကို ခင်ဗျားက သိရှိထားတော့ အဲဒီလို အသံကို နားထောင် ဆန်းစစ်ဖို့ အားထုတ် နေစရာ မလိုဘူးပေါ့။ အဲဒါကို ကြောင်းကျိုး စေ့ဆော်မှုလို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းအတွက် စေ့ဆော်ပေးတာမျိုးပါ။ ကြောင်းကျိုး စေ့ဆော်မှုရဲ့ အဓိပ္ပါယ် အတိအကျက ဦးနှောက်မှ စေလွှတ်ပေးလိုက်တဲ့ လှုပ်ရှားရန် အမိန့်ရဲ့ မိတ္တူပါပဲ။ အဲဒီမိတ္တူဟာ လှုပ်ရှားမှုကိုယ်၌ကို ဖန်တီးမယ့်အစား ဦးနှောက်ရဲ့ အခြားနေရာတွေဆီကို ပို့ပေးလျက် ဖြစ်အံ့ဆဲဆဲ လှုပ်ရှားမှုကို အသိပေးဖို့ပါ။ အသံအတွက်ကျတော့ အဲဒီလို ကြောင်းကျိုး စေ့ဆော်မှု အမည်ဟာ တမျိုးပါ။ ကိုယ့်ရဲ့ အတွင်းသံပါ။ ဒီတော့ ထပ်ပြီး ပြောပါဦးမယ်။ ကျွန်ုပ်တို့ဆီမှာ ထွက်သံဆိုတဲ့ မျက်နှာဖုံး ရှိတယ်၊ မျက်နှာဖုံး အတွင်းပိုင်းမှာကျတော့ ဝင်သံပါ၊ ပြီးတော့ ကျွန်မတို့မှာ ကိုယ့်အတွင်းသံ ရှိသေးတယ်။ ဒါကို ကျွန်မက ရုပ်သေး ဆရာပုံစံမျိုးနဲ့ မြင်စေချင်ပါတယ်၊ စနစ် တခုလုံးရဲ့ ကြိုးတွေ အားလုံးကို ကိုင်ထားသူပါ။ အတွင်းသံ ဆိုတာက စာကို တိတ်ဆိတ်စွာ ဖတ်နေတုန်း ကြားရတဲ့ အသံပါ၊ အရေးကြီးတဲ့ ဆွေးနွေးစရာ အကြောင်းကို လေ့ကျင့်နေတဲ့ အချိန်မှာ ကြားရတာပါ။ တခါတရံမှာ အဲဒါကို ပိတ်ချဖို့ မလွယ်ဘူး။ ကိုယ့်မိခင်ဘာသာနဲ့ ရေးထားတဲ့ စာကို အဲဒီ အတွင်းသံ မပါနဲ့ဘဲ ဖတ်ဖို့ မလွယ် ဖြစ်တတ်ပါတယ်။ အမှတ်တမဲ့ ကိုယ်ကြားလိုက်ရတဲ့ သီချင်းကို မဆိုချင်တောင် ထပ်တလဲလဲ ဆိုမိတဲ့ အသံလည်း ဖြစ်တယ်။ (ရယ်သံများ) တချို့သူတွေဆိုရင် အဲဒီအသံကို လုံးဝကို မထိန်းချုပ်နိုင်ကြပါဘူး။ စိတ်ကစဉ့်ကလျား ရောဂါရှိသူတွေ ဖြစ်တတ်ကြတယ်၊ သူတို့ဟာ အသံတွေကို တချိန်လုံး ကြားနိုင်ကြတယ်။ သူတို့ဟာ အတွင်းမှ လာတဲ့ အသံတွေနဲ့ အပြင်မှ လာတဲ့ အသံတွေကို သူတို့ ခေါင်းထဲမှာ ခွဲဝေ မရတတ်ကြပါ။ ဒါကြောင့် ကျွန်မတို့ ဓာတ်ခွဲခန်းမှာ၊ အဲဒီလို သူတွေအတွက် အသံဟာ အတွင်းသံလား၊ အပြင်မှ အသံလား ခွဲခြားရာတွင် ကူပေးကြမယ့် ကိရိယာလေးတွေကို တီထွင်ဖို့ အားထုတ်နေကြတယ်။ ဒီနေရာမှာ အတွင်းသံနဲ့ အိပ်မက်ထဲ ကြားရတဲ့ အသံအကြောင်းကိုလည်း စဉ်းစားသင့်တယ်။ အတွင်းသံဟာ ပုံစံအမျိုးမျိုးနဲ့ ရှိုနိုင်ပါတယ်။ အိပ်မက်ထဲမှာ ကျွန်မတို့ဟာ အဲဒီအတွင်းသံ အတွက် တံခါးဖွင့်ပေးသလိုပါ။ အဲဒါဟာလည်း ကျွန်မတို့ ဓာတ်ခွဲခန်းရဲ့ နောက် အလုပ်တခုပါ- အိပ်မက်ထဲက အတွင်းသံကို ရယူဖို့ ကြိးစားနေကြတယ်။ ကိုယ်က အတွင်းသံကို မထိန်းချုပ်နိုင်ပေမဲ့-- ကိုယ်က ၎င်းကို တွဲခေါ်သုံးနိုင်ပါတယ်၊ ဆွေးနွေးမှုမှ၊ အတွင်းပိုင်း ဆွေးနွေးမှုများနဲ့ပါ။ အဲဒီ အတွင်းသံဟာ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်တွေ အကြားက ပျောက်နေတဲ့ ချိတ်ဆက်မှု ဖြစ်တာကို မြင်လို့ ရနိုင်တယ်။ ဒီတော့ ခင်ဗျားတို့ရဲ့ အသံမျိုးစုံကို ပြီးတော့ ခင်ဗျားတို့ရဲ့ အပြင်သံ၊ အတွင်းသံ များရဲ့ အခန်းကဏ္ဍကို ပုံစံအသစ်ဖြင့် နားလည်နိုင်အောင် ကျွန်မ ကူပေးခဲ့တယ်လို့ မျှော်လင့်ချင်ပါတယ်- အသံဟာ ခင်ဗျားတို့အား လူသားရယ်လို့ ဖြစ်လာစေဖို့နဲ့ ကမ္ဘာကြီးနဲ့ တုံ့ပြန် ဆက်သွယ်ဖို့ အရေးကြီးဆုံး အဆုံးအဖြတ်ပေးတဲ့ အရာမို့လို့ပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)