အသက် ၃၆နှစ် ရှိပြီဖြစ်တဲ့ Yana Savchck ဟာ
ရုရှား ဆံသ ဆရာမဖြစ်ပြီး
မော်စကိုမြို့ နဲ့ ကီလိုမီတာ ၄၀၀ ဝေးတဲ့
Oryol ဆိုတဲ့ မြို့လေးမှာ နေပါတယ်။
သူ့ကို တကယ်မချစ်တဲ့
လူတစ်ယောက်နဲ့ တွဲခဲ့ပြီး
အဲ့လူက သူ့ကို ရိုက်နှက်ရုံမက
သတ်ပစ်ဖို့အထိ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ Yana တစ်ယောက် အသက် မသေခဲ့ပါဘူး။
နိုဝင်ဘာလလောက်မှာ ရဲတွေဆီ ဖုန်းခေါ်ပြီး
ယောင်္ကျားဖြစ်သူက သူ့ကို သတ်ဖို့
လုပ်တာကို ပြောပြတဲ့အခါ
မျက်ရည်စက်လက်နဲ့ အကူအညီတောင်းတဲ့ သူ့ကို
ရဲတွေက အရေးတယူ မလုပ်ခဲ့ပါဘူး။
ရဲက"မပူပါနဲ့၊နင် အသတ်ခံရရင် ငါတို့လာပြီး
နင့်အလောင်းကို လာစစ်မှာပါ"လို့ပြောခဲ့တာကို
Yana က ဖုန်းထဲမှာ အသံဖမ်းထားခဲ့ပါတယ်။
နောက်မိနစ် ၄၀ အကြာမှာတော့ Yana တကယ်
သေဆုံးသွားပါတယ်
ရဲတွေ မဖမ်းပေးခဲ့တဲ့ သူ့ယောင်္ကျား
ရိုက်တဲ့ ဒဏ်ရာတွေကြောင့်ပါ။
ကျွန်မဟာ ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေ၊
အမျိုးသမီးတွေ
အနိုင်ကျင့်သတ်ဖြတ်ခံရတာတွေကို ကြားတိုင်း
တုန်လှုပ်ခြောက်ခြားမိပါတယ်။
မူလတန်းနောက်ဆုံးနှစ်တုန်းက အဖြစ်အပျက်ကို
မှတ်မိသေးတယ်၊
ကျွန်မနေက မြို့ခပ်ကြီးကြီးမှာနေတော့
သူငယ်ချင်းတချို့က သူတို့အိမ်ကို
အဖော်မပါဘဲ တစ်ယောက်တည်းပြန်ကြတယ်။
အဲ့သူငယ်ချင်းထဲက တယောက်ကိုတော့
သူ့အမေက ပေးမပြန်ဘူး။ ဘာလို့လဲဆိုတော့
ကျွန်မတို့ထက် ၂နှစ်ပဲကြီးတဲ့ ကောင်မလေးဟာ
အားကစားရုံကနေ အိမ်ပြန်လမ်းမှာ
အသတ်ခံရတဲ့အကြောင်းကို
သူ့အမေ ကြားဖူးလို့ပဲ။
အီတလီတောင်ပိုင်းက ရွာငယ်လေးမှာ
နေတဲ့ အသက် ၉၀ အရွယ်
Fortunata အကြောင်းလည်းမှတ်မိသေးတယ်။
အမြဲရိုက်နှက်တတ်တဲ့ သူ့ယောင်္ကျားကို
အပြစ် တစ်စုံတစ်ရာ မယူဘဲ
သူ့သားသမီးတွေက လမ်းခွဲဖို့
ပြောနေတဲ့ကြားထဲက
သူကတော့ လက်ထပ်ပြီး နှစ်၇၀ကြာတဲ့အထိ
သည်းခံပြီး နေခဲ့ပါတယ်။
ဒီလိုအဖြစ်တွေကို ကျွန်မကြားရတဲ့အခါ
ပထမဆုံး နားလည်လိုက်တာက အမှန်တရား ဆိုတာ
ကျွန်မ မျှော်လင့်ထားသလို မဟုတ်ဘူးဆိုတာနဲ့
မိဘ၊ ဆရာသမားတွေ ယုံကြည်ထားတဲ့
ကျား၊မ တန်းတူညီမျှမှုဟာ
လက်တွေ့မှာ အမှန်တကယ် မရှိဘူး ဆိုတာပါပဲ။
နောက်ပြီး အနှိပ်စက်ခံရတဲ့သူဟာ အကူအညီရော
ကာကွယ်မှုပါ အမြဲလိုလို ရလေ့မရှိပါဘူး။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
သတင်းစာရဲ့ ခေါင်းကြီးပိုင်းတွေ ဖတ်ရင်းကနေ
ကမ္ဘာပေါ်က နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့
ဒီ ပြဿနာကို ဖတ်မိလိုက်ပါတယ်။
အကြမ်းဖက်မှုဆိုင်ရာ မူဝါဒလေ့လာရေးစင်တာက
သတင်းအရ USAမှာ တစ်ရက်ကို အမျိုးသမီး ၃ဦးဟာ
ရင်းနှီးသူတွေရဲ့သတ်ဖြတ်ခြင်းကို ခံနေရပါတယ်
ပါကစ္စတန်လိုနေရာမျိုးမှာတော့ ဒီကိစ္စတွေဟာ
ရိုးတောင် ရိုးနေပါပြီ။
ဒီဆောင်းပါးတွေကတဆင့် ဥပဒေတောင်မှ
ဒီလို ထိတ်လန့်စရာ အခြေအနေတွေမှာ
တရားမျှတမှုရအောင် မလုပ်နိုင်ဘူးဆိုတာ
ကျွန်မ နားလည်သဘောပေါက်လာပါတယ်။
Duma လူမှုကာကွယ်ရေးကော်မတီရဲ့ သတင်းအရ
ရုရှားမှာ ၂၀၀၉ ခုနှစ်အတွင်း
အနည်းဆုံး အမျိုးသမီး ၁၄၀၀၀ လောက်ဟာ
အိမ်တွင်းအကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံး
နေရတာကို သိလိုက်ရတော့ ကျွန်မ
ထိတ်လန့် တုန်လှုပ်မိပါတယ်။
ရုရှားနိုင်ငံဝန်ကြီးဌာနရဲ့ တရားဝင် သတင်း
ထုတ်ပြန်ချက်အရ ၂၀၁၅ခုနှစ်မှာ
လူ ၄ သန်းလောက်ဟာ အနိုင်ကျင့်
ညှင်းပန်းနှိပ်စက်ခံနေရပါတယ်။
ဒီစာရင်းအချက်အလက်တွေဟာ တိုင်ကြားသလောက်သာ
ရထားတာမို့ အကုန်မဟုတ်သေးပါဘူး၊
ဘာလို့လဲဆိုတော့ ဒီလိုအကြမ်းဖက်ခံရမှုတွေက
လွတ်မြောက်သူ ၉၀%လောက်ဟာ
ရဲတွေဆီ တိုင်ကြားတာမျိုး မလုပ်ကြပါဘူး။
ဒီလိုမြင့်တက်လာတဲ့
အကြမ်းဖက် အနိုင်ကျင့်မှုတွေကို
ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တဲ့ဥပဒေတွေ
ရှိလာပြီလို့ ထင်နေကြတယ်မလား
တကယ့်လက်တွေ့မှာတော့ အဲ့လို မဟုတ်ပါဘူး
၂၀၁၆မှာ ဒီလိုအနိုင်ကျင့်နှိပ်စက်မှုတွေကို
ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခဲ့ပါတယ်။
၂၀၁၇မှာတော့ လွှတ်တော်ရဲ့ အများစု
သဘောတူညီချက်အရ
ဥပဒေ အသစ် တစ်ခု ပြဌာန်းခဲ့ပါတယ်။
ဥပဒေအသစ်အရ ပြစ်မှုကျူးလွန်သူကို
ပထမအကြိမ်ဆိုရင် ဒဏ်ငွေချပါတယ်၊
ဒုတိယအကြိမ်ဆိုရင်တော့ ရာဇဝတ်မှုလို့
သတ်မှတ်ပြီး ပြစ်ဒဏ်ပေးပါတယ်၊
ဒါပေမဲ့ အလွန်ဆုံး ထောင်ဒဏ် ၁ နှစ်ပါပဲ။
ဆိုလိုတာကတော့
ယနေ့ ရုရှားအမျိုးသားတွေဟာ
သူတို့ဇနီးတွေကို ရာဇဝတ်မှု မမြောက်ဘဲ
တစ်နှစ်တစ်ခါ ရိုက်ခွင့်ရှိနေသလိုပါပဲ။
ပိုဆိုးတာကတော့
Orthodox Churchကျောင်းနဲ့ကွန်ဆာဗေးတစ်တွေက
ဒီဥပဒေဟာ ထုံးတမ်းစဥ်လာအရ ရှိနေတဲ့
မိသားစုရဲ့တန်ဖိုးထားမှုတွေကို ထိန်းသိမ်း
ပေးမဲ့ အရာဆိုပြီး ထောက်ခံကြတာပါပဲ။
ဒီဥပဒေအကြောင်း ပထမဆုံးကြားမိတဲ့အချိန်မှာ
ကျွန်မမှာ ရွေးစရာ ၂ လမ်းရှိတယ်။
၁။ဘာမှမဖြစ်သလိုသဘောထားပြီး လျစ်လျူရှူလိုက်
၂။အရေးတယူပြုပြီး သိအောင်လုပ်။
တခြားတိုင်းပြည်၊ တခြားပတ်ဝန်းကျင်မှာ
ကျွန်မ နေ နေပေမဲ့
ဒီအမျိုးသမီးတွေနဲ့ တစ်ခါမှမတွေ့ဘူးပေမဲ့
သူတို့ရဲ့အကြောက်တရားတရားတွေ
သူတို့ရဲ့ဇာတ်လမ်းတွေကို
ကျွန်မ ပြန်ဝေမျှလေ့ရှိပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်မကိုယ်တိုင် ဖြစ်သလို
ခံစားမိလို့ပါပဲ။
ဒါ့ကြောင့် ဒီကိစ္စကို ဆက်လုပ်ဖို့
ဆုံးဖြတ်ခဲ့တယ်။
ရုရှားမှာ ဖြစ်ပျက်နေတဲ့
ဒီအဖြစ်ဆိုးတွေရဲ့ အဓိကဇာတ်မြစ်ကဘာလဲ
ကျွန်မ(သို့)ကျွန်မနိုင်ငံက ဘာကြောင့်
ဒီကိစ္စတွေမှာပတ်သတ်နေရတာလဲ
သမ္မတပူတင်ရဲ့ ၃ကြိမ်မြောက် သမ္မတသက်တမ်းမှာ
ဒီအနိုင်ကျင့်နှိပ်စက်မှုတွေကို
ဖြစ်ရိုးဖြစ်စဉ် ကိစ္စလို့ အာဏာပိုင်တွေက
အမှန်တရားကို မျက်ကွယ်ပြုကြကြောင်း
The Economist သတင်းစာက
၂၀၁၇မှာ ရေးသားဖော်ပြခဲ့ပါတယ်။
လူတစ်ယောက်စီရဲ့ ရပိုင်ခွင့်ကို အသိအမှတ်ပြု
လက်ခံတဲ့ လစ်ဘရယ်အယူအဆအပေါ် ရုရှားအများစုက
သဘောတူလက်ခံပေမဲ့ အချို့ကတော့
ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။
ဒီအဖြစ်အပျက်တွေဟာ ဒီမိုကရေစီစနစ်
မခိုင်မာသေးတဲ့ နိုင်ငံတွေနဲ့
ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထား
ထိန်းသိမ်းကြောင်း
အနောက်ဒီမိုကရေစီနိုင်ငံတွေကို
မျက်နှာလုပ်ချင်တဲ့ အာဏာရှင်
ခေါင်းဆောင်ရှိတဲ့ နိုင်ငံတွေမှာ
ဖြစ်ပွားလာပြီး
အခုဆို ရေစီးကြောင်းတစ်ခုလိုခေတ်စားနေပါပြီ။
ဥပဒေပြဌာန်းပြီးနောက်မှာတော့
အကြမ်းဖက်မှုပြဿနာတွေ သိသိသာသာ
လျော့နည်းလာပါတယ်။
ကနေ့မှာတော့ ပိုပြီးခက်ခဲတာကတော့
အကြမ်းဖက်တဲ့ ယောင်္ကျားကို မိန်းမဖြစ်သူက
ရဲတိုင်ရင် ရဲက ခံရတဲ့အမျိုးသမီးကို
အပြစ်တင်ကြပြီး လျစ်လျူရှုတာမျိုး
လုံးဝမကူညီတာမျိုးတွေ
ရှိပါတယ်။
ကူညီမယ်ဆိုရင်တောင် ဥပဒေက
ခက်ခဲအောင် ဟန့်တားထားတာမျိုး ရှိပါတယ်။
မိန်းမဖြစ်သူက အကြမ်းဖက်နှိပ်စက်မှု
အကြောင်း ရဲကိုတိုင်ပြီးရင်
ဒဏ်ငွေပိုက်ဆံကို မိန်းမကပေးဖို့ယောင်္ကျားက
အကျပ်ကိုင်ကောင်း ကိုင်နိုင်ပါသေးတယ်။
Anna အကြမ်းဖက်မှုလေ့လာရေးစင်တာက
အချက်အလက်တွေအရ
တစ်ဖက်မှာတော့ တိုင်တန်းမှုတွေကျဆင်းနေပေမဲ့
အခြားတဖက်မှာတော့
အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေဟာ
ဆက်တိုက် မြင့်တက်လာပါတယ်။
ဒါ့ကြောင့် ဒီဥပဒေဟာ တကယ့်လက်တွေ့အခြေအနေကို
ဖုံးဖိထားသလို ဖြစ်နေပါတယ်။
ဒါဆိုကျွန်မလို ရုရှားမိန်းကလေးတစ်ယောက်
အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရပြီဆိုရင်
ကျွန်မ လုံခြုံအောင် ဘာလုပ်ရမလဲ။
ပထမဆုံး အနေနဲ့ ရဲစခန်းကို တစ်ခါမက
ဖုန်းဆက်ပြီး ကျွန်မကို တန်းပြီး
အပြစ်တင်တာမျိုးမလုပ်တဲ့ တစ်ယောက်ယောက်ကို
အကြမ်းဖက်မှုအကြောင်း
ပြောပြပြီး တိုင်တန်းမယ်။
အဲ့နောက် ကျွန်မယောင်္ကျားကကျွန်မပိုက်ဆံနဲ့
ဒဏ်ငွေဆောင်ဖို့ တွန်းအားပေးမယ်၊
အဲ့တော့ ကျွန်မကို အပြစ်တင်ပြောဆိုမဲ့သူနဲ့
မကြုံပါစေနဲ့လို့ဆုတောင်းပြီး
ရဲစခန်းကို ဖုန်းထပ်ခေါ်
ဒဏ်ငွေအကြောင်းရှင်းပြပေါ့။
ဒုတိယအကြိမ် အကြမ်းဖက်နှိပ်စက်ခံရပြီဆိုရင်
ရဲကို ဖုန်းခေါ်ပြီး ထပ်တိုင်
ကျွန်မယောင်္ကျား အဖမ်းခံရမယ်၊
နောက်တော့ ထောင်ထဲကနေ ကျွန်မဆီစာတွေပို့ပြီး
သူ ထောင်က လွတ်လွတ်ချင်း ကျွန်မကို
အသေသတ်ပစ်မယ်လို့ ခြိမ်းခြောက်မယ်။
ဒီအဆင့်တွေထဲက အနည်းဆုံးတစ်ဆင့်ကိုပြီးအောင်
လုပ်ဖို့ ဘယ်လောက်ခက်မလဲ စဉ်းစားကြည့်။
အကယ်လို့ ကျွန်မသာ ဒါတွေကြုံမယ်ဆိုရင်
ဒီလိုတွေ လုပ်မယ်လို့ထင်လား ကျွန်မတော့မထင်။
သူငယ်ချင်းတွေကကော အရင်ကကူညီခဲ့သလို
ဒီကိစ္စကို ကူညီမယ်ထင်လား?
ကျွန်မ မသိနိုင်ဘူး၊ဒါပေမဲ့ အဲ့လို မထင်ဘူး။
နောက်တစ်ခုက ဒီလိုဥပဒေမျိုးဟာ အခု၂၀၁၈အထိ
ရှိနေတာကတော့ လူ့အသိုင်းအဝိုင်းရဲ့
ဖွံ့ဖြိုးတိုးတက်မှုဟာ စိတ်မကောင်းစွာနဲ့ပဲ
သိပ္ပံပညာလို တဖြောင့်တည်း ဆင့်ကဲတိုးတက်
ပြောင်းလဲသွားတာမျိုးမဟုတ်ပါဘူး။
လူတွေပြောတဲ့ " ဒါ ၂၀၁၈ ကွ ၂၀၁၈" ဆိုတာကို
ကျွန်မ ခဏခဏ ကြားဖူးပါတယ်။
ဒါပေမဲ့ အဲ့သဘောက ဘာပါလဲ
၂၀၁၈ မှာ နေထိုင်နေကြတဲ့ လူတွေဟာ
လူ့အခွင့်အရေးကို တန်ဖိုးထားရမယ်၊
ခွဲခြားဆက်ဆံမှု မလုပ်ဘဲ အပြန်အလှန်
လေးစားကြပြီး ဆင့်ကဲတိုးတက်တဲ့
လူ့အသိုက်အဝန်းကို တည်ထောင်သင့်တယ်လို့
ထင်ကြလိမ့်မယ်။
အဲ့လိုဖြစ်ပါစေလို့လည်း ကျွန်မမျှော်လင့်တယ်
သိပ္ပံပညာမှာတော့ အသစ်အဆန်းတစ်ခု
တွေ့တာဟာ နောက်ထပ်
ရှာဖွေမှု အသစ်တစ်ခုလုပ်ဖို့အတွက်
အခြေခံပါပဲ။
ဒါပေမဲ့ လူ့အသိုင်းအဝိုင်းကတော့
နောက်ကြောင်းပြန်လှည့်တတ်ပါတယ်။
၁၉ရာစုတုန်းက ပြင်သစ်နဲ့တခြားဥရောပနိုင်ငံ
တွေမှာ ဖြစ်ခဲ့တာမျိုးရှိပါတယ်။
နပိုလီယန်ရဲ့ အာဏာ ဆိတ်သုဉ်းချိန်မှာတော့
များစွာသော အလုပ်ဖြစ်တဲ့ဥပဒေတွေဟာ
မူလအနေအထားကို နောက်ကြောင်းလှည့်
ပြန်ရောက်သွားပါတယ်။
အခု ရုရှားနဲ့ တခြားနေရာတွေမှာ ဒီအတိုင်း
ဖြစ်နေတာပါ။
အကြမ်းဖက်ခံရတဲ့သူတွေဟာ ကိန်းဂဏန်းတွေနဲ့ပဲ
ဖော်ပြခံနေရတာကို ကျွန်မ သည်းမခံနိုင်ပါဘူး။
ဘာလို့လဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့
ကြုံတွေ့ခံစားရသူတွေအတွက်ရည်ရွယ်ပြီး
အနုပညာ ပရောဂျက်တစ်ခုပြုလုပ်ခဲ့တဲ့
Anastasia Potemkinaလို အနုပညာရှင်က ပြောတာက
"ကျွန်မ သူတို့အတွက်ဆိုပြီး ဒါတွေထုတ်ပြော
နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့
သူတို့အတွက် ကိုယ်စားပြုပေးမဲ့သူ ပျောက်ဆုံး
နေတာကတော့ စိုးရိမ်စရာပါပဲ"
ဒီကနေ့ ဒီနေရာမှာ ကျွန်မ ရှိနေတာဟာ
ကမ္ဘာကြီးဟာ ကျွန်မ ယုံကြည်သလိုမဟုတ်ဘူး
ကျွန်မ မိဘတွေ ဆရာသမားတွေ သင်ကြားထားတဲ့
ကမ္ဘာကြီး မဟုတ်ဘူး
YouTube ကလူတွေ ပြောပြလိုသလို မဟုတ်ဘူး
ရုရှား အမျိုးသမီစင်တာ တည်ထောင်သူဖြစ်စေချင်
သလိုမျိုး မဟုတ်လို့ပါပဲ။
ဒီကနေ့ ကျွန်မရဲ့ ဒီစကားတွေဟာ Yana အတွက်၊
Veronica အတွက်၊ Svetlana အတွက်၊
Irina အတွက်၊ နောက် Margaetia အတွက်နဲ့
ထုတ်ပြောခွင့်မရတဲ့ အခြားအခြားသော
အမျိုးသမီးတွေအတွက်ပဲ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။