ကျွန်တော် ပိုင်စ်လေး ခရုကောင်ရဲ့ ပုံပြင်ဖြင့်
ဒီဟောပြောချက်ကို စတင်ပါရစေ။
၁၉၂၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ရဲ့ ညနေမှာ
မေ ဒွန်နိုဟူးဟာ ဂလါဇ်ဂိုးမြို့မှ နေပြီး
အဲဒီမြို့ အရှေ့ဖက်ရှိ ပိုင်စ်လေ မြို့ဆီကို ရထားစီး ထွက်လာခဲ့ရာ၊
အဲဒီက ဝဲလ်မီးဒိုး ကဖေးဆိုင်မှာ၊
သူမကို စကော့ ရေခဲမုန့်၊
ရေခဲမုန့် နဲ့ ဂျင်ဂျားဘီယာ ရောထားတဲ့ သောက်စရာဖြင့်
သူ့မိတ်ဆွေ တယောက်က ဧည့်ခံပါတယ်။
ဂျင်ဂျားဘီယာကို ထိုးဖောက် မြင်မရနိုင်တဲ့ အညိုရောင်ပုလင်းနဲ့ ချပေးထားရာ
"D. Stevenson, Glen Lane, Paisley." ဆိုပြီး တံဆိပ်တပ်ထားပါတယ်။
သူမဟာ အရည်ထဲ ပျော်နေတဲ့ ရေခဲမုန့် အနည်းငယ်ကို သောက်လိုက်တယ်၊
။ါပေမယ့် ကျန်နေသေးတဲ့ ဂျင်ဂျားဘီယာကို
သူ့ဖန်ခွက်ထဲကို ထည့်ပေးလိုက်တဲ့ အခါမှာတော့
သူ့ခွက်ထဲမှာ ပုပ်သိုးနေတဲ့ ခရုကောင်
ပေါလော ပေါ်လာပါတယ်။
အဲဒီနောက် သုံးရက်အကြာမှာ သူမကို
ဂလာဇ်ဂိုး တော်ဝင် ဆေးရုံကို တင်လိုက်ရပါတယ်၊
ပြင်းထန်လှတဲ့ အူရောင်ရမ်းနာ နဲ့ စိတ်ချောက်ချားမှု
ရောဂါဖြင့် တင်ခံလိုက်ရပါတယ်။
အဲဒီနောက်မှာ မြင်ခဲ့ကြရတဲ့ ဒွန်နိုဟူး နဲ့ စတီဗင်ဆန်တို့ရဲ့ အမှုဟာ
ဥပဒေရေးရာဆိုင်ရာ အရေးကြီးတဲ့ အစဉ်အလာ တစ်ရပ်ကို ချမှတ်ပေးခဲ့တယ်။
ဂျင်ဂျားဘီယာကို ထုတ်လုပ်ပေးခဲ့သူ၊ စတီဗင်ဆန်ဟာ၊
မေ ဒွန်ဒွန်နိုဟူးကို စောင့်ရှောက်ပေးရန်
တာဝန်ရှိခဲ့ကြောင်း ချမှတ်ခဲ့ပါတယ်၊
သူတို့နှစ်ဦး အကြားမှာ ဘယ်လို ကန်ထရိုက်စာချုပ် မရှိခဲ့တာတောင်၊
သူမကိုယ်တိုင် အဲဒီ သောက်စရာကို မဝယ်ခဲ့သည့်တိုင်အောင် တာဝန်ရှိခဲ့ပါတယ်။
အဲဒီတူန်းက တရားသူကြီးတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့၊ လော့ အာတ်ကင်က
အဲဒါနဲ့ ပတ်သက်ပြီး ထောက်ပြသွားပုံက
သင်တို့သည် သင့်တို့အိမ်နီးချင်း တစ်ဦးကို ထိခိုက်လာဖွယ်ရာ ရှိတဲ့
လုပ်ရပ်များကို သို့မဟုတ် လစ်ဟင်းချက်များကို ရှောင်ရှားဖို့ လိုအပ်တယ်တဲ့။
တကယ်ပါပဲ၊ စဉ်းစားကြည့်ကြမယ်ဆိုရင်
စတီဗင်ဆန်က သူ့လုပ်ငန်းကို မပိတ်ခဲ့ဘူးဆိုရင်
နောက်ထပ် ပြည်သူ ဘယ်လောက်အထိ အူရောင်ရမ်းနာ ရောဂါ ဖြစ်လာခဲ့ကြလိမ့်မလဲ။
ဒီနေရာမှာ၊ အရေးကြီးတဲ့ အခြေံခံမူ တစ်ရပ်ဖြစ်တာမို့လို့၊
အဲဒီ ပိုင်စ်လေး ခရုကောင် ဖြစ်ရပ်ကို ဆက်လေ့လာရန် လိုပါတယ်။
မနှစ်တုံးက၊ ဟန်စားရ်ဒ် အဖွဲ့ဆိုတဲ့
ပါလီမန် ဒီမိုကရေစီ ခိုင်ခန့်လာရေးကို၊
ပြီးတော့ နိူင်ငံရေးထဲမှာ ပြည်သူတွေ တိုးပြီး ဝင်ပါလာရေးကို ဆောင်ရွက်နေတဲ့ ပါတီစုံ ပရဟိတအဖွဲ့က
အဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာနဲ့အတူ
နိုင်ငံရေးထဲ ပါဝင်လှုပ်ရှားမှုဆိုင်ရာ စစ်တမ်းကို၊
နိုင်ငံရေး နဲ့ မီဒီယာများကိုသာ ရည်စူးထားတဲ့ ဖြည့်စွက် အခန်းကို ထည့်သွင်းတင်ပြခဲ့တယ်။
အဲဒီ စစ်တမ်းထဲက အတော့်ကို စိတ်ပျက်စရာကောင်းတဲ့
လေ့လာတွေ့ရှိချက်တွေကို တင်ပြပါရစေ။
လူပြိန်းကြိုက် သတင်းစာများဟာ
သူတို့ စာဖတ်ပရိသတ်ကြီးရဲ့ နိုင်ငံရေး အသိစိတ်ကို မြှင့်တင်နိုင်ခဲ့ခြင်း မရှိပါ၊
ဘယ်သတင်းစာကိုမှ မဖတ်ကြတဲ့ သူတွေနဲ့တောင်
နှိုင်းယှဉ်ကြည့်ရင် အဲဒီလို တွေ့နိုင်တယ်။
လူပြိန်းကြိုက် သတင်းစာများ ဖတ်ကြသူတို့ဟာ၊
သတင်းစာကို မဖတ်ကြတဲ့ သူတွေနဲ့နှိုင်းစာကြည့်ပါက၊
နိုင်ငံရေးဆိုင်ရာ အဆိုးမြင် ရှုဒေါင့်များကို နှစ်ဆထိတောင်ပိုပြီး သဘောတူနိုင်ပါတယ်။
သူတို့ဟာ နိုင်ငံရေးကို စိတ်ဝင်စားမှု နည်းပါးကြရုံသာမက၊
သူတို့ဟာ နိုင်ငံရေးဆိုင်ရာ သူတို့ရဲ့ အဆိုးမြင်မှုများကို
အားပေးနေကြတဲ့ မီဒီယာတွေကို သုံးစွဲနေခြင်းဖြင့်
ဒီမိုကရေစီဆိုင်ရာ ကံသာပဓာန စိတ်ကို၊
ပြီးတော့ သံသယဝင်စိတ်တွေကို ဖြန့်ဖြူးသလို ဖြစ်နေပါတယ်။
အဲဒီ အစီရင်ခံစာရဲ့ ကောက်နှုတ်ချက်ဟာ အံ့အားသင့်စရာပါပဲ။
စာနယ်ဇင်းတွေ၊ အထူးသဖြင့် လူပြိန်းကြိုက် သတင်းစာတွေဟာ၊
ဒီမိုကရေစီ အရေးတော်ပုံထဲက အရေးပါတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို
ဖြည့်ဆည်းပေးနိုင်ကြပုံ မရပါဘူး။
ဒီခန်းမကြီးထဲက တယောက်ယောက်က
အဲဒီလို ရှုဒေါင့်ကို လေးလေးနက်နက် ချေပနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဟန်စားရ်ဒ် အဖွဲ့ကသာ မှန်တယ်ဆိုရင်၊ အများအားဖြင့် သူတို့ မှန်တတ်ကြပါတယ်၊
ကျွန်တော်တို့ဆီမှာ တကယ့်ကို ရင်လေးဖွယ်ရာ ပြဿနာကြီး ရှိနေပါပြီ၊
အဲဒီအကြောင်းကိုမှ လာမယ့် ၁၀ မိနစ်အတွင်းမယ်
ကျွန်တော် အလေးထားပြီး ပြောချင်ပါတယ်။
အထက်ပါ ပိုက်စလေး ခရုကောင်ရဲ့ နောက်မှာ
အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ
စဉ်းစား တွေးခေါ်ပုံဟာ အတော့်ကို တိုးတက်ပြောင်းလဲလာခဲ့ပါတယ်
စောင့်ရှောက်မှု တာဝန်နဲ့ပတ်သက်တာကို ဆိုလိုပါတာယ်
အဲဒါဟာ အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ မျက်နှာစာ တသီကြီးနဲ့ သက်ဆိုင်နေလို့ပါ။
ယေဘူယျအားဖြင့်၊ လူပုဂ္ဂိုလ် တစ်ယောက် သို့မဟုတ် လူတစ်စုက
လုပ်ကိုင်နေတဲ့ လုပ်ငန်းဆောင်တာဟာ အခြားသူတို့အား ထိခိုက်နစ်နာစေနိုင်တဲ့
အလားအလာ၊ ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ သို့မဟုတ် စီးပွားရေးအရ ရှိနေပါက၊
စောင့်ရှောက်ပေးမှုဆိုင်ရာ တာဝန်ဆိုတာ ပေါ်ပေါက်လာတတ်ပါတယ်။
အဲဒါကို ကျွန်တော်တို့ဟာ အခြေခံသဘောအရကိုက
ကလေးငယ်များ နဲ့ လူငယ်များအားဆိုင်ရာ၊ ဝန်ဆောင်ပေးကြတဲ့ ဝန်ထမ်းများဆိုင်ရာ။
အသက်ကြီးရင့်ကြသူများ နဲ့ ချိနဲ့ကြသူများဆိုင်ရာ မျက်နှာစာများ ဖြစ်ကြတာ ထင်ရှားပါတယ်။
ဒါတွေကို ကျွန်တော်တို့ဟာ တိုးချဲ့ကျင့်သုံးပြီး
ကျွန်တော်တို့ရဲ့ အစိုးရစနစ်ရဲ့ အားနည်းချက်တွေကို၎င်း၊
ဒီမိုကရေစီ အရေးတော်ထဲမှာ သိရှိနားလည် ယုံကြည်စိတ်ဖြင့်
ပြည်သူတို့ ပါဝင်လာရေးကို ထူထောင် တည်ဆောက်ရာမှာ
ရိုးသားမှု၊ တိကျမှု နှင့် ဘက်မလိုက်မှုတို့ကို ရည်စူးလျက်၎င်း၊
လုပ်ဆောင်ရန် တန်းတူ အရေးကြီးလှပါတယ်။
ပြီးတော့ ဒီအကြောင်းကို ပိုပိုစဉ်းစားလေလေ၊
ပိုပိုပြီး နားလည်မရ ဖြစ်လာလေလေ ပါပဲ။
လွန်ခဲ့တဲ့ နှစ်နှစ်တုံးက ကျွန်တော်ဟာ
အင်္ဂလန် အနောက်မြောက်ပိုင်းမှာ အသစ်စက်စက် ကျောင်းတစ်ကျောင်း
ဖွင့်ပွဲထဲမှာ ဝမ်းသာစွာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
ကျောင်းသားတွေဟာ အဲဒီကျောင်းကို အကယ်ဒမီ ၃၆၀ ဆိုပြီး နာမည်ပြောင်းပြီး ပေးခဲ့ကြပါတယ်။
တကယ့်ကို အားရစရာ ကောင်းတဲ့
မှန်တွေနဲ့ ဝိုင်းအုပ်ထားတဲ့ ခန်းမကြီးက ကျွန်တော်ရဲ့ ရှေ့မှာ
နံရံပေါ်မှာကျတော့
မီးတောက်နေတဲ့ စာလုံးတွေနဲ့ပေါ့။
မားကာစ် ဩရေးလီအူစ်ရဲ့ နာမည်ကြီး စာတမ်းကို ကမ္မည်းထိုးပါတယ်၊
"မဟုတ်တာကို မပြောနဲ့၊"
"မမှန်တာကို မပြောနဲ့။"
ကျောင်းအုပ်ကြီးက ကျွန်တော် အဲဒီလို ငေးကြည့်နေတာကို
သတိထားမိလို့၊ "အို အဲဒါ ကျွန်တော်တို့ ကျောင်းရဲ့ ဆောင်ပုဒ်ပဲ။"
လန်ဒန်ကို အပြန် မီးရထားပေါ်မှာ
ကျွန်တော့် ဦးနှောက်ထဲမှာ အဲဒါကို မေ့မရနိုင်ခဲ့ပါ။
နှစ်ပေါင်း ၂၀၀၀ ကျော်လွန်လာခဲ့တဲ့ နောက်မှာတောင်
ကျွန်တော်တို့ဟာ ကျွန်တော်တို့အားလုံး
တစ်ယောက်က တစ်ယောက်ဆီက နေပြီး မျှော်လင့်နိုင်တာ အတွက်
မှတ်ယူရမယ့် အချက်ဟာ အဲဒီလောက်ကို နည်းလှပါကလား။
ဒီတော့ စောင့်ရှောက်မှု တာဝန်ဆိုင်ရာ အဲဒီလို ယူဆချက်ကို
တိုးတက်ပြုစုပေးပြီး ကျွန်တော်တို့ အားလုံး မျှဝေ သုံးနေကြရကာ
တချိန်တည်းမှာ ပိုပို အန္တရာယ်များ ရင်ဆိုင်လာနေရတဲ့
ဒီမိုကရေစီ အနှစ်သာရများဆီကိုပါ တိုးချဲ့စောင့်ရှောက်ပေးရမယ့် အချိန် ကျွန်တော်တို့ ရောက်လာကြပါပြီ။
တကယ်တော့၊ အသက်မွေးမှု လုပ်ငန်းအမျိုးမျိုးထဲမှာ
စောင့်ရှောက်မှုဆိုင်ရာ တာဝန်ကို နားမလည်ကြခြင်းဟာ
ဖြစ်ကတတ်ဆန်း လုပ်နေကြတယ်ဆိုပြီး အလွယ်တကူ စွပ်စွဲစရာ ဖြစ်လာန်ုိင်ပြီး
ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့ အမှုမှာလိုပဲ
ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီး လိုအပ်လှကြတဲ့
အနှစ်သာရတွေကိုတောင်မှ ကျွန်တော်တို့ဟာ
ဂရုမစိုက်ကြသလို ဖြစ်နေပါတယ်။
တစ်ယောက်ယောက်က၊ အထောက်အထားတွေနဲ့အတူ၊
ဟန်စားရ်ဒ် အဖွဲ့က ရစရာမရှိအောင် ရှုတ်ချထားတဲ့ မီဒီယာတွေဟာ
ကျွန်တော်တို့ရဲ့ အမွေရ ခံစားနေကြရတဲ့ ထိခိုက်ပျက်စီးလွယ်တဲ့
ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေကို ထိုးနှက်နိုင်တဲ့
သို့မဟုတ် ပျက်ပြားထိပါးနိုင်စေတဲ့ အရာများကို ရှောင်ရှားဖို့အတွက်
အရေးယူ လုပ်ဆောင်ခဲ့ကြတာကို ထောက်ပြနိုင်ပါသလား။
ဒီလိုပြောလိုက်လို့ ဒီလို ပြောဆိုမှုတွေဟာ
လွယ်လွယ်နဲ့ ဆင်ဆာလုပ်ရေးဆီကို၊
တနည်း မိမိကိုမိမိ ဆင်ဆာလုပ်ရေးဆီကို ဆိုက်ရောက်လာမယ်လို့ ဆင်ခြေပေးနိုင်ကြပါတယ်၊
ကျွန်တော်ကတော့ အဲဒါမျိုးကို လက်မခံပါ။
တကယ်တော့ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ကို
ပိုပြီးကျယ်ပြန့်တဲ့ စိတ်ဓါတ်ရေး နဲ့ လူမှုရေး တာဝန်တွေနဲ့
ချိန်ခွင်လျှာ မျှတအောင် လုပ်နိုင်ကြရပါမယ်။
ဘာကြောင့်လဲ ဆိုတာကို ကျွန်တော်ဟာ
ရုပ်ရှင်ထုတ်လုပ်ရေး ကျွန်တော့်ကိုယ်တိုင်ရဲ့ သာဓကဖြင့် ရှင်းပြပါရစေ။
ကျွန်တော်ဟာ အဲဒီလို အသက်မွေး လုပ်ကိုင်ရာမှာ
ရုပ်ရှင်ထုတ်လုပ်လိုသူဟာ သူရဲ့ အလုပ်ကို၊
သူကိုယ်တိုင်ရဲ့ ဘဝအတွက်၊ သူ့မိသားစုအတွက်၊
ပြီးတော့ ကျွန်တော်တို့ အားလုံး နေထိုင်နေကြရတဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ အနာဂါတ်အတွက်၊
သင့်တင့်တယ်လို့ ခံယူထားကြတဲ့ တန်ဖိုးများရဲ့ ဘောင်အပြင်မှာ၊
ဒါမှမဟုတ် အထက်မှာ ထားရှိရမယ်ဆိုတာကို ကျွန်တော် လက်မခံခဲ့ပါ။
ကျွန်တော်ဟာ အဲဒါထက်ကိုတောင် ရှေ့ကို သွားလိုက်တယ်။
တာဝန်သိတတ်တဲ့ ရုပ်ရှင် ထုတ်လုပ်သူ တစ်ဦးဟာ သူရဲ့ အလုပ်ကို
သူကိုယ်တိုင် နေထိုင်ချင်တဲ့ ကမ္ဘာကြီးအတွက် ဟုတ်မှန်တယ်လို့ ပြောမရနိုင်တော့တဲ့
အဆင့်မျိုးဆီကို တန်ဖိုးလျှောကျသွားတာမျိုးကို ဘယ်တော့မှ ခွင့်မပြုသင့်ပါဘူး။
ဒီတော့ ကျွန်တော့် အမြင်ကို ပြောရရင်၊ရုပ်ရှင် ထုတ်လုပ်သူတွေ၊ သတင်းစာဆရာတွေ၊
ဘလော့ရေးကြသူတွေတောင်၊ အားလုံးတို့ဟာ သူတို့ မီဒီယာတွေရဲ့ ပင်ကိုယ် စွမ်းပကားတွေကို
သူတို့ရဲ့ ထက်မြက်တဲ့ ကျွမ်းကျင်မှုများနဲ့ပေါင်းစပ် လုပ်ကိုင်ပေးကြမယ် ဆိုတဲ့
လူမှုရေး မျှော်လင့်ချက်များကို ရင်ဆိုင်တုံ့ပြန်ပေးရန် လိုအပ်ပါတယ်။
ဒါဟာ မလုပ်မနေရ တာဝန်ပါလို့ ပြောမရတာ မှန်ပေမဲ့၊
ပါရမီရှိကြတဲ့ ရုပ်ရှင်ထုတ်လုပ်သူ၊ တာဝန်သိတတ်တဲ့ သတင်းစာဆရာ
ဒါမှမဟုတ် ဘလော့ဂါး တယောက်တောင်၊ လုံးဝကို ရှောင်ပြေးလို့ မရနိုင်တာ ရှင်းနေပါတယ်။
ကျွန်တော်တို့ အမြဲတမ်း သတိရနေကြရန် လိုတာက၊
ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် နဲ့ အဲဒါရဲ့ မိတ်ဖက်ဖြစ်တဲ့ ဖန်တီးရေး လွတ်လပ်ခွင့် ဆိုတာတွေဟာ
အနောက်တိုင်း အယူအဆတွေထဲမှာ ပေါ်ပေါက်လာခဲ့ကြတာ
သိပ်မကြာလှသေးပါဘူး၊
အဲဒါကြောင့်မို့လို့ မကြာခဏဆိုသလို အဲဒါကို သိပ်အရေး မထားကြပါဘူး၊
အဲဒါကြောင့်ပဲ လျင်မြန်စွာ တန်ဖိုးကျဆင်းသွားနိုင်ပါတယ်။
အဲဒါဟာ လွယ်လွယ်နဲ့ ပျောက်ဆုံးသွားနိုင်တဲ့ ဆုလာဘ်ပါ၊
ပျောက်သွားပြီဆိုရင်တော့၊
ပြန်ပြီး ရယူရေးဟာ သိပ်သိပ်ကို ခဲယဉ်းမှာ သေချာပါတယ်။
ဒီတော့ အဲဒါကို ခုခံကာကွယ်ဖို့အတွက် ပထမဦးဆုံး အချက်က
ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ စံနှုန်းတွေပဲ ဖြစ်ရပါမယ်၊
ဆင်ဆာအဖွဲ့ ဒါမှမဟုတ် ဥပဒေပြုလွှတ်တော်မှ ပြဌာန်းထားတာ မဟုတ်ဘဲ
ကျွန်တော်တို့ ကိုယ်တိုင်ရဲ့စံနှုန်းများ နှင့် ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာ ဖြစ်ရပါမယ်။
အတူတူ အလုပ်လုပ်ကြရသူတို့နဲ့ ဆက်ဆံနေစဉ်မှာ၊
ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ
လူ့အဖွဲ့အစည်းထဲမှာ လုပ်ကိုင်ကြရာမှာ လိုက်နာကြတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် စံနှုန်းတွေပါပဲ။
ပြီးတော့ ကျွန်တော်တို့ရဲ့ အဲဒီလို စံနှုန်းများဟာ
ရေရှည် လူမှုရေး ရည်မှန်းချက်များနဲ့ ဆက်စပ်ဖို့ လိုအပ်ပါတယ်။
အဲဒါတွေဟာ စုပေါင်း တာဝန်ယူကြရမှုရဲ့ အပိုင်းတစ်ပိုင်းပါ။၊
အနုပညာရှင် ဒါမှမဟုတ် သတင်းစာဆရာက
ကမ္ဘာကြီးကို အရှိကိုအရှိအတိုင်း ဆက်ဆံရန် တာဝန်ရှိပါတယ်၊
ပြီးတော့ အဲဒါကျပြန်တော့၊
လူ့အဖွဲ့အစည်းကို စီမံအုပ်ချုပ်နေကြသူတို့ရဲ့တာဝန်များနဲ့
အချိတ်အဆက် ကိုက်ညီမှသာ၊ အဲဒီလို ကမ္ဘာကြီးကို ရင်ဆိုင်နိုင်မှာဖြစ်ပြီး
ကမ္ဘာကြီးရဲ့ ပြဿာနတွေကို လွဲမှားစွာ စီရင်ဆုံးဖြတ်ပေးတာမျိုး
လုံး၀ မဖြစ်သင့်ပါဘူး။
ဒါပေမဲ့၊ နောက်ဆုံး နှစ်နှစ်လောက် အတွင်းမှာ ကွက်ကွက်ကွင်းကွင်း
မြင်လာကြရသလို၊
အဲဒီလို တာဝန်သိစိတ် တော်တော်များဟာ မီဒီယာ တော်တော်များတို့ရဲ့
လက်ချက်ကြောင့် လျော့ရဲကျဆင်း သွားခဲ့ပါတယ်။
အဲဒါ ရဲ့ အကျိုးဆက်တစ်ခုအဖြစ် အနောက်နိုင်ငံများမှာ၊
အတိုက်အခံတို့က သိပ်ကို အလွယ်မြင်လိုတဲ့ မူဝါဒများကို ကျင့်သုံးနေကြကာ
အတော်ကလေးကို စိတ်ပျက်နေကြတဲ့
သက်ကြီး မျိုးဆက်များအား သူတို့ရဲ့ တင်ပြချက်တွေဟာ
အနည်းဆုံးအားဖြင့် ဒီနေ့လူငယ် တချို့တို့ရဲ့အကြားမှာ တွေ့မြင်ရတတ်တဲ့
ဘာကိုမှ စိတ်မဝင်စားမှု နှင့် သမရိုးကျ စွဲလမ်းမှုများနဲ့အတူ
အလားတူ နဲ့ အခြားသော မျက်မှောက်ခေတ် ဖောက်ပြန်မှုတွေ
ပူးပေါင်းမိကြတဲ့ အခါမှာ၊
ကျွန်တော်တို့ရဲ့ ဘဝကို တက်ကြွစွာ၊ သိရှိနားလည်လျက်
လက်တွဲပါ၀ကြမယ့် အစား အပြင်ကို တွန်းထုတ်ပစ်နေပါတယ်၊
ကျွန်တော်ဟာ အဲဒါကို အလေးပေး ထောက်ပြလိုပါတယ်။
လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ အတက်ကြွဆုံး သူတို့က
ဒွန်နိုဟူး နဲ့ စတီဗင်ဆန်တို့ရဲ့ အမှုကို တရားရုံးထဲမှာ ထည့်စဉ်းစားဖို့တောင် မလိုဘူး
သူဟာ ဂျင်ဂျားဘီယာကို ဆက်ပြီး ရောင်းနေခဲ့မယ်ဆိုရင်
စတီဗင်ဆန်ဟာ သူ့လုပ်ငန်းကို ပိတ်ပစ်ခဲ့ရမှာ ရှင်းနေတယ်လို့ ဆင်ခြေပေးနိုင်ပါတယ်။
ဒါပေမဲ့ အစိုးရဟာ ကိစ္စမျိုးအတွက် စောင့်ရှောက်မှုဆိုင်ရာ တာဝန် ကို
ချမှတ်ပေးဖို့ တာဝန်လေး ရှိတယ်လို့ ကျွန်တော်တို့ အများစုက ထင်မြင်ကြပြီး
အဲဒါအတွက် သော့ချက်စကားလုံးက သင့်တော်မှုပဲ ဖြစ်ပါတယ်။
ထိုသူတို့ဟာ တာဝန်ကို သင့်တင့်စွာ ယူခဲ့ကြသလား၊
သူတို့ လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်များကို
တင်ကြိုထည့်တွက်ခဲ့ကြသလား ဆိုတာကို တရားသူကြီးတို့က ဆန်းစစ်ကြရပါမယ်။
အစိုးရက အားလုံးကို လွန်ကဲစွာ ချုပ်ကိုင်ထားတာကို လက်ညှိုးထိုးပြကြမယ့်အစား
ဒီနေ့တွင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ခံယူချက်တွေရဲ့
အနှစ်သာရများ နဲ့ လေသံကို ချမှတ်ပေးနေကြတဲ့
မီဒီယာထဲက ပုဂ္ဂိုလ်တွေ အပေါ်မှာပါ ခုနက ကျွန်တော်တို့ ပြောခဲ့ကြတဲ့
တာဝန်သိတတ်မှု သတ်မှတ်ချက်များကို ကျင့်သုံးကြရန် လိုပါတယ်။
ဒီမိုကရေစီဆိုတာ လက်တွေ့ အလုပ်လုပ်နိုင်ဖို့အတွက်
တာဝန်သိ အမျိုးသားများ နဲ့ အမျိုးသမီးများက အချိန်ယူပြီး
ခက်ခဲ့တဲ့၊ ရံဖန်ရံခါမှာ ရှုပ်ထွေးတဲ့ ပြဿနာများကို သိနားလည်ဖို့ နဲ့ ငြင်းခုံဖို့လိုပါတယ်၊
သူတို့ရဲ့ အဲဒီလို နားလည်မှုရရှိဖို့ ကြိုးပမ်းအားထုတ်ကြတဲ့
ဝန်းကျင်အခြေအနေဟာ၊
သဘောတူညီရေးဆီကို မဟုတ်တောင်၊ ယုတ်စွအားဖြင့်
အလုပ်ဖြစ်ထွန်းရေး နဲ့ အပေးယူပြုလုပ်ရေးဆီကို ရှေ့ရှုဖို့ လိုအပ်ပါတယ်။
နိုင်ငံရေးဆိုတာ ရွေးချယ်မှုများပါပဲ၊
တဖန် အဲဒီလို ရှိနေကြတဲ့ ရွေးချယ်မှုများ အတွင်းမှာကျတော့ နိုင်ငံရေးဟာ ဦးစားပေးမှုများ ဖြစ်ပါတယ်။
အဲဒါဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပဍိပက္ခဖြစ်နေကြတဲ့ ဦးစားပေးမှုများကို
လက်တွေ့အချက်များကို အခြေခံလျက် စေ့စပ်ပေးမှု ဖြစ်ပါတယ်
ဒါပေမဲ့ အချက်အလက်တွေ ကိုယ်နှိုက်ကိုက လွဲမှားနေကြတယ်ဆိုရင်၊
ချမှတ်ကြမယ့် ဆုံးဖြတ်ချက်တွေဟာဖြင့် ပြဿနာကို ပိုလို့ကို ရှုပ်ထွေးလာစေပါမယ်၊
အဲဒီနောက်မှာ့ ဖိစီးမှုများနဲ့ တင်းမာမှုများဟာ
လူ့အဖွဲ့အစည်း အပေါ်ကို မလွှဲမရှောင် ကျရောက်လာမှာပါ။
မီဒီယာများအနေနဲ့ ဆုံးဖြတ်ဖို့ လိုတာက၊
သူတို့ရဲ့ အခန်းကဏ္ဍဟာ ဆွပေးရန်လား
ဒါမှမဟုတ် သတင်းတွေကို ဖေါ်ပြပေးဖို့လား ဆိုတာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့၊ နောက်ဆုံး ရရှိလာမှာက
ယုံကြည်အားကိုးမှု နဲ့ ရှေ့ဆောင်မှု ရလဒ်တပုံစံ ခုခုပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်တုန်းက၊
သမ္မတ ဂျွန် အက်ဖ် ကနေဒီဟာ
သမိုင်းဝင် မိန့်ခွန်း နှစ်ရပ်ကို မြွက်ကြားခဲ့ပါတယ်၊
ပထမတခုက လက်နက်ဖျက်သိမ်းရေး ဖြစ်ကာ
ဒုတိယက လူ့ရပိုင်ခွင့်များနဲ့ သက်ဆိုင်ခဲ့ပါတယ်။
ပထမ မိန့်ခွန်းက ချက်ချင်းဆိုသလိုပဲ
ညူကလီယား လက်နက် စမ်းသပ်မှု ပိတ်ပင်ရေးကို ပြုလုပ်နိုင်ခဲ့တယ်။
ဒုတိယတစ်ခုကျတော့ ၁၉၆၄ လူ့ရပိုင်ခွင့်များ ဥပဒေဆီ ဦးတည်ခဲ့ပါတယ်
နှစ်ခုစလုံးဟာ ရှေ့ကို တက်လှမ်းလိုက်တဲ့
ဧရာမ ခြေလှမ်းကြီးတွေပါပဲ။
ဒီမိုကရေစီဟာ၊ ဦးဆောင်မှု ကောင်းမယ်
ပြီးတော့ ကောင်းမွန်စွာ အသိပေးရှင်းပြထားမယ်ဆိုရင်၊
ဧရာမ အရာများကို တက်လှမ်းယူနိုင်ပါတယ်၊
ဒါပေမဲ့ အဲဒါ့အတွက် လိုက်နာရမယ့် စည်းကမ်းချက် တစ်ရပ် ရှိပါတယ်။
အဲဒီလို ဆုံးဖြတ်ချက် ချပေးကြသူတွေ အဲဒီလို လုပ်ကိုင်နေကြတာဟာ
သူတို့ ကိုယ်နှိုက်ရဲ့ အကျိုးစီးပွားများအတွက် မဟုတ်ဘဲ
ပြည်သူ တရပ်လုံး အတွက် ဖြစ်တယ်ဆိုတာကို ယုံကြည်မှု ရှိဖို့လိုပါတယ်။
ကျွန်တော်တို့ဟာ လက်တွေ့အချက်များကို အခြေခံထားကြတဲ့
ရှင်းလင်းပြတ်သားစွာ ချပြထားတဲ့ ရွေးစရာများ လိုအပ်ပါတယ်။
လိုရင်လိုသလို ချယ်လှယ်နိုင်စွမ်း ရှိကြတဲ့
ကော်ပိုးရေးရှင်းကြီးတွေက တွန်းအားပေးနေကြတဲ့ ကျဉ်းမြောင်းလှတဲ့
အကျိုးစီးပွားများ မဟုတ်ဘဲ ကျွန်တော်တို့အနေနဲ့
ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချမှတ်ရမှာ အသုံးပြုနိုင်ကြမယ့်
တိကျပြတ်သားသော ဖက်လိုက်ခြင်း မရှိသော
အချက်အလက်များ ဖြစ်ဖို့ လိုပါတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကလေးများအတွက်
ပြီးတော့ ကလေးများရဲ့ ကလေးများအတွက်
သင့်တင့်ပြီး ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝမျိုးကို စီမံပေးလိုကြပါက
တက်ကြွလှုပ်ရှားနေကာ၊ တာရှည်ကြာမယ်လို့
မျှော်လင့်ရမယ့် ဒီမိုကရေစီမျိုးကို
ကျွန်တော်တို့ ထူထောင်ပေးလိုကြပါက ကျွန်တော်တို့ဟာ
စောင့်ရှောက်မှု တာဝန်ကို အတတ်နိုင်ဆုံး အစွမ်းကုန် ကျင့်သုံးကြရန် လိုအပ်လှပါတယ်။
အခုလို ကျွန်တော့်ကို နားဆင်အားပေးကြတာကို ကျေးဇူးတင်ပါတယ်။
(လက်ခုပ်တီးသံများ)