ကျွန်မ ဒါကိုလုပ်ဖို့ သဘောတူလိုက်တော့ ကျွန်မ စကားဘဲပြောရမလား သီချင်းဘဲဆိုရမလားဆိုတာ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မကို ခေါင်းစဉ်က ဘာသာစကားလို့ ပြောဆိုလာတော့ အကြောင်းတစ်ခု ခဏပြောရမယ်ဆိုတာ ကျွန်မ သိလိုက်ရပါတယ်။ ကျွန်မမှာ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါတော့ ကမ္ဘာပေါ်မှာ အဆိုးဆုံး အရာမဟုတ်ပါဘူး။ ကျွန်မ အခြေအနေကောင်းပါတယ်။ ကျွန်မ မီးလောင်းနေတာတော့ မဟုတ်ပါဘူး။ တစ်ခြားသူတွေလည်း ပိုဆိုးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် ဘာသာစကား နဲ့ ဂီတဟာ ဒီအရာလေး နဲ့ ခွဲမရအောင် ပူးတွဲနေပါတယ်။ အဲဒါကတော့ ကျွန်မ စကားထစ်ခြင်းပါ။ ဒါ နည်းနည်း ထူးဆန်းပါလိမ့်မယ် ဘာလို့လဲဆိုတော့ ကျွန်မဘဝကို စင်ပေါ်မှာဘဲ ဖြတ်ကျော်နေရတာလေ။ လူတွေက ကျွန်မ ဒီလူထုရှေ့မှာ စကားပြောဖို့ ရှင်တို့ကို စကားပြောဖို့ သက်တောင့်သက်သာ ရှိလိမ့်မယ်လို့ ယူဆကြမှာလေ။ အမှန်ကတော့ ကျွန်မက အခုထိ အခုအချိန်လည်းပါပါတယ် ဟောပြောပွဲအား ကြောက်ရွံ့မှုရဲ့ နောက်ကွယ်မှာ နေရင်းနဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ လူထုရှေ့မှာ သီချင်းဆိုတာ လုံးဝတစ်ခြားစီပါ။ (ရယ်သံများ) ဒါပေမဲ့ ကျွန်မတို့ အဲဒါကို မကြာခင်ရောက်မှာပါ။ ကျွန်မ ဒီလို ရှင်းရှင်းလင်းလင်း တစ်ခေါက်မှ မပြောခဲ့ဖူးပါဘူး။ ကျွန်မထင်တာ ဘာလို့လဲဆိုတော့ ကျွန်မကြီးလာရင် ဒီစကားထစ်တာက ပျောက်သွားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေနေခဲ့လို့ပါ။ ကျွန်မ ကြီးလာရင် ကျွန်မ ပြင်သစ်စကား ပြောတက်ပါလိမ့်မယ် ကြီးလာရင် ငွေကို ကိုင်တွယ်တတ်ပါလိမ့်မယ် ကြီးလာရင် စကားထစ်တာပျောက်ပြီး လူထုရှေ့မှာ စကားပြောတတ်မယ် ပြီးရင် ဝန်ကြီးချုပ်ရယ် တစ်ခြားဖြစ်နိုင်တာတွေ ဖြစ်လိမ့်မယ်ဆိုတဲ့ အတွေးနဲ့ နေနေခဲ့တာပါ။ (ရယ်သံများ) ကျွန်မ ဒီအကြောင်းကို ပြောပြနိုင်ပြီလေ အကြောင်းက ကျွန်မ ဒီအချိန်ကို ရောက်နေပြီလေ။ ကျွန်မ ဆိုလိုချင်တာက ကျွန်မ ၂၈ နှစ်ရှိပါပြီ။ ကျွန်မ အရွယ်ရောက်ပြီဆိုတာလဲ သေချာပါတယ်။ (ရယ်သံများ) ပြီးရင် ကျွန်မက စကားထစ်တဲ့ ဖျော်ဖြေသူတစ်ယောက်အနေနဲ့ ဘဝကို ဖြတ်သန်းနေရတဲ့ အရွယ်ရောက် အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် ကျွန်မ ဒါနဲ့ပတ်သတ်ပြီး ဝန်ခံတာဘဲ ကောင်းပါလိမ့်မယ်။ စကားထစ်မှုထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရှုထောင့်လေးတွေ ရှိပါတယ်။ ကျွန်မ ကြုံခဲ့ဖူးခဲ့တဲ့ အဆိုးရွားဆုံးအရာကတော့ တစ်ခြား စကားထစ်တဲ့သူနဲ့ တွေ့ဆုံခြင်းပါဘဲ။ (ရယ်သံများ) ဒါက Hamburg မှာတုန်းက ကြုံကြိုက်ခဲ့တာပါ။ ဒီကောင်လေးနဲ့ တွေ့တော့ သူကပြောတယ် "ဟဲလို၊ ကျ-ကျ-ကျ- ကျန်တော်နာမည်ကတော့ Joe ပါ။" ကျွန်မကလည်း "ဟဲလို၊ ကျ-ကျ-ကျ- ကျွန်မနာမည်ကတော့ Meg ပါ။" ကျွန်မ ဘယ်လောက်ကြောက်ခဲ့ရလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ သူကို ပြောင်နေတယ်လို့ ထင်နေချိန်မှာလေ။ (ရယ်သံများ) လူတွေက ကျွန်မကို အချိန်ပြည့် အရက်မူးနေတယ်လို့ ထင်နေကြပါတယ်။ (ရယ်သံများ) လူတွေက ကျွန်မ သူတို့နာမည်ကို ပြောဖို့ တွန့်ဆုတ်တိုင်း မေ့သွားပြီလို့ ထင်တတ်ကြပါတယ်။ ဒါကတော်တော် ထူးဆန်းတယ်လေ၊ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်နာမ်တွေက အခက်ဆုံးပါ။ ကျွန်မက ဗုဒ္ဓဟူးဆိုတဲ့ စကားလုံးကို စာတစ်ကြောင်းမှာ သုံးမယ်ဆိုရင် ကျွန်မက အဲဒီဆီကို ရောက်လာရင် ကျွန်မ ထစ်တော့မယ်ဆိုတာ သိနိုင်ပါတယ်။ အဲကျရင် ကျွန်မက အဲဒါကို "မနက်ဖြန်" ဒါမှမဟုတ် "အင်္ဂါနောက်တစ်နေ့" ဒါမှမဟုတ် တစ်ခုခု ပြောင်းလို့ရတယ်လေ။ အဲ့ဒါ အခက်တော့တွေ့တယ်။ ဒါပေမဲ့ ဒါနဲ့ဘဲ အလစ်ပြေးလို့ရတယ်လေ။ ကြာလာတော့ စကားပြောတိုင်း ဒီဖြတ်လမ်းနည်းကို သုံးတတ်လာပြီး နောက်ဆုံးတစ်မိနစ်လေးမှာ စာလုံးကို ပြောင်းပြီးတော့ ဦးနှောက်ကိုလှည့်စားလိုက်တာပေါ့။ ဒါပေမဲ့ လူတွေရဲ့ နာမည်ကျတော့ အဲလိုပြောင်းလို့မရဘူးလေ။ (ရယ်သံများ) ကျွန်မ jazz သီချင်းတွေဆိုတုန်းက Steve ဆိုတဲ့ စန္ဒရားပညာရှင် တစ်ယောက်နဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ရှင်တို့သိမှာပါ S နဲ့ T တစ်စုတည်းလား သက်သက်စီလား ကျွန်မအတွက်တော့ သေကြွင်းတွေပါ။ ဒါပေမဲ့ ကျွန်မ ဒီသီချင်းလေ့ကျင့်ဖို့အတွက် တီဝိုင်းအဖွဲ့ကို မိတ်ဆက်ရပါတယ်။ Steve နားရောက်တော့ "St" နားလေးမှာ တစ်နေတာကို ကျွန်မ သတိထားမိပါတယ်။ အဲဒါကအခက်တွေ့ပြီး သက်တောင့်သက်သာမရှိသလို စိတ်ပျက်ဖို့လည်းကောင်းပါတယ်။ ဒါနဲ့ ဒီလို တစ်ခါနှစ်ခါ ဖြစ်ပြီးနောက် Steve က ကြည်ဖြူစွာနဲ့ဘဲ Seve လို့ဖြစ်လာပါတယ်။ ပြီးရင် ဒီနည်းနဲ့ဘဲ ကျွန်မတို့ အလုပ်ဖြစ်သွားတာပါဘဲ။ (ရယ်သံများ) ကျွန်မ ကုထုံးတွေ အများကြီးစမ်းခဲ့ဖူးပါတယ်။ သာမန်သုံးနေကျ ကုထုံးကတော့ ချောမွေ့စကားပြောကုထုံးဖြစ်ပါတယ်။ အဲဒါကတော့ ရှင်ပြောသမျှ အရာကို သီချင်းလို ဆိုတာပါ။ ရှင် အရာရာတိုင်းကို မူကြိုကျောင်းဆရာမ သီချင်းဆိုသလို ဆက်ပြောသွားလိုက်ပါ။ ရှင်က တည်ငြိမ်နေတယ်လို့ ထင်ရပါလိမ့်မယ်။ အိပ်ဆေး အများကြီး သောက်ထားသလိုပေါ့ ပြီးရင် အရာရာက ငြိမ်သက်နေတယ်လေ။ (ရယ်သံများ) အဲဒါ ကျွန်မမှ မဟုတ်တာ။ အဲနည်းကို ကျွန်မသုံးတယ်လေ။ ရုပ်မြင်သံကြားအစီအစဉ်မှာ ပါဝင်ရတဲ့အချိန် ရေဒီယို အမေးအဖြေ ဖြေရတဲ့အချိန် ရုပ်သံမှ ကြေညာမှုနှုန်း ဈေးကြီးတဲ့ အချိန်မှာဆို သုံးရပါတယ်။ (ရယ်သံများ) ကျွန်မ အလုပ်အတွက်လည်း အဲနည်းနဲ့ဘဲ ဖြစ်မြောက်သွားတာဘဲလေ။ ဒါပေမဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့ သူတို့အလုပ်က စစ်မှန်ရိုးသားမှု လိုအပ်တဲ့အချိန်မှာ ဒါက လိမ်လည်ရာကျပါတယ်။ ဒါကြောင့် သီချင်းမဆိုခင်လေး သီချင်းဆိုတယ် ဆိုတာ ကျွန်မအတွက် ဘာကိုဆိုလိုတာလဲ ဆိုတာကို ရှင်တို့ကို ပြောပြချင်ပါတယ်။ အဲဒါက အသံကောင်းအောင် လုပ်တာတစ်ခုထက်ပိုပါတယ်။ သီချင်းကောင်းကောင်းလေး လုပ်တာထက်ပိုပါတယ်။ သိရှိနားလည်နိုင်မှု တစ်ခုထက်လည်း ပိုပါတယ်။ ကျွန်မခံစားနေတာတွေကို ရှင်တို့ ခံစားလို့ရအောင် လုပ်တာထက်လည်း ပိုပါတယ်။ ဒါက ဒဏ္ဍာရီအကြောင်းလည်း မဟုတ်သလို ရှင်တို့ကို ကျွန်မအကြောင်းကို ပုံပြင်လိုတင်ပြနေတာလည်း မဟုတ်ပါဘူး။ တစ်နည်းနည်းတော့ လူ့ဦးနှောက်ရဲ့ အံဖွယ်အလုပ်လုပ်မှုအရ သီချင်းဆိုတဲ့အချိန် ထစ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းက ဒီနည်းက ကျွန်မအတွက် အရမ်းအလုပ်ဖြစ်ခဲ့ပါတယ်။ သီချင်းဆိုခြင်းပါ။ ဒါကြောင့် ကျွန်မ သီချင်းအများကြီး ဆိုခဲ့ပါတယ်။ ပြီးရင် ဒါက ဒီနေ့ ကျွန်မ ဒီကိုရောက်နေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ (လက်ခုပ်သံများ) ကျေးဇူးပါ။ ကျွန်မအတွက် သီချင်းဆိုခြင်းဆိုတာ ချိုမြိန်တဲ့ ဖြေဖျောက်ခြင်းဖြစ်ပါတယ်။ အဲ့ဒီအချိန်လေးဘဲ ချောမွေ့တယ်လို့ ခံစားရတာပါ။ အဲ့ဒီအချိန်လေးဘဲ ကျွန်မပါးစပ်က ထွက်လာတဲ့အရာက ကျွန်မရည်ရွယ်သလို ပြည့်ပြည့်စုံစုံ တိတိကျကျဖြစ်တာပါ။ (ရယ်သံများ) ဒါက TED ဟောပြောပွဲဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ အခု TED သီချင်းဆိုပါမယ်။ ဒီသီချင်းကတော့ အရင်တစ်နှစ်က ကျွန်မရေးခဲ့တာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်အားပေးသံများ) (စန္ဒရားသံ) ♪ ငါက အချောအလှလေး ဖြစ်ပါလိမ့်မယ်။ ♪ ♪ ဒါပေမဲ့ ငါနှာခေါင်းလေးက ♪ ♪ ငါ မျက်နှာလေးအတွက် ♪ ♪ နည်းနည်းကြီးလွန်းလှပါတယ်။ ♪ ♪ ငါက အိပ်မက်မက်သူလေး ဖြစ်ပါလိမ့်မယ်။ ♪ ♪ ဒါပေမဲ့ ငါ့ အိပ်မက်ဟာ ♪ ♪ ဒီ နေရာလွတ်လေး အတွက်တော့ ♪ ♪ နည်းနည်းကြီးလွန်းလှပါတယ်။ ♪ ♪ ငါက နတ်သမီးလေးဖြစ်ပါလိမ့်မယ်။ ♪ ဒါပေမဲ့ ငါ့ ရောင်ခြည်စက်ဝန်းလေးက ♪ မင်း တန်ခိုးတောက်ပမှုကြောင့် ♪ ♪ မှေးမှိန်ရပြီကွယ်။ ♪ ♪ ပြီးရင် ငါက ဂျိုကာလေး ဖြစ်ပါလိမ့်မယ်။ ♪ ♪ ဒါပေမဲ့ ဒီဖဲချပ်လေးက ရူးမိုက်သလိုဖြစ်နေပါတယ်။ ♪ ♪ မင်းရဲ့ ဖဲချပ်ကို ထုတ်လိုက်တဲ့အချိန်မှာပေါ့။ ♪ ♪ ငါသိချင်လိုက်တာကွယ် ♪ ♪ ငရဲပြည်မှာ ကြယ်တွေရှိလား ♪ ♪ ငါသိချင်လိုက်တာကွယ် ♪ ♪ မင်းများ ပြောပြနိုင်မလား ♪ ♪ ငါသိသမျှအရာကို မေ့ပျောက်သွားအောင် မင်းလုပ်လိုက်တာကိုလေ ♪ ♪ လက်လွတ်လိုက်ရမလား မလွတ်ရဘူးလားတောင် မရွေးချယ်နိုင်တော့ပါဘူးကွယ် ♪ ♪ ငါ ထာဝစဉ် ကျန်နေရစ်ပါလိမ့်မယ် ♪ ♪ ဒါပေမဲ့ ငါအိမ်လေးဟာ ♪ ♪ ဒီနေရာကနေ ♪ ♪ နည်းနည်းဝေးလွန်းတယ် ♪ ♪ ငါကြိုးစားခဲ့တာကိုလည်း ကျိန်ဆိုပါတယ် ♪ ♪ အရှိန်လျှော့ဖို့ကိုလေ ♪ ♪ မင်းရဲ့လျှောက်လှမ်းအတိုင်း ငါလမ်းလျှောက်နေတုန်း ♪ ♪ ဒါပေမဲ့ ငါတွေးလို့ရသမျှ ♪ ♪ မြို့ထဲမှာ အလေလိုက်ရင်းပေါ့ ♪ ♪ မိုးထဲမှာ ငါကြည့်လို့လှရဲ့လား ♪ ♪ ပြီးရင် ငါမသိလိုက်ပါဘူးကွယ် ♪ ♪ အချောအလှတစ်ယောက်က ♪ ♪ ငါကိုရုပ်ဆိုးအောင် လုပ်ရက်တယ်ဆိုတာကို ♪ ♪ ရှက်လိုက်တာကွယ် ♪ ♪ ငါသိချင်လိုက်တာကွယ် ♪ ♪ ငရဲပြည်မှာ ကြယ်တွေရှိလား ♪ ♪ ငါသိချင်လိုက်တာကွယ် ♪ ♪ မင်းများ ပြောပြနိုင်မလား ♪ ♪ ငါသိသမျှအရာကို မေ့ပျောက်သွားအောင် မင်းလုပ်လိုက်တာကိုလေ ♪ ♪ လက်လွတ်လိုက်ရမလား မလွတ်ရဘူးလားတောင် မရွေးချယ်နိုင်တော့ပါဘူးကွယ် ♪ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ)