ကျွန်မက ရူပနက္ခတ္တပညာရှင်တစ်ယောက်ပါ။
စကြာဝဠာထဲက ကြယ်ပေါက်ကွဲမှုတွေကို
ကျွန်မလေ့လာပါတယ်။
ဒါပေမဲ့ ချို့ယွင်းချက်တစ်ခု ရှိတယ်၊
ဂနာမငြိမ်တာနဲ့ ပျင်းရိလွယ်တတ်တာပါ။
ရူပနက္ခတ္တပညာရှင် အနေနဲ့
စကြာဝဠာတစ်ခုလုံးကို လေ့လာဖို့
အခွင့်အရေးရှိနေပေမည့်လည်း
ဒါကိုပဲ အမြဲလုပ်နေရမယ်ဆိုတဲ့ အတွေးက
ကျွန်မကို အမြဲကန့်သတ်၊
ချုပ်နှောင်ထားသလို ခံစားရစေတယ်။
ကျွန်မရဲ့ အာရုံမစိုက်မနိုင်တာနဲ့
ပျင်းတတ်တာက
ချို့ယွင်းချက်မဟုတ်ရင်၊
ဒါတွေကို အရည်အချင်းတစ်ခုအဖြစ်
ပြောင်းနိုင်မယ်ဆိုရင်ရော။
ရူပနက္ခတ္တပညာရှင်တစ်ယောက်က
သူလေ့လာတဲ့ အရာတွေနဲ့
ထိတွေ့ဆက်ဆံမှု မလုပ်နိုင်ပါဘူး။
ကြယ်တွေဘာကြောင့်၊ဘယ်လိုပေါက်ကွဲလဲသိဖို့
အခန်းထဲ ကြယ်တစ်လုံးကို မဖောက်ကြည့်နိုင်ဘူး။
ကောင်းကင်ဓာတ်ပုံ၊
ဗီဒီယိုတွေနေပဲ လေ့လာနိုင်ပါတယ်။
စကြာဝဠာအကြောင်း ကျွန်မတို့သိသမျှ၊
အချိန်နဲ့ဟင်းလင်းပြင် စဖြစ်စေခဲ့တဲ့
မဟာပေါက်ကွဲမှုကနေ
ကြယ်တွေ၊ကြယ်စုတွေနဲ့ နေအဖွဲ့အစည်းရဲ့
ဖြစ်တည်လာပုံနဲ့
ပြောင်းလဲလာပုံတွေအထိကို
ကောင်းကင်ယံက ပုံရိပ်တွေကို
လေ့လာပြီးပဲ သိခဲ့ရတယ်။
စကြာဝဠာတစ်ခုလုံးလို
ရှုပ်ထွေးတဲ့စနစ်တစ်ခုကို လေ့လာဖို့
ရူပနက္ခတ္တပညာရှင်တွေဟာ
ကြီးမားရှုပ်ထွေးတဲ့ ဒေတာစုတွေကနေ
ရိုးရှင်းတဲ့ ပုံစံငယ်တွေ၊
အဖြေတွေ ထုတ်တတ်ရပါတယ်။
ဒါဆို ဒီကျွမ်းကျင်မှုနဲ့
ဘာတွေထပ်လုပ်နိုင်ဦးမလဲ။
ကင်မရာတွေကို ကျွန်မတို့ဖက်ဆီ
လှည့်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ။
မြို့ပြလေ့လာရေးစခန်းမှာ
ခုပြောသလို လုပ်နေကြပါတယ်။
ကျွန်မ ယောင်္ကျားလည်းဖြစ်၊
ရူပနက္ခတ္တပညာရှင်လည်းဖြစ်တဲ့
Greg Dobler ဟာ
၂၀၁၃ မှာ ပထမဆုံး မြို့ပြလေ့လာရေးစခန်းကို
နယူးယောက်တက္ကသိုလ်မှာ တည်ထောင်ခဲ့ပါတယ်။
၂၀၁၅မှာ သူနဲ့ ကျွန်မလက်တွဲခဲ့ပါတယ်။
ကျွန်မတို့ လုပ်ခဲ့တာ အချို့ကတော့
မြို့ရဲ့ ညပိုင်းဓာတ်ပုံတွေကို ရိုက်ယူပြီး
မြို့ပြအလင်းရောင်တွေကို
ကြယ်တွေလေ့လာသလို လေ့လာတာပါ။
အလင်းရောင်တွေ အချိန်နဲ့အမျှပြောင်းလဲပုံနဲ့
ကြယ်တာရာတွေရဲ့ အလင်းကို လေ့လာပြီးတော့
ပေါက်ကွဲနေတဲ့ကြယ်တွေရဲ့ သဘာဝကို
ကျွန်မတို့လေ့လာရပါတယ်။
မြို့ပြအလင်းတွေကိုလည်း
ထိုနည်းတူ လေ့လာပြီးတော့
မြို့ဟာ စွမ်းအင်ဘယ်လောက်လိုသလဲ၊
သုံးသလဲ မှန်းဆနိုင်၊တိုင်းတာနိုင်တယ်။
နောက် ကြီးထွားလာမယ့် မြို့ပြရဲ့
လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်မယ့်
ဓာတ်အားစနစ် လုပ်ဖို့ကူပေးနိုင်တယ်။
နေ့ပိုင်းဓာတ်ပုံတွေမှာတော့
ညစ်ညမ်းဓာတ်ငွေ့တွေကို မှတ်တမ်းတင်ပါတယ်။
နယူးယောက်မြို့က
ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ၇၅%ဟာ
အပူပေးဖို့ ဆီကို လောင်ကျွမ်းစေတဲ့
ဒီလိုအဆောက်အအုံမျိူးက ထွက်ပါတယ်။
လေအရည်သွေးတိုင်းစက်နဲ့
ညစ်ညမ်းမှုကို တိုင်းတာနိုင်ပါတယ်။
ဒါပေမဲ့ နယူးယောက်ကအဆောက်အအုံတိုင်းမှာ
အရည်သွေးတိုင်းစက်တွေ တပ်ထားပြီး
သန်းချီတဲ့စောင့်ကြည့်စက်တွေက
ဒေတာဖတ်ရမှာကို တွေးကြည့်ပါ။
ကုန်ကျစရိတ် မှန်းကြည့်ပါ။
နယူးယောက်ကောင်းကင်က ဓာတ်ငွေ့တွေကို
ခြေရာခံရှာဖွေနိုင်တဲ့ သင်္ချာပုံစံငယ်
နျူရယ်ကွန်ရက်တစ်ခုကို
နယူးယောက်တက္ကသိုလ်ကျောင်းသားတစ်စုနဲ့
ကျွန်မတို့ တည်ဆောက်ခဲ့တယ်။
ဖြူပြီးပျောက်လွယ်တဲ့
ဘေးမဖြစ်တဲ့ မီးခိုးငွေ့လား၊
မည်းပြီး မပျောက်လွယ်တဲ့
ညစ်ညမ်းဓာတ်ငွေ့လားဆိုတာ
ကျွန်မတို့ ခွဲခြားနိုင်ပြီးတော့
ဝန်းကျင်ဒေသတစ်ခုရဲ့ ညစ်ညမ်းမှုမြေပုံကို
မူရေးဆွဲသူတွေဆီ ထောက်ပံ့ပေးနိုင်ပါတယ်။
မြေလှန်ပြောင်းလဲနိုင်တဲ့ အဖြေတွေကို
ဒီနယ်ပယ်စုံရောတဲ့ ပရောဂျက်ကထွက်စေခဲ့တယ်။
ဒါပေမဲ့ ရူပနက္ခတဗေဒမှာ သုံးတဲ့
ဒေတာဆန်းစစ်တဲ့နည်းနာတွေက
ဘယ်လိုဒေတာမျိုးမဆိုမှာ သုံးနိုင်ပါတယ်၊
ဓာတ်ပုံတွေမှ မဟုတ်ပါဘူး။
ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေတွေက
သူတို့စီရင်စုမှာ ဖြစ်နေတဲ့
စီရင်နှောင့်နှေးမှုတွေကို နားလည်ဖို့
ကျွန်မတို့ အကူညီတောင်းခံရပါတယ်။
ခံဝန်နဲ့ ဒါမှမဟုတ် ထောင်ထဲမှာ
တရားစီရင်ခံဖို့ နှစ်ချီစောင့်နေတဲ့
လူတွေရှိပါတယ်။
ဘယ်လိုအမှုတွေက အချိန်ဆွဲတတ်လဲဆိုတာ
သူတို့ သိချင်တယ်၊
နောက် ဒါကိုလေ့လာဖို့ သူတို့မှာ
ဒေတာစုအကြီးကြီးရှိတယ်၊
ဒါပေမဲ့ ကျွမ်းကျင်မှုနဲ့
ကိရိယာတွေ သူတို့ဆီမှာ မရှိပါဘူး။
အဲ့နေရာကို ကျွန်မတို့ဝင်ဖြည့်ပါတယ်။
ကျွန်မလုပ်ကိုင်ဖက် ပြည်သူ့ မူဝါဒ ပါမောက္ခ
Angela Hawkenနဲ့ အတူတွဲပြီး
တရားစီရင်မှုဖြစ်စဥ်တွေကို
ပိုမြင်လွယ်၊နားလည်လွယ်စေမယ့်
ရုပ်ပြတွေကို ကျွန်မတို့အဖွဲ့က
ရှေ့နေတွေအတွက် လုပ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မတို့ကိုယ်တိုင်လည်း
ဒေတာတွေကို ကြည့်ပြီး
စီရင်မှုနှောင့်နှေးတာတွေက
သူတို့စီရင်စုတွေက
လူမှုမညီမျှမှုတွေကြောင့်လားဆိုတာ
လေ့လာခဲ့ကြပါတယ်။
ကြယ်ပေါက်ကွဲမှုထောင်ချီ
လေ့လာတဲ့နည်းတွေကို
အမှုထောင်ချီမှာ သုံးပြီးတော့ပဲ
ကျွန်မတို့ အဲ့လိုလေ့လာခဲ့ကြတာပါ။
ဒီလိုလုပ်ခြင်းအားဖြင့်
တခြားစီရင်စုတွေက သူတို့ရဲ့
ဘက်လိုက်မှုတွေကို လေ့လာချင်ရင်
သုံးဖို့ ပုံစံငယ်ကို ကျွန်မတို့
လုပ်ပြီးသားဖြစ်သွားပါတယ်။
နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့
ရူပနက္ခတပညာရှင်တွေ ပူးပေါင်းမှုဟာ
လူနေမှုအဆင့်အတန်းမြင့်ဖို့
အထောက်အပံ့ဖြစ်တဲ့
မြေလှန်ပြောင်းလဲနိုင်တဲ့
အဖြေတွေ ဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့ ဒါက အသွားအပြန်ရှိပါတယ်။
ရူပနက္ခတ္တပညာကို မြို့ပြပညာရပ်ဆီ
ကျွန်မယူသွားသလို၊
မြို့ပြပညာရပ်မှာ ကျွန်မသိခဲ့ရတာကို
ရူပနက္ခတ္တပညာဆီ ပြန်ယူသွားနိုင်ပါတယ်။
အလင်းပဲ့တင်ထပ်ခြင်း၊
အာကာသဖုန်မှုန့်တွေပေါ်
ကြယ်ပေါက်ကွဲမှုက အလင်းပြန်မှု။
ကျွန်မတို့ရဲ့ပုံတွေမှာ အလင်းပြန်မှုတွေဟာ
မီးခိုးငွေ့လိုပဲ ဖြူပြီးပျောက်လွယ်တဲ့
လှုပ်နေတဲ့အရာတွေအဖြစ် ပေါ်ပါတယ်။
ကောင်းကင်ဓာတ်ပုံတွေမှာ
အလင်းပဲ့တင်ထပ်တာကို ထောက်လှမ်းဖို့
မြို့ပြဓာတ်ပုံတွေမှာ မီးခိုးခြေရာခံတဲ့
ပုံစံငယ်ကိုပဲ ကျွန်မပြုပြင်နေပါတယ်။
ကိုယ့်ပညာရပ်ရဲ့ အပြင်ထွက်ပြီးတော့
ကျွန်မကိုစိတ်ဝင်စားစေတဲ့ အရာတွေကို
လေ့လာရတာက
ကျွန်မရဲ့ ဂနာမငြိမ်မှုကို
အရည်အချင်းတစ်ခုဖြစ်စေခဲ့ပါတယ်။
ကျွန်မတို့၊ရှင်တို့ အားလုံးမှာ မထင်မှတ်တဲ့
မြေလှန်ပစ်နိုင်တဲ့အဖြေသစ်တွေဆီ ဦးတည်စေတဲ့
တမူထူးခြားတဲ့ ရှုထောင့်အမြင်တွေ ရှိပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)