ဒီနေ့ ကျွန်တော် ပြောချင်တာကို လူတွေ ပြောဆိုနေကြတာ အတော်ကလေး ကြာသွားပါပြီ။ “အောင်မြင်မှု” အကြောင်းကို ဆိုလိုတာပါ။ အောက်မြင်မှုကို လူအမျိုးမျိုးက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ကြပါတယ်၊ ကျွန်တော် နားလည်တဲ့ အောင်မြင်မှုက ခင်ဗျားတို့ နားလည်တာနဲ့ ကွာခြားနိုင်ပါတယ်။ ခင်ဗျားတို့ရဲ့ နားလည်မှုကျပြန်တော့ မိမိ အိမ်စာအတွက် ကြယ်ပွင့်ကို ရယူရန် ကြိုးပမ်းနေတဲ့ သူငယ်တန်း ကျောင်းသား နားလည်တာနဲ့လည်း မတူနိုင်ပါ။ ကလေးငါးယောက်ကို ည ၉ နာရီမှာ အိပ်နိုင်ဖို့အတွက် မနည်း ကြိုးစားနေရတဲ့ အိမ်ရှင်မနဲ့လည်း တူမှာ မဟုတ်ပါ။ ကုမ္ပဏီအတွက် အနှစ် နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့ကာ အဲဒီလုပ်ငန်းမှာ CEO ဖြစ်ချင်စိတ် ပြင်းပြနေတဲ့ ကုမ္ပဏီ တစ်ခုမှ အရာရှိနဲ့လည်း တူစရာ အကြောင်း မရှိပါ။ အောင်မြင်မှု စကားလုံးအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မျိုးစုံနိုင်တာကို သဘောတူကြရမှာပါ၊ ဒါပေမဲ့ ဒီနေ့တွင် ကျွန်တော်က ပေးမယ့် အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်က "အောင်မြင်မှုဆိုတာ မိမိကိုမိမိ ထုတ်ဖေါ်ပြသမှုပါ။" အဲဒါက ကိုယ်ဖြစ်ချင်တာ ဖြစ်နေခြင်း၊ ကိုယ်လုပ်ချင်တာကို လုပ်နေရခြင်း၊ ကိုယ်သွားချင်တဲ့ နေရာကို သွားနေရခြင်း ပါပဲ။ ကိုယ့်ဘဝနှင့် ပတ်သက်လာရင်၊ ကိုယ်ကသာ အကြီးအကဲပါ၊ ကိုယ်ကသာ ရွေးချယ်နိုင်လို့ပါ။ တကယ်တော့၊ သင် ဒီနေ့ ဖြစ်နေတဲ့ဟာက ခင်ဗျားပါပဲ ခင်ဗျားတို့ရဲ့ တစ်သက်တာမှာ လုပ်လာခဲ့တဲ့ ရွေးချယ်မှုကြောင့် မို့လို့ပါ။ ကျွန်တော်တို့က ကြီးပြင်းလာတာနဲ့ အဲဒီလို ရွေးချယ်မှုတွေကို ဘယ်လို လုပ်သင့်ကြောင်းကို ပြောပြကြတဲ့ လူတွေ ရှိပါတယ်၊ မိဘတွေ၊ ဆရာတွေ၊ အကြီးအကဲတွေ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဘဝထဲတွင် ဘယ်လို နေထိုင်သင့်ကြောင်း၊ ဘာတွေ လုပ်သင့်တယ်၊ ဘယ်ကို သွားသင့်တယ်၊ ဘယ်လို လမ်းလျှောက်ရမယ်၊ ဘယ်လို မပြောရဘူး အကြံပေးကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော်က မေးမယ့် မေးခွန်းက "ဒီ့ပြင်လူတွေ လိုစေချင်သလို ခင်ဗျားက ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင်၊ ခင်ဗျား ဘယ်သူများ ဖြစ်လာမလဲ။" အောင်မြင်ဖို့ သော့ချက်က သူများရဲ့ မျှော် လင့်ချက်များနဲ့ လိုက်အောင်လုပ်တာ ရပ်ပါ။ ပြီးတော့ မိမိရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီဖို့ စတင်လုပ်ကိုင်ပါ။ ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ လိုပါတယ်။ ကိုယ် ဖြစ်စေလိုတဲ့ဟာ နောက်ဆုံးတွင် ဖြစ်ထွန်းလာမှာကို နားလည်ရမယ်၊ ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။ ဒီတော့ ကိုယ့်ဆီမှာ ယုံကြည်ချက် ရှိရမယ်၊ ယုံကြည်မှုကျပြန်တော့ ကိုယ်ဖြစ်စေချင်တာ နောက်ဆုံး ဖြစ်ထွန်းလာမှာကို သိရှိမှုပါပဲ ကိုယ်က ယုံကြည်တယ် ဆိုရင်ပေါ့လေ။ ယုံကြည်မှုကို ပံ့ပိုးပါက၊ ကိုယ်ရဲ့ စိုးရိမ်စိတ်တွေ လွင့်ပျောက်သွားတာ ခင်ဗျားတို့ မကြာခဏ တွေ့လာရမှာပါ၊ ကိုယ်က ကိုယ့်ကိုကိုယ် ယုံကြည်နေသရွေ့၊ ကမ္ဘာကြီးပေါ်က လူတိုင်းကလည်း ခင်ဗျားကို ယုံကြည်မှာပါ။ ကျွန်တော်ဟာ အချိန်အတော်ကြာအထိကိုပဲ ကိုယ့်ကိုကိုယ် မယုံကြည်ခဲ့ပါဘူး။ လက်တွေ့မှာ ကျွန်တော် ဖြစ်ခဲ့တဲ့ လူစားမျိုးက မိခင်တွေက သူတို့ရဲ့ သမီးတွေကို သတိပေးဖို့ ဖခင်တွေက သူတို့ သားတွေကို သတိပေးဖို့၊ "မင်းတို့သာ Daniel Ally လို လုပ်ကြမယ်ဆိုရင်၊ မင်းတို့ဟာ Daniel Ally လိုပဲ အဆုံးသတ်သွားကြရမှာ။" အပြောခံရသူပါ။ သူတို့ အဲဒီလို ပြောရဖို့ အကျိုးအကြောင်း ရှိခဲ့ပါတယ်၊ ခင်ဗျားတို့ စိတ်ကူးကြည့်ရင်၊ ကိုယ့် ဂုဏ်သိက္ခာဟာ ကိုယ်ရဲ့ အကောင်းဆုံး ကြော်ငြာပဲ မဟုတ်လား။ ထိုစဉ်တုန်းက ကျွန်တော့ ဂုဏ်သတင်း မကောင်းခဲ့ပါ၊ ကိုယ့်အစွမ်းအစထက် များစွာမှ နိမ့်ကျစွာ နေထိုင်နေခဲ့လို့ပါ။ တကယ်တမ်း ကျွန်တော်ဟာ မိခင်ရဲ့ အောက်ခြေမှာ နေထိုင်ခဲ့သူပါ။ အသက် ၂၁ နှစ် အရောက်တွင် ကျွန်တော်ဟာ အလုပ် ၄၀ လောက်ကို လုပ်စမ်းပြီးခဲ့ပါပြီ။ ကျွန်တော်ဟာ အလုပ်တွေ အများကြီးမှနေပြီး မောင်းထုတ်ခံခဲ့ရတယ်။ အထက်တန်းကျောင်းမှာကျတော့ ဒုတိယ အညံ့ဆုံးသူပါ။ အညံ့ဆုံးသူက ထောင်ထဲမှာ ရှိနေခဲ့တာလေ။ ကျွန်တော်ဟာ ရှစ်နှစ်လုံးလုံး ဆေးချခဲ့ပြီး ဘာလုပ်ရမှန်း မသိခဲ့ပါ။ ကျွန်တော်ဟာ ကျဆုံး ကျိုးပဲ့လျက် စက်ဆုပ်စရာကြီးပါ၊ ကျွန်တော် ပြောင်းပစ်ချင်တာ ကျွန်တော် သိခဲ့တယ်။ ဘယ်လို ပြောင်းပစ်ရမယ် ဆိုတာကို မသိခြင်းက ပြဿနာပါ။ ကိုယ်က ပြောင်းလဲချင်ပေမဲ့ အဲဒါကို ဘယ်လို လုပ်ရမှန်း မသိခဲ့တဲ့ အခြေအနေမျိုးကို ကြုံခဲ့ရတဲ့ သူတွေ လက်မြှောက်ပြကြပါ။ ဟုတ်ပြီ၊ အားလုံး အဲဒီလို ကြုံခဲ့ဖူးကြပါတယ်၊ အခုကို အဲဒီလို အခြေအနေမျိုးထဲ ရှိနိုင်တယ်။ ကျွန်တော့ဘဝကို ပြောင်းပစ်ချင်ရင် နည်းလမ်း သုံးခု ရှိတာကို ကျွန်တော် ရှာတွေခဲ့တယ်။ အဲဒီစိတ်ကူး သုံးခုကို ကျွန်တော် မျှပေးချင်တယ်၊ ခင်ဗျားတို့ရဲ့ ဘဝကို ဒီနေ့မှာကို စပြီး လုံးဝကို တော်လှန်ပစ်နိုင်မှာပါ။ ကျွန်တော် ကိုယ်တိုင် အဲဒီလို လုပ်နိုင်လို့ ဒီခြေလှမ်းတွေကို လုပ်နိုင်မှာပါ။ ကျွန်တော် ၂၄ နှစ်အရွယ်မှာ ကိုယ်ထူကိုယ်ထ သန်းကြွယ်သူဌေး ဖြစ်လာခဲ့တယ်။ ကျွန်တော် စာသုံးအုပ်ကို ရေးနိုင်ခဲ့ပြီး နိုင်ငံတွေ ဒါဇင်နဲ့ချီကို ခရီးထွက်ခဲ့တယ်။ အခုကျွန်တော့ အလုပ်နဲ့ ဆက်စပ်ပြီး လူတွေ သန်းနဲ့ချီနဲ့ ဆက်ဆံရတယ်။ ဒီတော့ ခင်ဗျားတို့က အောင်မြင်မှုကို ဘယ်လို သတ်မှတ်ချင်လဲ၊ အသက် ၁၀၀ အထိ နေချင်သလား၊ ကလေးတွေ တစ်ဒါဇင် လိုချင်သလား၊ ဒါမှမဟုတ် ဘယ်သူမှာမှ မသိတဲ့ တောင်ထိပ်ပေါ်တွင် အိမ်များဝယ်ချင်တာလား။ အခုပြောမယ့် အခြေခံမူ သုံးခုက ခင်ဗျားတို့ဘဝထဲ အောင်မြင်အောင် ကူပေးမှာပါ။ ပထမအချက်က စာအုပ်တွေ များများ ဖတ်ပေးပါ။ ကမ္ဘာမှာ ရှိတဲ့ ပြဿနာတွေကို ကမ္ဘာပေါ်မှာ ရှိကြတဲ့ စာအုပ်တွေက ဖြေရှင်းပေးနိုင်ပါတယ်။ တချိန်တည်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ စာအုပ်အားလုံးကို ဖတ်ရန် မလိုပါ။ ကမ္ဘာကြီးရဲ့ ပြဿနာတွေ အားလုံး ကျွန်တော်တို့မှာ မရှိလို့ပါ။ ဒါပေမဲ့၊ ကျွန်တော်တို့ ပြဿနာတွေကို ဖြေရှင်းပေးမဲ့ စာအုပ်တွေကိုတော့ ဖတ်ရပါမယ်။ ဥပမာ၊ ခင်ဗျားတို့ဟာ ငွေကြေးအကြောင်း သင်ယူလိုတယ်ဆိုပါစို့၊ ငွေကြေးအကြောင်း ပြောပြထားတဲ့ စာအုပ်တွေကို ဖတ်ရန် လိုပါမယ်။ ဒါမှမဟုတ် ခင်ဗျားက ကိုယ့်ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ သင်ယူချင်လား၊ ဒါမှမဟုတ် ပိုကောင်းတဲ့ ဆက်သွယ်ပြောဆိုသူ ဖြစ်လာချင်သလား။ ကျွန်တော် အဓိက ပြောချင်တာက၊ ရွှေပြားတွေနဲ့ ခင်းထားတဲ့ စာကြည့်တိုက်တွေ ရှိကြတယ်၊ အခမဲ့ ဝင်ခွင့်ရှိတယ်။ ခင်ဗျားတို့ရဲ့ အသိစိတ်ရဲ့ ကောင်းကင်ဘုံကို ဖွင့်ပေးမယ့် ကိရိယာက စာအုပ်တွေပါ။ ခေါင်းဆောင်တွေ အားလုံး စာဖတ်သူတွေပါ။ ခင်ဗျားတို့ အောင်မြင်ချင်ရင် စဖတ်ဖို့ လိုအပ်တယ်။ ကမ္ဘာပေါ်က လူအများစုဟာ တစ်နှစ်ကို စာအုပ် တစ်အုပ် ဖတ်ကြတယ်၊ ပြီးတော့ အဲဒီစာအုပ်ကလည်း Facebook ဘဲ ဖြစ်ပါလိမ့်မယ်။ လူတွေဟာ အိပ်ရာမှ မထခင်၊ ဘာမှ မလုပ်ခင်၊ သူတို့ ကော်ဖီ မသောက်ခင်၊ သတင်းစာ မဖတ်ခင်၊ သူတို့ဟာ Facebook ကို ဖတ်ကြတယ်။ ဒါပေမဲ့ အမှန်တရားက ဘာလဲ ဆိုတော့ ကိုယ်က ကိစ္စအမျိုးမျိုးကို လုပ်မယ်ဆိုရင်၊ ရမယ့် ရလဒ်တွေဟာလည်း အမျိုးမျိုး ရှိမယ်။ ကိုယ်လေ့လာမယ်ဟာ ကိုယ်ြဖစ်လာမှာပါ။ ကိုယ် လေ့လာနေတာ ဘာလဲ၊ အဲဒါကို ကိုယ့်ကို ဘယ်ဆီခေါ်သွားမလဲ။ လူတွေ ကျွန်တော့ဆီကို လာလျက် ပြောကြတာက၊ "Daniel၊ စာဖတ်ဖို့ အချိန် မရှိဘူး၊ ကလေးတွေနဲ့၊ အလုပ်တွေနဲ့ ကျောင်းသားပဲဗျာ။ အခုကို ဖတ်စရာ ကျောင်းစာအုပ်တွေ တသီကြီး၊ အလုပ်တွေ များလွန်းလို့ မအားပါဘူး။" ကိုယ့်ဆီမှာ တစ်နေ့ အချိန် ၁၀ မိနစ်မရှိရင်၊ တကယ်တမ်း ခင်ဗျားဆီမှာ ဘဝ မရှိတာကို ပြောခြင်းပါပဲ။ အားလုံးမှာ စာဖတ်ဖို့ အချိန် ရှိတယ်၊ အားလုံးမှာ စာအုပ်ကောင်း ရွေးပြီး သင်ယူနိုင်ဖို့ ကိုယ့်ဘာသာဖတ်ဖို့ အချိန်ရှိတယ်။ ကောင်းပြီ၊ တစ်နေ့ကို ၁၀ မိနစ်နှုန်း ဆက်တိုက် ရက် ၃၀ ဖတ်မယ်ဆိုရင်၊ တစ်လကို စာအုပ်တစ်အုပ် ဖြစ်တယ်။ တစ်လတစ်အုပ်၊ ၁၂ လမှာ၊ တစ်နှစ်မှာ စာအုပ် ၁၂ အုပ် ပါ။ လူအများစုက ငါးနှစ်အတွင်း လုပ်နိုင်ကြတာကို ခင်ဗျားတို့က တစ်နှစ်နဲ့ လုပ်နိုင်တယ်။ အချိန်မရှိတဲ့ အကြောင်း မပြောပါနဲ့။ အားလုံးဆီမှာ ဖတ်ဖို့ အချိန်ရှိတယ်။ ဖတ်သူတွေ ခေါင်းဆောင်တွေ ဖြစ်တာ မမေ့နဲ့လေ။ အောင်မြင်ရန် တစ်ခုတည်းသော နည်းမှာ ဖတ်ရန်ပါပဲ။ ကျွန်တော်ရဲ့ ဒုတိယ အကြံပေးချက်က ကိုယ်ရှာနိုင်သမျှ အထဲက အကောင်းဆုံး လူတွေနဲ့ တွေ့ဆုံပါ။ ကျွန်တော်တို့ အများဆုံး ဆက်ဆံကြသူတွေဟာ ကျွန်တော်တို့ ဝန်းကျင်က လူစုစုပေါင်း ငါးယောက်ပါ။ ကျွန်တော်တို့ ဝင်ငွေ တူတယ်၊ သွားတဲ့ နေရာတွေလည်း တူတယ်၊ လုပ်တဲ့ အရာတွေလည်း တူတယ်၊ တွေးကြပုံလည်း အတူတူပါပဲ။ ကိုယ့် အခင်ဆုံး မိတ်ဆွေ ငါးဦးကို လေ့လာကြည့်ရင်း၊ ကိုယ့်ကိုကိုယ် ထုတ်မေးရမယ့် တစ်ခုတည်းသော မေးခွန်းက၊ "ကျွန်တော့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ သူတို့ ငါ့ကို ဘယ်ဆီ ခေါ်သွားကြမှာလဲ။” နောက်တစ်မျိုး ပြောရရင်၊ "ကျွန်တော့ ခေါင်းဆောင်တွေ ခေါ်သွားကြမှာက ကျွန်တော် အလိုချင်ဆုံး နေရာလား။" အဖြေက မဟုတ်ဘူးဆိုရင် ခင်ဗျားတို့ဟာ ခေါင်းဆောင် အသစ်တွေ လိုနေပြီ။ ခင်ဗျားတို့ကို လှုံ့ဆော်ပေးမယ့် သူတွေ၊ ကူပေးမယ့် သူတွေ လိုတယ်။ ခင်ဗျားတို့ရဲ့ အစွမ်းအစတွေ၊ တွေးခေါ်ပုံထက် သာလွန်တဲ့ ပန်းတိုင်ဆီကို ပို့ပေးနိုင်မယ်။ ကိုယ့်ပန်းတိုင်တွေကို ရယူရန် လိုတယ်၊ ပတ်ဝန်းကျင်မှာ မှန်ကန်တဲ့လူတွေ ရှိရင် ခင်ဗျားတို့ လုပ်နိုင်တယ်။ တော်တော်များများထံတွင် “အလိုလိုဖြစ်လာတဲ့ မိတ်ဆွေများ” ရှိကြတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ၊ ကုန်ဆုံဆိုင်က လူတွေ၊ အားကစား လေ့ကျင့်ခန်း၊ ဆိုင်တန်း၊ ဘုရားရှိခိုးကျောင်း၊ အလုပ်၊ သွားနေကျ နေရာက လူတွဟာ အဲဒီလို မိတ်ဆွေတွေပါ။ အဲဒီလိုသူတွေ သဘာဝကျတဲ့ မိတ်ဆွေတွေပါ၊ သူတို့ဟာ ကျွန်တော်တို့ကို ယုံကြည်ကြကာ လက်ခံကြပါတယ်။ အဲဒီမှာ ဖြစ်တတ်တာက၊ ခင်ဗျားတို့ဟာ သိပ်ကို အကြံကြီးမားသူ ဟုတ်ရင်၊ တကယ့်ကို မြင့်မားတဲ့ ပန်းတိုင်တွေ ရှိရင်၊ အဲဒီထဲက လူအများအပြားတို့က ခင်ဗျားရဲ့ ပန်းတိုင်ကို လက်လှမ်းမှီရန် ကူနိုင်ကြတယ်။ ဒါကြောင့်မို့လို့ ခင်ဗျားတို့ဟာ အပြင်မှာ လူတွေကို ရှာကြည့်ရမယ်။ ဥပမာ တစ်ခုကို ပြပါရစေ။ ကျွန်တော့ဆီမှာ John ဆိုတဲ့ မိတ်ဆွေ တစ်ယောက်ရှိခဲ့ရာ ရေပိုက်သမားပါ၊ သူ့ဖခင်နဲ့သူဟာ အတော်ကလေး အောင်မြင်တဲ့ လုပ်ငန်း ရှိနေခဲ့တယ်၊ အဲဒီလို ထင်ခဲ့ရတာပဲလေ။ အဲဒါနဲ့ John ကို မေးတယ် "ကျွန်တော် လုပ်ငန်းတစ်ခု စချင်တယ်၊ ငါဘာလုပ်သင့်တယ်လို့ ထင်သလဲ။" John ဟာ ကျွန်တော့ကို ဘေးကို ခေါ်သွားပြီး၊ "Daniel ရယ်၊ မင်း လုပ်ငန်း မစသင့်ဘူး ထင်တယ်၊ လုပ်ငန်း 98% ဟာ သုံးနှစ်အတွင်းမှာကို ကျဆုံးကြတယ်။" အဲဒီနောက်မှာ သူက ဆက်ပြီး လုပ်ငန်း လုပ်မရနိုင်တာကို၊ အဲဒါ အလုပ် မဖြစ်မှာကို ပြောပါသေးတယ်။ အပတ်စဉ် နာရီ ၁၀၀ ကျော် အလုပ်လုပ်ရတာ အရမ်းကို ခက်တဲ့ အကြောင်း၊ လုပ်သားတွေကို လစာထုတ်ပေးရတာ သိပ်ခဲယဉ်းတာ၊ စီးပွားရေးကျလာလို့ ဖောက်သည်အသစ် ရှာရတာ ခဲယဉ်းတာတွေကို ပြောပါတယ်။ သူအဲဒီလို ပြောလာတော့ ကျွန်တော် စိတ်ဓာတ် ကျလာကာ စိတ်ပျက်မိတယ်၊ အိမ်ကို ပြန်လာတော့ အဲဒီအကြောင်း စဉ်းစားတယ်။ ကျွန်တော့ ဒိုင်ယာရီထဲမှာ ရေးမှတ်လိုက်တာက၊ "စာရင်းအင်းဆိုတာ ၉၈% က လုပ်ကြံထားတာတွေပါ။" ခုနက ပြောခဲ့တဲ့ဟာလည်း အလားတူပါပဲ။ ခင်ဗျားတို့ နားလည်ရမှာက အခြားတစ်ယောက်ရဲ့ အမြင်မျိုး ခင်ဗျား ဖြစ်မလာနိုင်တာကိုပါ။ ကိုယ့်ဖြစ်နေတာကို ပြောင်းချင်ရင် ကိုယ်ရဲ့ တွေးခေါ်ပုံကို ပြောင်းရမယ်။ ပြီးတော့ ခင်ဗျားကို ဝန်းရံနေတဲ့သူတွေကို ပြောင်းရမယ်။ ခင်ဗျားကို ကူပေးနိုင်ကြသူကို ကိုယ့်ဘာသာကိုယ် ရှာရမယ်။ ကိုယ့်ထက် တော်သူတွေ၊ ကိုယ့်ထက် ရှေ့ကို တက်လှမ်းနိုင်ခဲ့သူတွေ လိုပါတယ်၊ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ဘာလုပ်ရမှာကို သိသူတွေ လိုပါတယ်။ တကယ်ကျတော့ ကိုယ်က ရှာနေတဲ့ လူတွေကလည်း ခင်ဗျားကို ရှာနေကြတာပါ၊ ဒါပေမဲ့ သူတို့ကို ကိုယ်က ရှာရန်လိုပါတယ်။ မကြာခဏဆိုသလို ကျွန်တော်တို့ကို လူစိမ်းတွေ၊ မိသားစုဝင်တွေ ဝန်းရံနေတတ်တယ် ဘာမလုပ်ရဘူးဆိုတာ သူတို့ပြောကြပြီး ကျွန်တော်တို့ကို ကန့်သတ်တယ်။ လူတွေ အများအပြားဟာ ရည်ရွယ်ချက် မှန်ကြတယ်၊၊ ဒါပေမဲ့ မကြာခဏဆိုသလို သူတို့ဟာ မှားရာသို့ လမ်းညွှန်ပေးကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို ကူပေးလိုကြပေမဲ့၊ ဘယ်လို ကူရမှန်း မသိကြတာပါ။ အဲဒါကို လုပ်တတ်သူတွေကို ရှာကြပါ။ လူအများက မေးကြတယ်- "Daniel ရာ၊ အဲဒီလူတွေကို ဘယ်လို ရှာလဲ။" အလွယ်လေးပါ။ ခင်ဗျားတို့က အဆင့်တစ်ကို လုပ်ခဲ့ရင်၊ စာအုပ်တွေ ဖတ်ခဲ့တယ် ဆိုရင်၊ စာအုပ်ရဲ့ နောက်ကျောမှာ "စာရေးသူ အကြောင်း" ဆိုတဲ့ အပိုင်းပါပါတယ်။ ကျွန်တော်ဟာ စာရေးသူတွေကို ဆက်သွယ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ ထောင်စုနှစ်သစ်ထဲ နေရတာ ကံကောင်းတယ်၊ သူတို့ရဲ့ လူမှုရေး မီဒီယာ၊ ဝဘ်ဆိုက်ကို ရှာတွေ့နိုင်ပါတယ်၊ သူတို့နဲ့ ဆက်သွယ် ဆွေးနွေးခွင့် ရှိနေပါတယ်။ သူတို့ ပို့ချလိုတာက ဘာလဲ ဆိုတာကို တကယ့်ကို နားလည်ရင် ကျွန်တော်တို့ ပြောင်းလာနိုင်တယ်။ ကျွန်တော်တို့က မေးခွန်းတွေကို မေးတတ်ရင်၊ ကိုယ့်ဘဝကို အကြီးအကျယ် မြှင့်တင်နိုင်မယ်။ ခုနကပြောခဲ့သလို ကိုယ်ရှာနေတဲ့ သူတွေကလည်း ကိုယ့်ကို ရှာနေတာမမေ့ပါနဲ့၊ ဒီတော့ ကိုယ်က သူတို့နားကို ရောက်ဖို့ လိုပါတယ်။ ကျွန်တော့ရဲ့ နောက်ဆုံး အကြံပေးချက်က ပိုမြင့်တဲ့ ပန်းတိုင်တွေ ချမှတ်ဖို့ပါပဲ၊ ခင်ဗျားတို့ကို မြှင့်တင်ပေးဖို့ပါ၊ ၎င်းတို့က ခင်ဗျားတို့ရဲ့ အလားအလာတွေကို ပိုဖြစ်ထွန်းလာစေပါမယ်။ လိုက်နာစရာတွေ များပြားလွန်းလို့ လူတွေက ပန်းတိုင်တွေကို ဘယ်လို ချမှတ်ရမှန်း မသိကြဘူး။ သူတို့ဟာ အဲဒီလို လုပ်ငန်းစဉ်ကို စိတ်ရှုပ်ကြရပါတယ်။ လူတော်တော်များများက နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေကို သုံးကြတယ်၊ ဒါပေမဲ့ နှစ်သစ်ကူး ဆုံးဖြတ်ချက်တွေရဲ့ ပြဿနာက ထိုသူဟာ များလှတာတွေကို သိပ်ကို မြန်ဆန်စွာ လုပ်လိုခြင်းပါပဲ။ ဥပမာ Doug က ဆေးလိပ် ဖြတ်ချင်တယ်ဆိုပါစို့။ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ၊ သူက "ငါ ဆုံးဖြတ်လိုက်ပြီ။" ဇန်ဝါရီ ၁ ရက်ကျတော့၊ "ငါ ဖြတ်လိုက်ပြီ၊ သေချာတယ်။" သူဟာ သူ့ပန်းတိုင်တွေကို လက်လှမ်းမှီရန် စီမံကိန်းကို မပြုစုခဲ့ပါဘူး၊ အဲဒါကြောင့် လက်တွေ့မကျပါ။ တချို့သူတွေက မသေခင် လုပ်ချင်တာကို စာရင်း လုပ်ကြပါတယ်၊ မသေခင် လုပ်မယ့်စာရင်းဆိုတာ အများအားဖြင့်၊ သူတို့ဟာ ကိုယ့်ကိုကိုယ် ပေးတဲ့ အချိန်ဟာ များလွန်းတယ်။ အရေးတကြီး လုပ်ရန်မလို၊ အများစုက သူတို့ရဲ့ ပန်းတိုင်တွေကို ချတောင်မရေးကြပါ။ ဒီတော့၊ "ခင်ဗျားက ဘာအကြံပေးချင်လဲ။" မေးတာကို ဝမ်းသာပါတယ်။ ခင်ဗျားတို့ရဲ့ ပန်းတိုင်တွေကို ချရေးကြပါရန် အကြံပေးလိုပါတယ်။ ခဲတံနဲ့ ချရေးလိုက်ရင် ထက်မြက်တဲ့ ဦးနှောက်ထက် ပိုကောင်းမှာ သေချာတယ်၊ ကိုယ့်မသိစိတ်ကိုပါ လှုံ့ဆော်ပေးနိုင်ဖို့ ကိုယ့် ပန်းတိုင်တွေကို စာနဲ့ချရေးလိုက်ပါ၊ စာရင်းက သင်တို့ ဖြစ်နိုင်ရာသို့ မှန်မှန်ကြီး ခေါ်ဆောင်သွားမှာပါ။ တစ်ကမ္ဘာလုံး ပို့ချလာခဲ့တဲ့ ကျွန်တော့ နည်းရှိတယ်၊ "စိတ်ကူး ၂၀ နည်း"လို့ ခေါ်ပါတယ်။ တကယ်တမ်းတွင်၊ ကိုယ်လုပ်ရမှာက၊ ကိုယ်က ရုပ်လုံးဖေါ်လိုတဲ့ အထွတ်အထိပ်ကျဆုံး ပန်းတိုင် တစ်ခုကို ရွေးလိုက်ပါ၊ အဲဒီပန်းတိုင်နဲ့ ဆက်စပ်နေကြတဲ့ စိတ်ပူး ၂၀ ကို ဆန်းစစ်ပါ။ ဥပမာ တစ်ခုအဖြစ်၊ ခင်ဗျားဟာ ပိုကောင်းတဲ့ ဟောပြောသူ ဖြစ်ချင်တယ်ဆိုပါစို့။ လုပ်နိုင်တဲ့ အချက် အချို့ကို ဆန်းစစ်ပါ။ ကောင်းပြီ၊ ခင်ဗျားတို့ TED talks ကို ကြည့်နိုင်တယ်၊ ကြည့်မှန်ရှေ့မှာ ရပ်နေလျက် မိန့်ခွန်း ပြောပုံကို လေ့ကျင့်နိုင်ပါတယ်၊ ဒါမှမဟုတ် အဘိဓာန်ကို နေ့စဉ် ဖတ်နိုင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အရာတွေ များပြားလှပါတယ်၊ ဒါပေမဲ့ စိတ်ကူး ၂၀ ကို ရှာနိုင်ပါသလား။ "ရတာပေါ့၊ လိုအပ်ရင် ၁၀၀ ကိုတောင် ရှာလို့ ရမှာပါ။" ဘဝဆိုင်ရာ မျက်နှာစာတိုင်းမှာ အဲဒီလို လုပ်ခဲ့မှာ စိတ်ကူးကြည့်ပါ၊ ဘဏ္ဍာရေးထဲမှာ၊ ရာထူးတက်ရေးအတွက်၊ ကိုယ့်မိသားစုအတွက် စသဖြင့်၊ နေ့စဉ် ကိုယ့်ပန်းတိုင်တွေကို ချရေးခဲ့မှာကို။ ခင်ဗျားတို့ဟာ ဘဝထဲမှာ အရာတွေ အများကြီးကို ပြုလုပ်နိုင်ခဲ့ကြမှာပါ။ အောင်မြင်ဖို့အတွက် လိုသမျှ အားလုံး ကျွန်တော်တို့ဆီမှာ ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာကို ပိုပြီး ရယူနိုင်ရန် ရှိနေတဲ့ အရာတွေကို ယူရပါမယ်၊ ကျွန်တော်တို့ မောင်းနေကြတဲ့ ကားတွေ၊ ကျွန်တော်တို့ရဲ့ အဝတ်အစားမှ အစ၊ ကျွန်တော်တို့ စားကြတဲ့ အစားအစာ၊ တွေ့ကြတဲ့ လူတွေ အဆုံးမှ ယူရမယ်။ အဲဒီလို များမြောင်းလှတဲ့ အရာတွေထဲတွင် အောင်မြင်ရန်အတွက် လိုတာ အားလုံး ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ရပါမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင်၊ ကမ္ဘာပေါ်မှာ ရှိကြသမျှလူတွေက ခင်ဗျားကို ယုံကြည်ကြတာကို တွေ့ရမှာပါ။ ခင်ဗျားတို့ ကြီးမားစွာ စဉ်းစားရပါမယ်။ စဉ်းစားတာ ကြီးရင်၊ လုပ်တာ ကြီးမယ်၊ အောင်မြင်မှု ကြီးမယ်။ တကယ်တော့၊ B-I-G စာ ကျွန်တော် ဒီနေ့ မျှဝေချင်တဲ့ စိတ်ကူး ၃ ခုပါပဲ- B -- ဖတ်ရမယ့် စာအုပ်တွေပါ၊ I -- တွေ့ကြရမယ့် individuals လူတွေပါ၊ နောက်ဆုံး G -- ကိုယ် ချမှတ်တဲ့ goals ပန်းတိုင်တွေပါ။ Books၊ individuals နှင့် goals - အောင်မြင်ဖို့အတွက် လိုတာက အဲဒါတွေပါပဲ၊ ကိုယ် စဉ်းစားတာ ကြီးမားရင်၊ ရလဒ်ကလည်း ကြီးပါမယ်။ မိတ်ဆွေတို့ အားလုံးပါ ကြီးမားစွာ အောင်မြင်ကြမှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)