နည်းပညာနတ်ဘုရား Hephaestus ဟာ သူ့အကောင်းဆုံးလက်ရာအတွက် အားထည့်နေပါတယ် သူဟာ Crete ကျွန်းနိုင်ငံလေး ကျူးကျော်သူတွေ နည်းပါးသွားအောင် Minos ဘုရင်အတွက် ကာကွယ်ရေးစနစ်အသစ်တစ်ခု ဖန်တီးနေတာပါ သက်ရှိအစောင့်လက်နက်တွေနဲ့ မလုံလောက်လို့ ဘယ်သူမှ မယှဥ်နိုင်တဲ့ ကာကွယ်သူတစ်ဦးကို ပန်းပဲဖိုမီးတွေကြားမှာ နတ်ဘုရားက တီထွင်ပေးခဲ့တာပါ ပြောင်လက်တောက်ပနေတဲ့ ကြေးနဲ့လုပ်ထားပြီး လူလွန်မသား အစွမ်းတွေနဲ့ နတ်ဘုရားတွေရဲ့ ဇီ၀သွေးရည်ဖြစ်တဲ့ ichor အစွမ်း သုံးထားတဲ့ ဧရာမစက်ရုပ်ကြီးတစ်ခုကို နတ်ဘုရား Hephaestus က တီထွင်ခဲ့တာပါ။ ဒီစက်ရုပ်ကြီးဟာ Hephaestus တီထွင်ခဲ့ဖူးတာတွေနဲ့ လုံးဝမတူပါဘူး။ နတ်ဘုရားဟာ စက်ရုပ်ကြီးကို Talos လို့ နာမည်ပေးခဲ့ပြီး ပထမဆုံးစက်ရုပ်ဖြစ်လာပါတယ် ကြေးစက်ရုပ်အစောင့်ကြီးဟာ ကျွန်းတဝှိက်မှာ တနေ့သုံးကြိမ် ချီတက်ကင်းလှည့်ပြီး ခိုးဝင်သူတွေကို ရှာဖွေပါတယ်။ ကမ်းခြေကိုကပ်လာတဲ့ သင်္ဘောတွေကို တွေ့တာနဲ့ သင်္ဘောလားရာလမ်းကြောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ ပစ်ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေ ကမ်းခြေကို မျောပါလာခဲ့ရင် သူ့ရဲ့ ကြေးကိုယ်ထည်ကြီးကို ပူအောင်လုပ်ပြီး ရင်ဘတ်မှာ ညှစ်သတ်ပစ်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့တာဝန်ကို နေ့စဥ်နေ့တိုင်း ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်ပါတယ် သို့သော် စက်ရုပ်အကျင့်တွေနဲ့ ဆန့်ကျင်စွာပဲ သူ့အတွင်းမှာ လူတွေထင်မှတ်မထားတဲ့ လူစိတ် ရှိနေခဲ့ပါတယ် မကြာခင်မှာပဲ သူ့ရဲ့စိတ်ကို စမ်းသပ်မယ့် သင်္ဘောတစ်စင်းနဲ့ တွေ့ပါတော့တယ် Jason, Medea နဲ့ Argonauts တို့ရဲ့ ပေတိပေစုတ်သင်္ဘောသားတွေဟာ ရွှေသိုးမွှေးရဖို့ အခက်အခဲပေါင်းစုံကို ကျော်လွှားခဲ့ပြီး အပြန်ခရီးမှာလည်း ပြဿနာပေါင်းစုံ ကြုံနေရတာကြောင့် ပင်ပန်းနေကြပြီး စိတ်ချရတဲ့ဆိပ်ကမ်းတစ်ခုမှာ ကမ်းကပ် အနားယူချင်နေပါတယ်။ သူတို့ဟာ Crete ရဲ့ ကြေးစက်ရုပ်ကြီးအကြောင်း ကြားသိရတဲ့အခါ ပင်လယ်အော်တွင်း ခိုလှုံဖို့ကြိုးစားပေမဲ့ ကျောက်မချခင်မှာပဲ Talos က သူတို့ကို တွေ့သွားပါတယ်။ အံ့ဖွယ်စက်ရုပ်ကြီး ချဥ်းကပ်လာတာကို Argonauts က မှင်သက်နေမိချိန်မှာပဲ Medea က စက်ရုပ်ကြီးရဲ့ ဖနောင့်က တောက်ပနေတဲ့ အဆို့ကို သတိထားမိသွားကာ ဉာဏ်နီဉာဏ်နက်ထုတ်ပြီး ကံစမ်းဖို့ ကြံစည်ပါတယ် Medea က တကယ်လို့ Talos သာ ဖနောင့်က အဆို့ကို ဖြုတ်ပေးရင် Talos ကို မသေအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ Medea ရဲ့ ကမ်းလှမ်းချက်ဟာ စက်ရုပ်ကြီးရဲ့အတွင်းစိတ်ထဲက စက်ရဲ့ သဘာဝကို မသိခြင်း၊ လူလို အသက်ရှည်ချင်ခြင်းကို ဆွဲကိုင်လှုပ်ခဲ့နိုင်တာကြောင့် စက်ရုပ်ကြီးဟာ သဘောတူခဲ့ပါတယ်။ Medea က ဂါထာမန္တာန်တွေ ရေရွတ်နေချိန်မှာ Jason က အဆို့ကို ဖြုတ်ပါတယ်။ Medea မျှော်မှန်းထားသလိုပဲ အဆို့ဟာ စက်ရုပ်ကြီးအတွက် အားနည်းချက်ဖြစ်နေပြီး ichor တွေ ချော်ရည်တွေလို စီးထွက်သွားတာနဲ့ Talos လည်း အင်အားနည်းသွားပါတယ်။ စက်ရုပ်ကြီးဟာ အသံအကျယ်ကြီး မြည်ဟိန်းကာ လဲကျသွားတဲ့နောက်မှာတော့ Argonauts တို့ လွတ်သွားပြီး အိမ်ပြန်သွားခဲ့ပါတယ်။ ဒီပုံပြင်ကို ၇၀၀ ဘီစီမှာ မှတ်တမ်းတင်ထားတာ စတင်တွေ့ရှိခဲ့ပြီး စက်ရုပ်အသိဉာဏ်နဲ့ ပတ်သက်တဲ့ တွေးစရာ ပူပန်စရာတွေ ပေးခဲ့သလို ရှေးခေတ် သိပ္ပံဝတ္တုတစ်ပုဒ်၊ ဇာတ်အိမ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းပညာရှင်တွေအဆိုအရတော့ ရှေးစက်ရုပ်တွေဟာ ဒဏ္ဏာရီတွေသာ ဖြစ်ပါတယ် ဘီစီ ၄ ရာစုမှာတော့ ဂရိအင်ဂျင်နီယာတွေက အစေခံစက်ရုပ်၊ ငှက်စက်ရုပ်စတဲ့ စက်ရုပ်တွေကို စတင်ပြုလုပ်တီထွင်ခဲ့ကြပေမဲ့ Talos လောက်တော့ နာမည်မကြီးခဲ့ပါဘူး Talos ဟာ ဂရိဒင်္ဂါးတွေ၊ ပန်းအိုးတွေ၊ ပန်းချီကားတွေ၊ နံရံဆေးရေးပန်းချီတွေ၊ ပြဇာတ်တွေထိ နာမည်ကြီးခဲ့တာပါ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက ဂရိတွေဟာ လူသားနဲ့ စက်ရုပ်ကြားက ခြားနားခြင်းမျဥ်းကို ယနေ့ခေတ် AI ဇာတ်လမ်းပုံပြင်ဝတ္တုတွေလို ရှာဖွေစူးစမ်းနေကြပြီ ဖြစ်ပါတယ် ဒီပုံပြင်မှာ စက်ရုပ်ကြီးရဲ့နှလုံးသားပါမက စက်ရုပ်အသိဉာဏ်ကိုပါ ဖေါ်ပြထားတာပါ ဘီစီ ၅ ရာစု ပန်းအိုးတစ်လုံးပေါ်က Talos ဇာတ်ပန်းချီမှာဆိုရင် ပန်းချီဆရာက စက်ရုပ်ကြီးသေဆုံးခန်းမှာ စက်ရုပ်ရဲ့ကြေးပါးပေါ်က မျက်ရည်တစ်စက် လိမ့်ကျလာပုံကို ရေးဆွဲပုံဖော်ထားပါတယ်