အဲဒါဟာ ချောင်းဆိုးမှုနဲ့ ဒါမှမဟုတ် ချွဲသံနဲ့ စတတ်ပါတယ်။ မကြာခင်မှာပဲ ကိုယ့်ရင်ဘတ် ပြည့်ကျပ်လာတယ်။ ကိုယ့်အသက်ရှူမှု မြန်လာလျက် အပြည့်ရှုမရဘဲ အသက်ရှုရတာ မလောက်ပါဘူး။ အဲဒါ ပန်းနာရင်ကျပ်ရဲ့ သာမန်လက္ခဏာတွေပါ။ တကမ္ဘာလုံးမှာ လူသန်း ၃၀၀ ကျော်တို့ဟာ ပန်းနာရောဂါ ရှိနေကြပြီး၊ နှစ်စဉ် လူ ၂၅၀၀၀၀ ခန့်တို့ဟာ အဲဒီရောဂါနဲ့ သေဆုံးကြပါတယ်။ ဒါနဲ့ လူတွေ ပန်းနာ ဖြစ်လာကြတာ ဘာကြောင့်လဲ ပြီးတော့ အဲဒီလို သေဆုံးကြရတာ ဘာကြောင့်လဲ။ ပန်းနာဟာ အသက်ရှူမှု စနစ်ကို ထိခိုက်စေပါတယ်၊ အထူးသဖြင့် လေရှူရာ လမ်းကြောင်းကလေးတွေပါ၊ ထိုကဲ့သို့သော အသက်ရှူရေး လေပြွန်နဲ့အဲဒါရဲ့အဖျားတွေပါ။ အဲဒီအသက်ရှူရာ လမ်းကြောင်းတွေမှာ mucosa ခေါ် အတွင်းပိုင်းအလွှာ ရှိပြီး ၎င်းကို ချောမွေ့နေတဲ့ ကြွက်သားတွေ ဝန်းရံထားပါတယ်။ ပန်းနာရှိသူတွေမှာ အဲဒီလမ်းကြောင်းတွေဟာ နာတာရှည် ရောင်ရမ်းနေတတ်လို့ သူတို့ဟာ တချို့ ဆွပေးတဲ့ အရာတွေကို သိပ်ကို ပြင်းထန်စွာ တုံ့ပြန်တတ်ကြတယ်။ ပန်းနာကို ထိုးဆွပေးနိုင်တဲ့ အရာတွေ ထဲက တချို့တို့မှာ ဆေးရွက်မီးခိုး၊ ဝတ်မှုန်၊ ဖုန်မှုန့်၊ အမွှေးနံ့သာ၊ လေ့ကျင့်ခန်း၊ အေးလွန်းတဲ့ရာသီဥတု၊ စိတ်ဖိစီးမှု၊ ရိုးရိုး အအေးမိမှု ဖြစ်ပါတယ်။ ပန်းနာရင်ရှိသူ တစ်ယောက် အဲဒါမျိုး တစ်ခုခုကို ရင်ဆိုင်ရရက်၊ ပန်းနာရင်ကျပ်တာ ပေါ်ပေါက်လာခြင်း ဒါမှမဟုတ် အခြေအနေဆိုးလာတတ်ပါတယ်။ ဒါပေမဲ့ ခုနက ပြောတဲ့ အချက်တွေက ပန်းနာရင်ကျပ်အောင် ဘယ်လိုလုပ်ပစ်တာလဲ။ ပန်းနာရှိသူဟာ ထိုးဆွပေးတဲ့ အချက်နဲ့ တွေ့မိရင်၊ သူတို့အဆုတ်ထဲက အသက်ရှူလမ်းကြောင်းလေးထဲ ရစ်ပတ်ထားတဲ့ ကြွက်သားဟာ ကျုံ့လာပြီး ကျဉ်းမြောင်းလာတတ်တယ်။ တချိန်တည်းမှာ ဆွပေးတဲ့ အရာကြောင့် ရောင်ရမ်းမှုဟာ ပိုဆိုးလာတယ်၊ ခုနက mucosa အလွှာကို ပိုပြီး ရောင်လာစေပြီး ချွဲပိုပြီး ထွက်စေတယ်။ သာမန်အခြေအနေမျိုးမှာ၊ ခန္ဓာကိုယ်က ချွဲဖြင့် ဝတ်မှုန် ဒါမှမဟုတ် ဖုန်မှုန့်လို အပိုင်းတွေကို ဖမ်းယူတတ်ပေမဲ့ ပန်းနာရင်ကျပ်ချိန်မှာ ကျတော့၊ ကျဉ်းနေတဲ့ အသက်ရှူလမ်းတွေကို ပိတ်ဆို့လျက် အသက်ရှူမှုကို ပိုလို့ ခက်လာစေပါတယ်။ အဲဒီလို အကြောင်းအရာတွေကမှ ပန်းနာရင်ကျပ်မှုကို ဖြစ်ပေါ်လာစေကြတာပါ။ ချောမွေ့ရမယ့် ကြွက်သားတွေ တင်းကျပ်လာရင် ရင်ဘတ်ထဲ ပြည့်ကျပ်သလို ခံစားရပါတယ်။ ချွဲများလာပြီး ပိုပြီး ရောင်ရမ်း လာမှုကြောင့် ချောင်းဆိုးလာနိုင်ပါတယ်။ တဝီဝီအသံမြည်တာ ကျတော့ကော။ အသက်ရှူရာ လမ်းကြောင်းတွေ ကျဉ်းလာလို့ လေက အဲဒီလို ကျဉ်းနေတဲ့ နေရာတွေကို ဖြတ်သွားချိန်မှာ မြည်လာတာပါ။ ဒီလို ရောဂါလက္ခဏာတွေကြောင့် လူနာဟာ အသက်ရှူရန် လေမရှိသလို ခံစားရနိုင်ပါတယ်။ ပိုဆိုးဝါးတဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့် ပန်းနာရင်ကျပ်ချိန်မှာ၊ ရောင်ရမ်းမှုဟာ အသက်ရှူထုတ်မှုကို အသက်ရှူသွင်းမှုထက် ပိုပြီး ခက်ခဲလာစေတယ်။ အချိန်ကြာတော့ အဲဒါကြောင့် အဆုတ်ထဲမှာ ကျန်နေတဲ့ လေဟာ ပိုလျှံလာလျက်၊ ဖွေင်းပွမှုမျိုးကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ အဆုတ်ထဲတွင် လေပိတ်နေမှုကြောင့် ခန္ဓာကိုယ်ဟာ လေကို ရှူသွင်းရန်၊ ထုတ်ရန် ပိုပြီး ပင်ပန်းစွာ လုပ်ကိုင်ရပါတယ်။ အဲဒါကြာလာရင် ခန္ဓာကိုယ်ရဲ့ အင်္ဂါများနဲ့ တစ်ရှူးများမှာ အောက်စီဂျင် နည်းလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ ပန်းနာကို ကုသမပေးခဲ့လျှင်၊ ကိုယ်ခန္ဓာဟာ ဆက်မခံနိုင်တော့ဘဲ အောက်စီဂျင် မလုံလောက်မှုကြောင့် သေဆုံးသွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒီတော့ ပန်းနာရှိကြသူတွေဆီမှာ အဲဒီလို စိုးရိမ်ဖွယ်ရာ သေနိုင်တဲ့ ရင်ကျပ်မှုကို ဟန့်တားရန် ကျွန်ုပ်တို့ ဘာတွေ လုပ်ပေးရမလဲ။ ပထမတနည်းက ရောဂါဆွပေးတဲ့ အရာတွေကို နည်းလာစေရန် ဖြစ်တယ်။ ကျွန်ုပ်တို့ ကမ္ဘာကြီးဟာ ကြိုတင် ခန့်မှန်းရန် မလွယ်တဲ့ နေရာမို့ ရောဂါဆွပေးတဲ့ အရာတွေနဲ့ မတွေ့မိရေးကို အမြဲတမ်း ထိန်းချုပ်မရနိုင်ပါ။ အဲဒီလို အခြေအနေမျိုးမှာ ရှူဆေးဘူးတွေ ဝင်ကူပေးကြရပါတယ်။ အဲဒီဆေးတွေဟာ ပန်းနာသမားတွေကို ပန်းနာ ရောဂါ လက္ခဏာတွေကို ထိန်းချုပ်ခွင့် ပေးနိုင်တယ်။ ရှူဆေးတွေဟာ ထိခိုက်ထားတဲ့ အသက်ရှူလမ်းကြောင်းတွေကို ကုသပေးပါတယ်၊ အရည်မှုန်တွေ ဒါမှမဟုတ် ဆေးမှုန်တွေက ပြဿနာရဲ့ ဇာတ်မြစ်တွင် ကုပေးနိုင်တယ်။ အဲဒီဆေးတွေ ပုံစံနှစ်မျိုးဖြင့် လာကြတယ်။ ရောဂါ သက်သာစေတဲ့ ဆေးတွေရှိပါတယ်၊ ရောဂါလက္ခဏာတွေကို ချက်ချင်း ကုသပေးတဲ့ beta-agonist တွေ ပါတတ်တယ်။ beta-agonist တွေဟာ မာကျောနေတဲ့ ကြွက်သွားတွေကို ပြေလျော့လာစေလို့ အသက်ရှူ လမ်းကြောင်းကို ချဲ့ပေးခြင်းဖြင့် အဆုတ်ထဲ လေဝင်ထွက်မှုကို ခွင့်ပြုပေးပါတယ်။ နောက် ရှူဆေးဘူးတွေက ကြိုတင်ကာကွယ်ရေး ဆေးပုံစံမျိုးပါ။ ပန်းနာရဲ့ ရောဂါလက္ခဏာတွေကို ရေရှည် ကုသပေးမှု ဖြစ်ပြီး corticosteroidတွေ ပါဝင်တတ်ပါတယ်။ Corticosteroid တွေဟာ အသက်ရှူ လေကြောင်းရဲ့ အာရုံခံနိုင်စွမ်းကို လျှော့ချပေးလျက် ပန်းနာရင်ကျပ်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပြီးတော့ နာတတာရှည် ပန်းနာကြောင့် အသက်ရှူ လမ်းကြောင်းမှာ အနာရွတ်တွေ ပေါ်လာတတ်ကြတာကို ကုသပေးရာတွင်လည်း ၎င်းတို့ဟာ အရေးပါကြပါတယ်။ ရှူဆေးဘူးတွေဟာ တော်တော့ကို ထိရောက်ကြပါတယ်၊ လူများစွာတို့ရဲ့ အသက်ရှင် နေထိုင်မှုကို ပိုကောင်းအောင် ကူပေးခဲ့ကြပါတယ်။ ကျွန်ုပ်တို့က ပန်းနာရို ကုသလာခဲ့ကြပုံနဲ့ ပန်းနာရောဂါကို စူးစမ်းဖေါ်ထုတ်ရာတွင် အတော်လေး တိုးတက်လာခဲ့ကြပေမဲ့ ၎င်းရဲ့ အကြောင်းရင်းကို မသိကြသေးပါ။ လောလောဆယ်တွင် ကျွန်ုပ်တို့ဟာ မျိုးဗီဇနှင့် ပတ်ဝန်းကျင် အချက်တွေ ပေါင်းဆုံလျက် အထူးသဖြင့် ကလေးဘဝတွင် အဲဒီလို အကျိုးသက်ရောက်ခဲ့တယ်လို့ ယူဆကြပါတယ်။ မကြာမီက သုတေသနတွေက ပန်းနာရောဂါဟာ ဆင်းရဲ မွဲတေမှုနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ တကယ်တော့ ညစ်ညမ်းပစ္စည်းများနဲ့ ပိုထိတွေ့ရမှုများနဲ့ ပတ်ဝန်းကျင်ထဲက ဆိုးဝါးစေတဲ့ အရာများနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဒါမှမဟုတ် ကုသမှု အလားအလာနည်းမှုနဲ့ ဆက်စပ်နိုင်ပါတယ်။ ပန်းနာဆိုင်ရာ ကျွန်တော်တို့သိရှိတာ တိုးတက်ကောင်းမွန်လာနေလို့ လူတွေရဲ့ အသက်ရှူလမ်းတွေ ပျော်ရွှင် ကျန်းမာ စေမယ့် နည်းကောင်းကို ရှာတွေ့လာနိုင်မှာပါ။