၁၉၉၂ ခုနှစ်တွင် ရေချိုးရာတွင် သုံးရန်ကစားစရာတွေ တင်ဆောင် လာတဲ့ ကုန်တင်သင်္ဘော မုန်တိုင်းမိသွားတယ်။ သင်္ဘောပေါ်က ကွန်တိန်နာတွေ ရေထဲ မျောပါသွားကြလို့ လှိုင်းတွေဟာ ရော်ဘာ ဘဲ ကောင်ရေး ၂၈၀၀၀ ကို မြောက်ပစိဖိတ်သို့ တွန်းပို့ခဲ့တယ်။ ဒါပေမဲ့ ၎င်းတို့ဟာ အတူတူ တစ်နေရာတည်းမှာ မဟုတ်ခဲ့ကြပါ။ ပြောင်းပြန် ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်- အဲဒီ ဘဲကောင်တွေဟာ တစ်ကမ္ဘာလုံး အဝမ်းကို မျောပါသွားကြတယ်။ အဲဒါနဲ့ သုတေသီတွေဟာ ၎င်းတို့ရဲ့ လမ်းကြောင်းကို အသုံးပြုပြီး သမုဒ္ဒရာ ရေစီးကြောင်းတွေကို ပိုကောင်း မွန်စွာ နားလည်ရန် ဇယားကို ရေးဆွဲခဲ့ကြတယ်။ သမုဒ္ဒရာရေစီးကြောင်းတွေကို မောင်းနှင်ပေးတဲ့ ရင်းမြစ်တွေ စုံလှပါတယ်- လေ၊ ဒီရေများ၊ ရေရဲ့ သိပ်သည်းဆ မတူခြင်း၊ ပြီးတော့ ကမ္ဘာကြီး လည်ပတ်မှုလဲ ပါတယ်။ သမုဒ္ဒရာကြမ်းပြင်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ကမ်းခြေလိုင်းတွေကလည်း ရေစီးကြောင်းတွေကို အရှိန်ပိုရလာစေသလို၊ နှေးကွေးလာစေခြင်း သို့မဟုတ် ဦးတည်ချက်ကို ပြောင်းလဲသွားနိုင်ပါတယ်။ သမုဒ္ဒရာရေစီးကြောင်းတွေ အဓိက အမျိုးအစား နှစ်မျိုး ခွဲရနိုင်တယ်- မျက်နှာပြင် ရေစီးကြောင်းနဲ့ သမုဒ္ဒရာ အနက်ပိုင်း ရေစီးကြောင်းတွေပါ။ မျက်နှာပြင် ရေစီးကြောင်းတွေဟာ သမုဒ္ဒရာ ရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို ထိန်းချုပ် ထားတယ်လို့ ဆိုနိုင်ပြီး၊ နက်ရှိုင်းတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ကျတော့ ကျန် ၉၀ ရာခိုင်နှုန်း ပါပါတယ်။ ၎င်းတို့ဖြစ်ပေါ်လာပုံ အကြောင်းတွေ မတူပေမဲ့၊ မျက်နှာပြင်နှင့်အနက်ပိုင်း ရေစီးကြောင်းတို့ဟာ အပြန်အလှန် သက်ရောက်မှုရှိပြီး သမုဒ္ဒရာ တစ်ခုလုံးကို ရွေ့လျားစေနေတဲ့ အကတမျိုးနဲ့ တူပါတယ်။ ကမ်းခြေ အနီးမှာဆိုရင်၊ မျက်နှာပြင် ရေစီးကြောင်းကို လေရော ဒီရေကပါ မောင်းနှင်ပေးကြတယ်၊ ရေကို နောက်နဲ့ရှေ့ကို လှုပ်ရှားစေလျက် ရေမျက်နှာပြင်ဟာ နိမ့်လိုက်မြင့်လိုက်ပါ။ တချိန်တည်းမှာ လဟာပြင် သမုဒ္ဒရာထဲမှာ မျက်နှ ာပြင်ရေစီးကြောင်းအတွက် လေဟာ အဓိကအားပါ။ လေဟာ သမုဒ္ဒရာရဲ့ အထက်မှ တိုက်ခတ်စဉ်၊ ၎င်းဟာ ရေရဲ့ အပေါ်ယံအလွှာကို မိမိနဲ့အတူ ဆွဲယူသွားပါတယ်။ အဲဒီလို ရွေ့လျားနေတဲ့ အလွှာက အောက်ပိုင်းရှိ အလွှာများကို ဆွဲယူလို့ အဲဒီ အလွှာတွေ ၎င်းတို့အောက်ရှိ အလွှာကို ဆွဲခေါ်ကြပါတယ်။ လက်တွေ့တွင်၊ မီတာ ၄၀၀ အထိ နက်တဲ့ ရေဟာ သမုဒ္ဒရာ မျက်နှာပြင်ပေါ်က လာရဲ့ သက်ရောက်မှုကို ခံရပါတယ်။ တစ်ကမ္ဘာလုံး မျက်နှာပြင် ရေစီးကြောင်းတွေ စီးဆင်းပုံ ဇယားအဖြစ် ဆွဲကြည့်မယ် ဆိုရင်၊ ၎င်းတို့ဟာ gyres ခေါ် ဧရာမပတ်လမ်းတွေနဲ့ တူတာကို မြင်ရပါမယ်၊ အဲဒီ ပတ်လမ်းဟာ ကမ္ဘာ့မြောက်ပိုင်းခြမ်းမှ လက်ယာရစ် ပတ်နေပြီး ကမ္ဘာ့ တောင်ပိုင်းခြင်းမှာ ကျတော့ လက်ဝဲရစ် ပတ်နေတတ်တယ်။ အဲဒါရဲ့ အကြောင်းရင်းက ကမ္ဘာကြီရဲ့ လည်ပတ်မှု ဖြစ်ပြီး အဲဒီ ရေစီးကြောင်းတွေကို အဲဒီလို ပုံစံမျိုးဖြင့် လည်ပတ်လာစေတာပါ။ ကမ္ဘာကြီသာ မလည်ပတ်ခဲ့ပါက၊ အီကွေတာက ဖိအားနည်း ဒေသနဲ့ ဝင်ရိုးစွန်း ဒေသများက ဖိအားများ ဒေသ တွေ အကြားမှာ လေနဲ့ ရေတို့ဟာ ရှေ့နောက်သာ လှုပ်ရှားနေခဲ့မှာပါ၊ ဒါပေမဲ့ ကမ္ဘာကြီးဟာ လည်နေတော့၊ အီကွေတာမှ မြောက်ဝင်ရိုးစွန်းဆီ တိုက်တဲ့ လေဟာ အရှေ့ဘက်ကို ပါသွားမှာ ဖြစ်ပြီး၊ နောက်ကို ပြန်တိုက်တဲ့ လေကျတော့ အနောက်ဘက်ကို ရွေ့ပါသွားမှာပါ။ အဲဒါရဲ့ ထင်ဟပ် မြင်ရနိုင်တဲ့ ပုံစံမျိုးကို တောင်ပိုင်း ကမ္ဘာခြမ်းမှာ မြင်ရပြီး လေကြောင့် ပေါ်လာကြတဲ့ အဓိကရ ရေစီးကြောင်းတွေဟာ သမုဒ္ဒရာ တဝမ်းမှာ ခုနက ပြောခဲ့သလို ကွင်းဆက်ပုံစံတွေ ပေါ်လာရတာပါ။ အဲဒါကို Coriolis Effect လို့ခေါ်ပါတယ်။ တိုက်တဲ့ လေဟာ ၎င်းတို့အောက်ရှိ သမုဒ္ဒရာကို ခုနက လည်ပတ်နေတဲ့ gyres ထဲ တွန်းပို့ပါတယ်။ ရေဟာ အနွေးဓာတ်ကို လေထက် ပိုထိရောက်စွာ ထိန်းထားနိုင်တာမို့လို့ အဲဒီ ရေစီးကြောင်းတွေဟာ အနွေးဓာတ်ကို ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးပါတယ်။ မျက်နှာပြင်ရေစီးကြောင်းနဲ့ မတူဘဲ၊ အနက်ပိုင်း ရေစီးကြောင်းတွေကို မောင်းနှင် ပေးတာက ပင်လယ်ရေရဲ့ သိပ်သည်းဆပါ။ မြောက်ဝင်ရိုးစွန်းဆီသို့ ရွေ့လျားလာတဲ့ ရေဟာ ပိုအေးလာပါတယ်။ ၎င်းထဲမှာ ပါတဲ့ ဆားဟာလည်း ပိုပြစ်ပါတယ်။ ရေထဲ ပေါ်လာကြတဲ့ ရေခဲပွင့်တွေဟာ ဆားကို သူတို့ နောက်မှာ ချန်ရစ်ခဲ့ကြလို့ပါ။ အေးနေပြီး ဆားဓာတ်များတဲ့ ရေဟာ ပိုသိပ်သည်းလို့ အောက်ကို နစ်မြုပ်သွားလျက်၊ ပိုနွေးတဲ့ မျက်နှာပြင်ရေက ၎င်းရဲ့ နေရာကို ဝင်ယူခြင်းဖြင့်၊ thermohaline ခေါ် အထက်အောက် ရေစီးကြောင်းကို ပေါ်လာစေပါတယ်။ Thermohaline အနက်ပိုင်းရေနဲ့ လေက တိုက်ပေးတဲ့ မျက်နှာပြင် ရေစီးကြောင်းတွေဟာ Global Conveyor Belt ခေါ် လိမ်ရစ်နေတဲ့ ကွင်းဆက်ကို ဖြစ်ပေါ်စေတယ်။ ရေဟာ သမုဒ္ဒရာ အနက်ပိုင်းမှနေပြီး မျက်နှာပြင်ဆီကို ရွေ့လျားရင်း သမုဒ္ဒရာ အစားအစာ ကွင်းဆက်များကို ဖန်တီးပေးကြတဲ့ အဏုဇီဝကောင်တွေ မှီဝဲကြတဲ့ အာဟာရတွေကို သယ်ပေးလာပါတယ်။ Global Conveyor Belt ဟာ ကမ္ဘပေါ်က အရှည်လျားဆုံးသော ရေစီးကြောင်း ဖြစ်ပြီး ကမ္ဘာကြီးကို မြွေလို ရစ်ပတ်ထားတာပါ။ ဒါပေမဲ့ ၎င်းဟာတစ်စက္ကန့်မှာ စင်တီမီတာ အနည်းငယ်မျှသာ ရွေ့လျားတာပါ။ ဒီတော့ အဲဒီထဲ ပါလာတဲ့ ရေစက်ဟာဖြင့် တပတ်လုံး လည်ပတ်ရန် နှစ်ထောင်ချီ ကြာပါမယ်။ ကြည့်ရတာ ပင်လယ် အပူချိန် မြင့်တက်လာမှုက လည်နေတဲ့ ခါးပတ်ကို နှေးကွေးလာစေနေတာ ထင်ရှားပါတယ်။ ပုံစံပြုလုပ်ပြီး စမ်းသပ်ကြည့်ရာ အဲဒါက အတ္တလန္တိတ်ရဲ့ ဘက်နှစ်ဘက်စလုံးမှာ ရာသီဥတုစနစ်ကို ကမောက်ကမ ဖြစ်စေပြီး ရေစီးနှုန်းဟာ ဆက်ပြီး နှေးလာပါက ဘာတွေ ဖြစ်ပျက်လာနိုင်ကြောင်း ဒါမှမဟုတ် လုံးဝ ရပ်သွားနိုင်တာကို ဘယ်သူမှ မသိပါ။ ကျုပ်တို့ မှန်ကန်စွာ ခန့်မှန်းနိုင်ရန်နဲ့ လိုအပ်သလို ပြင်ဆင်ထားနိုင်ရန် နည်းလမ်းမှာ ရေစီးကြောင်းတွေနဲ့ ၎င်းတို့ဖြစ်ပေါ်စေတဲ့ စွမ်းအင်များကို ဆက်လေ့လာကြည့်နေဖို့ပါပဲ။