ကမ္ဘာမှာ တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ နှစ်စက္ကန့်တိုင်း လေဖြတ်ခြင်းကိုခံစားရတယ်။ လူခြောက်ယောက်မှာ တစ်ယောက်ဟာ ဘဝမှာ ဒီအဖြစ်ကိုကြုံတွေ့ရမှာပါ။ လေဖြတ်ခြင်းကဦးနှောက်ဆဲလ်တွေ အောက်စီဂျင် ချို့ငဲ့လို့ဖြစ်ပြီး၊ လူသေဆုံးစေတဲ့ အကြောင််းရင်းထဲက အဖြစ်များဆုံးတစ်ခုဖြစ်တယ်။ ကာကွယ်နိုင်တဲ့ မသန်စွမ်းဖြစ်မှုကို ဖြစ်စေတဲ့အဓိကအကြောင်းလည်းဖြစ်တယ်။ လူတစ်ဦးလေဖြတ်ခဲ့ရင် အမြန်ဆုံး ဆေးဝါးကုသစေဖို့က အလွန်အရေးကြီးပြီး၊ ရာသက်ပန်ဦးနှောက်ပျက်စီးခြင်းကို ရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် လေဖြတ်ခြင်းးကို ဖြစ်စေတဲ့ အကြောင်းရင်းကဘာလဲ။ ဆရာဝန်တွေအနေနဲ့ ဒါကိုကုသဖို့ ဘာတွေလုပ်ပေးနိုင်လဲ? ဦးနှောက်က သင့်ခန္ဓာကိုယ်ရဲ့ ၂% သာ ရှိပါတယ်။ ဒါပေမယ့် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ရဲ့ ၂၀% ထက်ပိုပြီး သုံးစွဲပါတယ်။ အဲ့ဒီအောက်ဆီဂျင်ကို သွေးလွှတ်ကြောစနစ် မှတဆင့် ဦးနှောက်ကိုသယ်သွားပြီး Carotid artieriesများက ဦးနှောက်အရှေ့ပိုင်းကိုသွေးပို့ပေးပြီး ကြောရိုးရှိသွေးလွှတ်ကြောများက အနောက်ပိုင်းကို ပို့ပေးပါတယ်။ သူတို့ဟာ အချင်းချင်းဆက်နွယ်နေပါတယ်။ ၄င်းတို့ဟာ ပိုမိုသေးငယ်တဲ့သွေးကြောများ အဖြစ် ခွဲထွက်ကာ ဘီလီယံနဲ့ချီတဲ့ အာရုံကြောဆဲလ်လေးများ လိုအပ်တဲ့အောက်ဆီဂျင်ဓါတ်ကိုပေးပါတယ်။ သွေးလည်ပတ်မှု ပြတ်တောက်ရင် အောက်ဆီဂျင် ပို့ပေးမှုရပ်ပြီး ဦးနှောက်ဆဲလ်တွေသေမှာပါ။ ဒီလိုဖြစ်နိုင်တဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ ဦးနှောက်သွေးကြောပြတ်၍ ဦးနှောက်တွင်း သွေးယိုစိမ့်ရင်ဖြစ်နိုင်ပါတယ်။ ပိုအဖြစ်များတာကတော့ ischemic လို့ခေါ်တဲ့ လေဖြတ်ခြင်းဖြစ်ပြီး၊ သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှုဖြစ်ပြီး သွေးလည်ပတ်မှု ရပ်တန့်သွားတာပါ။ ဒီသွေးခဲက ဘယ်ကဖြစ်လာတာလဲ။ ရှားပါးတဲ့ ဖြစ်စဉ်တွေမှာ နှလုံးးခုန်နှုန်း ရုတ်တရက်ပြောင်းတာက နှလုံးအပေါ်ခန်းတွေကို ပုံမှန်အတိုင်း မကျုံ့စေတော့တဲ့အတွက် သွေးလည်ပတ်မှုက နှေးကွေးသွားပြီး၊ သွေးလည်ပတ်မှုကို ပိတ်ဆို့စေတဲ့ အရာများကို စုဝေးစေပြီး သွေးခဲဖြစ်စေတယ်။ ဒီသွေးခဲက သွေးလွှတ်ကြောနဲ့ ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောတွေဆီ သယ်ဆောင်ခြင်းခံရပြီး၊ ထပ်ပြီးတိုးဝင်လို့မရတော့တဲ့ သွေးကြောဆီရောက်တဲ့အထိပါပဲ။ ဒါကို embolism လို့ခေါ်ပြီး၊ နှလုံးကစီးတဲ့သွေးကြောတွေကနေ ဆဲလ်တွေဆီ အောက်ဆီဂျင်ပို့ခြင်းကို ဖြတ်တောက်ပါတယ်။ ဦးနှောက်မှာ နာကျင်မှုကိုခံစားတဲ့အာရုံခံတွေ မရှိတဲ့အတွက် ပိတ်ဆို့မှုကို မခံစားရပါဘူး။ သို့သော် အောက်ဆီဂျင်ချို့တဲ့၍ ဦးနှောက်လုပ်ဆောင်မှုနှေးစေပြီး ရုတ်တရက် သိသာတဲ့ အကျိုးဆက်ကို ဖြစ်စေပါတယ်။ ဥပမာ- ထိခိုက်သွားတဲ့နေရာက ဦးနှောက်ရဲ့ စကားပြောဖို့အတွက် အလုပ်လုပ်တဲ့နေရာဖြစ်ရင်၊ အဲ့ဒီလူ ပြောတဲ့စကားတွေက ဗလုံးဗထွေး ဖြစ်သွားနိုင်ပါတယ်။ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်တဲ့အပိုင်းကို ထိခိုက်သွားခဲ့ရင် များသောအားဖြင့် ကိုယ်ခန္ဓာတစ်ခြမ်းမှာ အားနည်းမှုဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင်၊ ထိခိုက်တဲ့နေရာကို လမ်းကြောင်းပြောင်း သွေးစီးဆင်းခြင်းဖြင့် ကိုယ်ခန္ဓာက ချက်ချင်းချိန်ညှိပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒါဟာအကောင်းဆုံးအဖြေမဟုတ်ပါဘူး။ နောက်ဆုံးတော့ အောက်ဆီဂျင် လုံလုံလောက်လောက် မရတဲ့ဆဲလ်ဟာ သေဆုံးပြီး၊ ပြင်းထန်တဲ့ သို့မဟုတ် ရာသက်ပန် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အမြန်ဆုံးဆေးဝါးကုသမှု ခံယူဖို့အရေးကြီးပါတယ်။ ကနဦး ကုသမှုအပိုင်းမှာတော့ သွေးကြောထဲကို ဆေးသွင်းခြင်းဖြစ်ပြီး၊ Tissue Plasminogen Activator လို့ခေါ်ပါတယ်။ ဒါက သွေးခဲကို ပြိုကွဲစေပြီး၊ သွေးလုံလောက်စွာမရတဲ့ သွေးလွှတ်ကြောများသို့ သွေးပြန်လည်စီးဆင်းစေပါတယ်။ နာရီပိုင်းအတွင်း သွေးပြန်စီးဆင်းနိုင်ရင်၊ ဒီကုသနည်းက လေဖြတ်ခြင်းကို ကျော်လွှား နိုင်စေမှာဖြစ်ပြီး၊ ရာသက်ပန်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ Tissue Plasminogen Activator ကုသနည်း နဲ့ ကုပေးလို့မရတဲ့၊ အချို့သောဆေးဝါးတွေကို လူနာက မှီဝဲနေတဲ့အခါမျိုး၊ သွေးအလွန်ထွက်ဖူးတဲ့ သမိုင်းရှိရင် သို့မဟုတ် သွေးခဲကအလွန်ကြီးနေရင်၊ ဆရာဝန်တွေအနေနဲ့ endovascular thrombectomy ဆိုတဲ့ ကုထုံးနဲ့ ကုသမှာဖြစ်တယ်။ မီးထိုးလျှင် တောက်ပသော ဆိုးဆေးသုံး၍ အားကောင်းသောဓါတ်မှန်အောက်မှာ သွေးကြောကို ထင်ရှားစေပြီး၊ သေးငယ် ရှည်လျား၍ ကွေးကောက်နိုင်သောပြွန်ကို လူနာခြေထောက်ရှိ သွေးလွှတ်ကြောထဲ မှတဆင့်၊ သွေးကြောပိတ်ဆို့တဲ့ နေရာအထိ ထိန်းချုပ် ထိုးသွင်းသွားမှာဖြစ်ပါတယ်။ ဒီပြွန်ထဲမှ retriever ကိရိုယာ ကဖြတ်သန်းသွားမှာပါ။ ၄င်းက သွေးခဲကိုဖြတ်သွားချိန်မှာ ဖြန့်ကားပြီး၊သွေးခဲကို ချိတ်တွယ်ထားပါတယ်။ ထို့နောက် ပြွန်ငယ်ကိုပြန်ထုတ်ချိန်မှာ သွေးခဲကိုပါဆွဲထုတ်လိုက်နိုင်ပါတယ်။ ဦးနှောက်လည်ပတ်နိုင်မှု မပျက်စေဖို့ ဒီကုသမှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့ လိုပါတယ်။ ဒီအတွက် တစ်စုံတစ်ဦး လေဖြတ်နိုင်ခြေကို အမြန်ဆုံး ခန့်မှန်းနိုင်ဖို့လိုပါတယ်။ ဒါဆို ဘယ်လိုသိနိုင်မှာလဲ။ အမြန်ဆုံးသိနိုင်မယ့် နည်း(၃)ခုရှိပါတယ်။ ၁။ အဲဒီလူကို ပြုံးပြခိုင်းပါ။ ပါးစပ်ကရွဲ့နေရင် (သို့မဟုတ်) မျက်နှာက တွဲကျနေရင် ကြွက်သားအားနည်းတာ ဖြစ်နိုင်တယ်။ ၂။ လက်မြှောက်ခိုင်းကြည့်ပါ။ လက်တစ်ဖက်က အောက်ဖက်ကို ပြန်လျှောကျလာရင် ဒါကလည်း လေဖြတ်ချင်တဲ့ လက္ခဏာပါပဲ။ ၃။ ရိုးရှင်းတဲ့စကားလုံး သို့မဟုတ် စကားစုကို ထပ်တလဲလဲ ရွတ်ခိုင်းကြည့်ပါ။ သူတို့အသံက ဗလုံးဗထွေးဖြစ်နေရင် သို့မဟုတ် တမူထူးနေရင်၊ စကားကိုထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းက အောက်ဆီဂျင်ချို့တဲ့နေတဲ့ အဓိပ္ပါယ်ပါ။ ဒါကို FAST စစ်ဆေးမှုလို့ခေါ်ပြီး၊ T က အချိန်ကို ကိုယ်စားပြုပါတယ်။ ဒီလက္ခဏာတစ်ခုခုကို တွေ့ခဲ့ရင် အရေးပေါ်ဝန်ဆောင်မှုကို ချက်ချင်းခေါ်ဆိုပါ။ လူ့အသက်များ ဒီအပေါ်မူတည်နေနိုင်ပါတယ်။