မင်္ဂလာ နံနက်ခင်းပါ။ ပထမအနေနဲ့ အားလုံးကို ဂုဏ်ပြုပါရစေ။ ကျွန်တော့ကို လက်ခံကြတာကို ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက The Science Leadership Academy in Philadelphia က ကွန်ဖရင့်တစ်ခုရဲ့ သဘာပတိအဖွဲ့ဝင်အဖြစ် ဂုဏ်ပြု ဖိတ်ကြားခံခဲ့ရတယ်။ Derek McCoy ဆိုတဲ့ လူမည်း ပညာရေး ဝန်ထမ်းအား ရေရှည်ရပ်တည်နိုင်စွမ်း အကြောင်း မေးခွန်း မေးကြည့်ခဲ့ကြပြီး သူဆက်ပြီး အလုပ်လုပ်နေရာ တချိန်လုံး ရပ်တည်နိုင်အောင် ကူပေးတာက ဘာတွေလဲ။ သူဟာ ချက်ချင်းဆိုသလို စပြီးဖြေလိုက်တာက၊ "Jose Vilson ရဲ့ ဘလော့ဂ်ကို ဖတ်ခဲ့ဘူးလား။ ကျွန်ုပ် အခုရပ်တည်နေတာ သူ့ဘလော့ဂ်ကြောင့်။" "ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။" ကျွန်တော် ထိတ်လန့်သွားတယ်၊ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ ကျွန်တော်က သဘာပတိအဖွဲ့ထဲ ထိုင်နေခဲ့တယ်၊ သူပါ အဲဒီမှာ ထိုင်နေမှန်း မသိခဲ့ဘူး။ သူနဲ့ ကျွန်တော် မတွေ့ခဲ့ဖူးပါ။ အဲဒီကျမှ ပထမဦးစွာ တွေ့ခဲ့ရတာပါ။ ကျုပ်တို့ဟာ မိုင်ထောင်ချီ ဝေးရာမှာ နေခဲ့ကြတာ၊ အခုတော့ သူက ကျွန်တော်က ကျွန်တော့ ပို့စ်တွေနဲ့ ဘလော့ဂ်များဖြင့် သူ့ကို အားပေးခဲ့တယ်တဲ့။ မှန်ပါတယ်၊ ကျွန်တော်က ဆရာ့ စကားပြောသံ အကြောင်းကို ပြောဆိုရာတွင် ကျွန်တော်ဟာ ဆရာဖြစ်ခြင်းက၊ အချိန်ပြည့် ဆရာဖြစ်ခြင်းက ဘာကိုဆိုလိုကြောင်း တချိန်လုံး စဉ်းစားနေတာပါ။ ကျွန်တော်ဟာ နယူးယောက်ရှိ Washington Heights မှာ အချိန်ပြည့် သင်္ချာဆရာဖြစ်ပြီး အဲဒါ့ကို လေးစား ဂုဏ်ယူပါတယ်။ ပြီးတော့ အဲဒီအချက်ကြောင့်၊ ကျွန်တော်ဟာ ပြောဆို လုပ်ကိုင်သမျှ သိပ် ချင့်ချိန်ဖို့ လိုတာကိုလည်း သိနားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ "ကောင်းပြီ၊ ဆရာတွေ စကားမပြောသင့်ပါဘူး။ တို့အားလုံး စကားပြောတတ်တော့ သူတို့ပြောစရာ အကြောင်း မရှိဘူး" ဆိုသူတွေ ရှိနေလို့ပါ။ "အင်း၊ ဘယ်နှစ်ပြောပါလိမ့်။ ကျုပ်တို့ လုပ်ကြရမယ့် အလုပ်တစ်ခု ရှိပါတယ်။" ဆရာ့ အသံပါ။ စာသင်ခန်းရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကို အခြေခံထားတဲ့ ကျွမ်းကျင်သူတို့ရဲ့ အာဘော်ကို တစ်ဦးချင်း (သို့) စုပေါင်းပြီး ထုတ်ဖေါ်ပြောသံပါ။ ကျွန်တော်က ဆရာ့အသံလို့ ပြောရာတွင် လမ်းညွှန်ချက်မူ ငါးရပ်ရှိပါတယ်၊ ဆရာ့အသံကို ပြောဆိုရာတွင် ကျွန်တော် အာရုံစိုက်တဲ့ အပိုင်းအစ လေးခု ရှိပါတယ်။ ပထမတစ်ခုက လူတစ်ဦးချင်းဆိုင်ရာ အပိုင်းပါ။ "စစ်မှန်တဲ့ ပြောင်းလဲမှုကို လူတစ်ဦးချင်းမှ စတင်ရမယ်"လို့ ပြောရိုးစကား ရှိပါတယ်။ ကျုပ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေ၊ ယဉ်ကျေးမှု၊ ကျုပ်တို့ နေထိုင်ကြပုံ၊ ကျုပ်တို့ စာသင်ခန်းထဲက ပို့ချချက်တွေနဲ့ အစဉ်အလာတွေကို အသိပေးပြောပြရာတွင်၊ ကျုပ်တို့က ကလေးတွေနဲ့ ထိတွေ့တုံ့ပြန်ကြတဲ့ နည်းလမ်းတွေကို တချိန်လုံး ဆင်ခြင်ရင်း လက်တွေ့မှာ အကောင်းဆုံး ဖြစ်နိုင်ဖို့၊ ဒီအလုပ်နဲ့ ပတ်သက်တဲ့ ဆရာရဲ့ တကယ့်ဩဇာရှိတဲ့ အသံမျိုး ဖြစ်ဖို့ အားထုတ်သင့်ပါတယ်။ ပြီးတော့၊ ကျေးဇူးပြုပြီး စိတ်ထဲ စွဲမှတ်ထားရမယ့် အချက်က ကျုပ်တို့ဟာ အတန်းထဲတွင် အကောင်းဆုံး ဟောပြောသူ ဖြစ်ဖို့ မလိုပါဘူး၊ အကောင်းဆုံး နားထောင်သူဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ ဒုတိယ အပိုင်းက စုပေါင်းဆင်ခြင်မှုပါ၊ ကျွန်တော်ဟာ ကိုယ်ပိုင် ကျွမ်းကျင်မှုကိုသာ စဉ်းစားလို့ မရနိုင်ပါဘူး၊ ကျွန်တော့ နံရံပြင်ပမှ ရှိနေသူ အကြောင်းကို ထည့်မစဉ်းစားဘဲနဲ့၊ ဘေးချင်းကပ် နေထိုင်သူသာမက၊ အဝေး တစ်နေရာမှာ၊ မြို့ ပြည်နယ်ကို ကျော်ပြီး၊ တစ်နိုင်ငံလုံး မှာ နေထိုင်သူတွေ မစဉ်းစားရင် မဖြစ်ဘူးနော်။ ခင်ဗျားတို့ပါ အဲဒါကို စဉ်းစားကြည့်ကြပါ။ ကိုယ်ဟာ ဆရာကောင်းမှန်း သိနားလည်ရင်၊ ကိုယ်ဘယ်သူလဲ ဆိုတာကိုပါ သိမှာပါ။ ကျုပ်တို့ ပြောတဲ့ ဘာသာစကား မတူတောင်၊ ကျုပ်တို့ရဲ့ ဓလေ့ထုံးစံတွေ မတူတောင်၊ ကျုပ်တို့ အတွေ့အကြုံတွေ ထိတွေ့တဲ့ နေရာတွေ ရှိကြလို့ ကျုပ်တို့ အချင်းချင်းအတွက်၊ ကျုပ်တို့ ကိုယ်၌အတွက် ဆရာကောင်း ဖြစ်ခွင့် ရှိပါတယ်။ ပညာပို့ချမှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိပါတယ်၊ အဲဒါ ဘာလဲ ကျုပ်တို့ သိကြတယ်။ ကျွန်တော်က စုပေါင်းစဉ်းစားဖို့ ပြောရာတွင် နိုင်ငံတဝမ်းမှာ ရှိနေကြတဲ့ လူတိုင်းကို စဉ်းစားနေဖို့ကို သာမက၊ တစ်ကမ္ဘာလုံး အဝမ်းမှာ နေထိုင်ကြသူတွေကို သာမက၊ အဖွဲ့အစည်းတွေ ဌာနတွေ တဝမ်းကိုပါ ဆိုလိုတာပါ။ ဒီတော့ အကျဉ်းထောင်တွေနဲ့ ပြတိုက်တွေလည်း ပါဝင်ကြပြီး နေရာတိုင်းမှာ ပညာပို့ချသူတွေ ရှိကြပါတယ်။ ကျုပ်တို့ ပညာပို့ချနေကြသူတွေ အားလုံးကို စဉ်းစားကြရပါမယ်။ အဲဒီနောက်မှာ ကျုပ်တို့ လက်တွဲလာကြရင်၊ ကျုပ်တို့ထဲက အတော်ဆုံး အထင်ရှားဆုံး ဆရာတွေကို ဂုဏ်ပြုနေကြတာလား၊ ပြည်နယ်တွေ အများအပြားမှာ လက်တွဲ ဆန္ဒပြနေကြတာလား၊ ကျုပ်တို့ရဲ့ အသံတွေ လက်တွဲပေါင်းမိကြပြီ ဆိုရင်၊ အကျယ်ပြန့်ဆုံး ဖြစ်ရပါမယ်။ တတိယ အပိုင်းက အတွေ့အကြုံပါ။ အတွေ့အကြုံကို ပြောရာတွင် ကျုပ်တို့ ပြောပြ ကြတာလည်း အရေးကြီးတာကို ဆိုလိုပါတယ်။ သုတေသန၊ မူဝါဒ၊ လေ့ကျင့်မှု ကိစ္စတွေကို စဉ်းစားကြရာတွင် ဆရာတစ်ဦးဦး အဲဒီမှာ ရှိရင် သိပ်ကောင်းမယ်လို့ ယုံကြည်ပါတယ်။ ခင်ဗျားတို့ ကျုပ်တို့ကို ပထုတ်မရနိုင်ဘူး၊ ကျုပ်တို့ကို ထည့်သွင်းဖို့ လိုပါတယ်။ ပြီးတော့ ကျုပ်တို့ကို ထည့်မသွင်းဘူးဆိုရင်၊ ကျုပ်တို့ ပြန်တိုက်ယူကြရပါမယ်။ ခင်ဗျားတို့ ရှေ့မှာ ရပ်နေတဲ့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဆရာ့စွမ်းရည် ဖွံ့ဖြိုးမှု အဆင့်အတန်း သတ်မှတ်ခံခဲ့ရတယ်။ ကျွန်တော့ ပို့ချပုံဟာ "ထိရောက်မှုရှခဲ့ပါတယ်"တဲ့၊ ဒါပေမဲ့ ရလဒ် ဒေတာကျတော့ "ထိရောက်မှုမရှိ" လို့ ဆိုပါတယ်။ မသိရတဲ့ ကြားတစ်နေရာမှာ "ဖွံ့ဖြိုးတိုးတက်နေတဲ့" ပုံမျိုးပါ။ ဖြစ်ချင်တော့၊ အံ့ဩစရာက၊ ကျွန်တော့ ကျောင်းသားတွေရဲ့ ဒေတာ ငါးပုံ လေးပုံဟာ ထူးဆန်းစွာပျောက်သွားခဲ့ကြတယ်၊ ဘယ်ကနေပြီး ဘယ်လိုဖြစ်သွားမှန်း ကျွန်တော် စဉ်းစားလို့ကို မရခဲ့ပါဘူး။ ဒါတောင်မှ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်က ဒီလောက်ကြီး အားထုတ် ကြိုးပမ်းခဲ့တဲ့ နောက်မှာ၊ ထွက်လာတဲ့ ရလဒ်က ကျုပ်တို့ လက်ရှိ အနေအထားကို၊ ကျုပ်တို့ အတန်းထဲမှာ ကြိုးစားခဲ့ကြတာတွေကို ထင်ဟပ်မပေးတော့ စိတ်နာစရာကြီးပါ။ ဒီလုနေရာမျိုးမှာ ကျွမ်းကျင်မှု အကြောင်းကို ပြောဖို့ လိုပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ကျောင်းသားတွေ အကြောင်း သိကြတာ ရှိပါတယ်။ ကျုပ်တို့က နေ့စဉ်နဲ့အမျှ ကျောင်းသားတွေ အကြောင်း စဉ်းစားရတာတွေ ရှိပါတယ်။ ကျုပ်တို့ သင်ခန်းစာကို ရေးသားပြုစုပုံနဲ့ တခြားလုပ်ရမှာတွေကို သိကြပါတယ်။ ကျုပ်တို့ စာသင်ခန်းထဲမှာ အသိုင်းအဝိုင်း ဖန်တီးပေးပုံကိုလည်း ကျုပ်တို့ သိကြတယ်။ ကလေးတွေ မေးခွန်း မေးရင်း ကျုပ်တို့ကို သင်ပေးဖို့ ဘယ်လိုစေ့ဆော်ရမှာ သိကြတယ်။ အဲဒါက နားထောင်တတ်မှုရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခု ဖြစ်လို့ပါ။ ကျုပ်တို့ သိကြတယ်၊ သိကြတယ်၊ ပြီးတော့ အဲဒါကို ပြောရဲကြပါတယ်။ ဒါဟာ ဒီအလုပ်တစ်ခုလုံးထဲက အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ကျွန်တော်က ဘာအကြောင်းကိုပဲ ပြောပြော၊ တစ်ခုခု ပြောဆိုပြီ ဆိုရင်၊ အစဉ်ပဲ ကျွန်တော့ ကျောင်းသားလေးတွေကို ပြန်စဉ်းစားရပါတယ်။ ကျွန်တော်ဟာ ကျွန်တော့ စာသင်ခန်းထဲက ကလေးတွေကို အမြဲပဲ ထည့်စဉ်းစားတတ်ပါတယ်။ ရွှေ့ပြောင်းလာသူတွေရဲ့ ကလေးတွေ၊ အလုပ်သမားတွေရဲ့ ကလေးတွေ၊ တစ်နှစ်မကကြာအောင်၊ နေ့စဉ်လိုလို မိမိ ကလေးကို လာအပ်ပေးခဲ့ကြတဲ့ မိဘတွေဟာ သူတို့ရဲ့ကလေးကို ပညာတွေ ကောင်းမွန်စွာ ပို့ချပေးမှာကို လောကကြီးမှာ နေထိုင်ဖို့ ကောင်းမွန်စွာပြင် ဆင်ပေးစေလိုကြပါတယ်။ လူသားတွေ ဖြစ်လာဖို့လေ။ အခုဒီမှာ ခင်ဗျားတို့ မြင်ကြရတဲ့ ပုံက ကျွန်တော့ ကျောင်းသားတွေ Theodore Roosevelt ရုပ်တုနဲ့ ရိုက်ထားတဲ့ပုံပါ၊ American Museum of Natural History သွားခဲ့စဉ်တုန်းကပါ။ တကယ်တော့ ကျွန်တော်ဟာ အဲဒီပုံကို မရိုက်ချင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီအကြောင်းကို စဉ်းစားကြည့်လိုက်တော့၊ ဘာတွေ့လဲဆိုတော့။ သမ္မတကြီး Teddy ဟာ ဒီနိုင်ငံထဲမှာ သဟဇာတဖြစ်အောင် မနေချင်ကြတဲ့ လူတွေ၊ ရွှေ့ပြောင်းလာခဲ့သူတို့နဲ့ ဘေးချင်း ကပ် ထိုင်နေရတာကို စိတ်ကူး ကြည့်လိုက်ကြပါ။ ကျောင်းသားတွေကို ယုံကြည်တဲ့ ဆရာတစ်ယောက်ကို စိတ်ကူးကြည့်ကြပါ။ ကျောင်းသားတွေကို ယုံကြည်တဲ့ ဆရာ အကြောင်းကို ကျွန်တော် ပြောနေတာက၊ ကျုပ်တို့ ဒီမိုကရေစီရဲ့ အဓိကအချက်ပါ၊ ကျွန်တော် ပြောနေတဲ့ပုံက အဲဒီအကြောင်းပါ။ ဒီလို စိတ်အားထက်သန်နေကြတဲ့ ဆရာတွေ အကြောင်း စဉ်းစားမိတယ်၊ ကျုပ်တို့ ကျောင်းသားတွေ သူတို့ စာသင်ခန်း တွေမှာ၊ သူတို့ ရပ်ကွက်ထဲမှာ နေ့စဉ်နဲ့အမျှ လူမှုရေး တရားမျှတမှုကို ခံစားရအောင် ကြိုးစားရင်း၊ ဘုရားရှိခိုးကျောင်းကို အတူတူ သွားခဲ့ကာ၊ မိဘဆရာတွေ့ဆုံပွဲမှာ အတူတူ ဆွေးနွေးခဲ့လို့ အလုပ်မဖြစ်ကြတဲ့ များပြားလှတဲ့ မူဝါဒတွေရဲ့ တိုက်ရိုက် သက်ရောက်မှု ဘယ်လိုမှန်း သိလို့ မိမိတို့ရဲ့ အချိန်တွေကို၊ ဘဝကို အနစ်နာ ခံပြီး အားထုတ်ကြိုးစားနေကြတဲ့ ဆရာတွေပါ။ ကျွန်တော် သူတို့အတွက် အားထုတ်ကြိုးပမ်းနေတာ နောက်ကနေပြီး သူတို့ရဲ့ အားပေးမှုကြောင့်ပါ။ သူတို့ဟာ အကောင်းဆုံး ပညာရေးဝန်ထမ်းတွေပါ။ သူတို့အကြောင်းကို ပြောရာတွင်၊ ကျုပ်တို့ အိမ်ထဲက အကောင်းဆုံး ပညာပို့ချပေးသူမှာ ကျွန်တော် သိတဲ့ ပရိသတ် အကြားမှာသာမက၊ ကျုပ်တို့ သားလေး Alejandro ရဲ့ မိခင်ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်က Luz အကြောင်း၊ Alejandro အကြောင်း စဉ်းစားတဲ့အခါ၊ သူတို့က နေ့စဉ် သင်ခန်းစာ ပေးနေသူတွေပါ။ တချိန်လုံး သင်ခန်းစာပေးနေကြတာ သူတို့ပါ။ ပြီးတော့ ကျွန်တော် အမြဲတမ်း စဉ်းစားမိသေးတာက "အိုး၊ ဘုရားသခင်၊ သူတို့က ဒီလောက်တော်တဲ့ ဆရာတွေဆိုတော့၊ ကျွန်တော် ဘယ်လိုလုပ် ပိုတော်နိုင်ပါ့မလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဲဒီလို အားထုတ် နေရဆဲပါ။ ကျွန်တော့အသံက တုန်နေရင် သူတို့က ကျွန်တော့ခြေမြဲဖို့ ကူပေးကြသူပါ။ ကျွန်တော်ဟာ ဆယ့်သုံးနှစ်-ဆယ့်လေးနှစ်အတွင်း ပညာသင်ကြား ပေးနိုင်ခွင့်ကို ရရှိခဲ့တဲ့ ကျောင်းသား ထောင်ချီတို့ရဲ့ အကြောင်းကို တွေးမိပါတယ်။ ကိုယ်လုပ်ပေးနေတဲ့ အလုပ်ဟာ ဘဝသက်တမ်း များစွာအထိ ကျယ်ပြောသလို ခံစားရပါတယ်။ ပြီးတော့ အဲဒီလို ကျောင်းသားတွေနဲ့ တွေ့မိတိုင်း ‘‘အံမလဲ၊ ငါမင်းကို သင်ပေးခဲ့တာနော်’’လို့ တွေးမိပါတယ်။ ကျွန်တော့ ကျောင်းသားလေးတွေ အများအပြား တို့ဟာ နေရာမျိုးစုံမှာ ရှိနေကြပါပြီ။ ကျွန်တော်က စိတ်ထဲ ပျော်မိတဲ့ နေရာကို သူတို့ ရောက်မသွားကြဘူး ဆိုရင်ကော။ ကျွန်တော့ စာသင်ခန်းထဲ ရှိနေစဉ် သူတို့ ကိုယ့်ကိုယ်ကိုယ် လူသားရယ်လို့ ခံစားရဖို့ ကျွန်တော် လုပ်ပေးနိုင်တာ အားလုံး လုပ်ပေးခဲ့တာကို ကျွန်တော် သိပါတယ်။ ဒီအလုပ်က အဲဒါမျိုးပါ။ အဲဒါက ကျွန်တော်ကို အားတက်မိစေပါတယ်။ ကျွန်တော်က ကျွန်တော့စားပွဲခုံဆီကို သွားတဲ့အခါမှာ၊ မနက်နှိုးချိန်မှာ၊ ရှုံးမလား၊ နိုင်မလား ထပ်ခါထပ်ခါ စဉ်းစားမိတတ်ပါတယ်၊ တချိန်တည်းမှာ၊ ကလေးတွေ စိတ်ဝင်စားကြမယ့် သင်ခန်းစာကို စီစဉ်ထားတာကို သိထားတယ်၊ အဲဒါကို ယူလာရင်း သူတို့ကို မင်္ဂလာပါ ဆိုပြီး နှုတ်ဆက်ပါတယ်။ မိဘတွေ ဝင်လာကြတဲ့ အခါမျိုးမှာ၊ ကျွန်တော်က "A su orden" ပေါ့လေ။ ကျွန်တော် ဝန်ဆောင်ပေးဖို့ အသင့်ပါ၊ ခင်ဗျား တို့ ကလေးတွေကို သင်ပေးဖို့ ရှိနေတယ်ပေါ့။ အဲဒီလို ကြိုဆိုမှုက ဘယ်လိုနေလဲ။ အဲဒါတွေက ညအချိန်အထိ ကျွန်တော့ကို မားမားမတ်မတ် ရပ်စေတာပါ။ ပြီးတော့ နံနက်တိုင်း အိပ်ရာမှ ထနိုးစေတာကလည်း အဲဒီအရာတွေပါပဲ။ အလုပ်ကို မြတ်နိုးမှုပါ။ ကျွန်တော်တို့က အားထုတ်ကြိုးပမ်းကြတာက အဲဒီလိုရှိပါတယ်။ ဒီတော့ ဆရာ့အသံလို ကျွန်တော် ပြောနေတာက အကျယ်ဆုံး ဖြစ်ဖို့ လိုရုံတင်မကပါဘူး။ ကျုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အသုံးချပြီး ကျုပ်တို့ လုပ်ကိုင်နေကြတာနဲ့ ကျုပ်တို့ အလုပ်နဲ့ ညီညွတ်ဖို့ ကြိုးပမ်းကြတယ်။ သင်ရိုးညွှန်းတမ်း၊ လက်တွေ့ လုပ်ငန်းတွေနဲ့ ပညာပို့ချနည်းများထဲမှာ ကလေးတွေကို ထင်ဟပ်ပေးလိုကြတယ်၊ သူတို့အနေနဲ့ နေရာတစ်ခုခုနဲ့ ပါဝင်ပတ်သက် နေတာမျိုး ခံစားစေလိုပါတယ်။ ကိုယ့်ဆီမှာ နေအိမ်ရှိတယ်လို့ ခံစားရတာမျိုးပေါ့လေ။ ကိုယ်ရဲ့ တကယ့်အိမ်လိုတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကလေး တော်တော် များများဆီမှာ အိမ်ရှိချင်မှရှိမှာပါ။ အဲဒီလို ခံစားရစိတ် လက်တွေ့ ဖန်တီပေးတာ၊ အဲဒီလို လုပ်နိုင်စွမ်းက ဘယ်လိုများပါလိမ့်။ အဲဒါကို ကျွန်တော် မသိပေမဲ့၊ ကျွန်တော် သိတာကိုတော့ ကျွန်တော် သိတယ်။ ဒီထက်ပိုပြီး ပြောရရင်၊ ကျွန်တော်ဟာ ဒါကို ထပ်ပြီးရင် ထပ်လုပ်ဖို့ အသင့် ရှိသူပါ။ ကျွန်တော် ဒါကို သိပ်ကို စိတ်မာန်ပါလို့ ဆက်ပြီး လုပ်သွားနေဦးမှာပါ။ ခင်ဗျားတို့ကော အဲဒီထဲ လက်တွဲပါဝင်ကြမလား။