ပထမကမ္ဘာစစ်တုန်းက ကြောက်စရာ
ကောင်းတဲ့ အရာတွေထဲက တစ်ခုဟာ
mustard gas လို့ခေါ်တဲ့
အဝါရောင်အဆိပ်ဓာတ်ငွေ့ ဖြစ်ပါတယ်။
ကံဆိုးစွာနဲ့ အဆိပ်ထိခဲ့တဲ့သူတွေဟာ
အသက်ရှူလို့ မရတော့တာတွေ
မျက်လုံးစပ်တာ၊ လောင်တာတွေ
ထိမိတဲ့ အရေပြားမှာ မီးလောင်ဖုကြီးတွေ
ဖြစ်ကုန်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဒီအဆိပ်လက်နက်ဆိုးအတွက်
အဆိပ်ဖြေဆေးကို အပူတပြင်း ရှာဖွေခဲ့ပါတယ်။
ဒီအဆိပ်ဟာ ရိုးတွင်းခြင်ဆီကို ကုလို့မရအောင်
ထိခိုက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
ထိခိုက်မိတဲ့ စစ်သားတွေမှာ
သွေးဆဲလ်အသစ်တွေ မထွက်တော့ပါဘူး။
ဒီလိုစိတ်ပျက်စရာတွေထဲကမှ
သိပ္ပံပညာရှင်တွေဟာ အကြံတစ်ခု ရခဲ့ပါတယ်။
ကင်ဆာဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီလိုပဲ
လျှင်လျှင်မြန်မြန်ပွားတဲ့ အစွမ်းရှိပါတယ်။
ဒါကြောင့် စစ်ကြီးရဲ့ရက်စက်ယုတ်မာမှု
တွေထဲက တစ်ခုဟာ
ကင်ဆာကိုတိုက်ဖို့ ရပ်တည်ကာကွယ်ပေးမှု
တစ်ခု ဖြစ်လာခဲ့ပါတယ်။
၁၉၃၀ ခုနှစ်မှာ
လေ့လာသူပညာရှင်တွေဟာ
ကင်ဆာလူနာရဲ့ သွေးပြန်ကြောထဲကို
ဒီအဆိပ်ဓာတ်ပေါင်း ထိုးသွင်းပြီး
လေ့လာစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘေးဖြစ်စေတာထက် ပိုကောင်းတဲ့ ကုသမှုတွေကို
အချိန်ယူ စမ်းသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမဲ့
ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်မှာတော့
ပထမဆုံးကင်ဆာခီမိုဆေးကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယနေ့မှာတော့ ခီမိုဆေး
အမျိုးပေါင်းတစ်ရာကျော်နေပါပြီ။
ခီမိုဆေးကို သောက်ဆေးအနေနဲ့ရော
ထိုးဆေးအနေနဲ့ပါ ပေးပါတယ်။
ဆဲလ်တွေကို ထိခိုက်စေတဲ့ ကွန်ပေါင်းတွေမို့
ဆဲလ်အဆိပ်သင့်ပစ္စည်းတွေ လို့လည်း ခေါ်ပါတယ်
ဒီဆေးတွေဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေကို
အတိုင်းအတာတစ်ခုအထိ ထိခိုက်စေပါတယ်။
ပုံမှန်ကျန်းမာနေတဲ့ ဆဲလ်တွေတောင်ပါ။
သို့သော် သူတို့ရဲ့အဖျက်စွမ်းအားဟာ
အမြန်ပွားနေတဲ့ဆဲလ်တွေမှာ ပိုသက်ရောက်ပါတယ်။
ဒါဟာ ကင်ဆာဆဲလ်ရဲ့ လက္ခဏာ အတိအကျပါပဲ။
ဥပမာပြရရင်
ပထမဆုံးခီမိုဆေးမျိုးဆက်ထဲက
ယနေ့ထိအသုံးပြုနေတဲ့ ဆေးဖြစ်တဲ့
alkylating agents ပါ
သွေးကြောထဲကို ထိုးထည့်လိုက်တဲ့အခါ
သူတို့ဟာ ခန္ဓာကိုယ်အနှံ့က ဆဲလ်တွေဆီ
ရောက်သွားပါတယ်။
အတွင်းရောက်တာနဲ့ ဆဲလ်ဟာ ပွားဖို့အတွက်
DNA ကို အပြင်ထုတ်လိုက်တဲ့အခါ
ခီမိုဆေးဟာ DNA နှစ်ပင်လိမ်ပုံစံရဲ့
အခြေခံအုတ်မြစ်တွေကို ဝင်ဖျက်ပါတယ်။
ဒါကို အချိန်မှီ မပြင်နိုင်ရင်တော့
ဆဲလ်က သေသွားပါလိမ့်မယ်။
ကင်ဆာဆဲလ်တွေဟာ အရမ်းပွားတာကြောင့်
ခီမိုဆေး ပမာဏအများစုဟာ
သူတို့အတွက် ဖြစ်ကုန်ပါတယ်။
ပွားလေလေ၊ ခီမိုတွေက ဝင်ဖျက်လေလေ၊
ပြန်ပြင်ဖို့ခက်လေလေ ဖြစ်လာတော့
ကင်ဆာဆဲလ်တွေဟာ
သာမန်ဆဲလ်တွေထက် ပိုသေကုန်ပါတယ်။
သာမန်ဆဲလ်က ပွားတာနှေးလို့
DNA ပြန်ပြင်ချိန် ရှိတယ်
ပွားတာနှေးလို့လည်း
ခီမိုဆေးတွေကို သုံးစွဲတဲ့ပမာဏ နည်းပါတယ်။
နောက်ထပ်ခီမိုဆေးတစ်မျိုးကတော့
microtubule stabilizers ကွန်ပေါင်းပါ
ဆဲလ်တွေမှာ ဆဲလ်ပွားဖို့အတွက်၊
DNA ကူးပွားဖို့၊ ဖြန့်ခွဲပွားဖို့
စီထားတဲ့
ပိုက်ငယ်လေးတွေ ရှိပါတယ်။
ဒီ microtubule stabilizers ခီမိုဆေးတွေ
ဆဲလ်အတွင်းကို ဝင်တာနဲ့
ဒီပိုက်ငယ်လေးတွေကို
ကွဲမထွက်အောင် ထိန်းသိမ်းလိုက်ပါတယ်။
ဒါကြောင့် ဆဲလ်ဟာ ပြီးအောင်မပွားနိုင်တော့ပဲ
သေသွားပါတော့တယ်။
ဒီဟာတွေကတော့ ယနေ့ခေတ်မှာသုံးနေတဲ့
ခီမိုဆေး ခြောက်မျိုးထဲက
ဥပမာနှစ်မျိုးပါ။
ဒီလိုကောင်းကျိုးတွေရှိနေပေမဲ့
ဆိုးကျိုးအကြီးကြီးတစ်ခု ရှိနေပါတယ်။
ခီမိုဟာ သဘာဝအရ မြန်မြန်ပွားဖို့လိုတဲ့
ဆဲလ်တွေကိုလည်း ထိခိုက်ပါတယ်။
ဥပမာ - ဆံပင်အိတ်တွေ၊ အာခံတွင်းကဆဲလ်တွေ၊
အူလမ်းကြောင်းတစ်လျှောက်ဆဲလ်တွေ၊
မျိုးပွားအင်္ဂါတွေ၊ ရိုးတွင်းခြင်ဆီတွေဟာ
ပွားတာမြန်လို့ ခီမိုဆေးဒဏ် ခံရပါတယ်။
ကင်ဆာဆဲလ်တွေလို မြန်မြန်ပွားတဲ့
သဘာဝကြောင့်
ဒီဆဲလ်တွေဟာ
ခီမိုဆေးတွေနဲ့ များများထိပြီး
ဆေးဒဏ်ကို ကင်ဆာဆဲလ်တွေနီးပါး
ခံကြရပါတယ်။
ဒါကြောင့် ဆေးတွေရဲ့ ဘေးထွက်
ဆိုးကျိုးများစွာဖြစ်တဲ့
ဆံပင်ကျွတ်တာ၊ မောပန်းတာ၊ မြုံတာ၊
ပျို့အန်တာတွေ ဖြစ်လာပါတယ်။
ဒါ့ကြောင့် ဆရာဝန်တွေဟာ
ဒီဘေးထွက်ဆိုးကျိုးတွေရန်က ကာကွယ်ဖို့
ပျို့အန်ပျောက်ဆေး အပြင်းစားတွေ ပေးပါတယ်။
ဆံပင်ကျွတ်တာကိုကာကွယ်ဖို့၊ အပူချိန်ချတဲ့
အအေးခေါင်းဆောင်းတွေကို အသုံးပြုနိုင်ပါတယ်။
အပူချိန်ကျတာဟာ ခေါင်းနားတဝှိက်က
သွေးကြောတွေကို ကျဥ်းသွားစေပြီး
ဆံပင်အိတ်တွေဆီရောက်မယ့် ဆေးပမာဏကို
လျှော့ချပေးပါတယ်။
ခီမိုဆေးသွင်းကုသမှု ပြီးသွားတဲ့အခါ
ခီမိုထိထားတဲ့ဆဲလ်ကောင်းတွေဟာ
ပြန်လည်ကောင်းမွန်လာပြီး
မူလတာဝန်များ ပြန်လည်ထမ်းဆောင်ပါတယ်။
၂၀၁၈ တစ်နှစ်တည်းမှာပဲ လူ ၁၇ သန်းမှာ
ကင်ဆာရောဂါ ရှာဖွေသိရှိခဲ့ပါတယ်။
ဒါပေမယ့် ခီမိုဆေးနဲ့ အခြားကုထုံးတွေဟာ
အများကြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဝှေးစေ့ကင်ဆာဖြစ်တဲ့လူနာထဲက
၉၅ ရာနှုန်းလောက်ဟာ
တိုးတက်လာတဲ့ ကုသမှုတွေကြောင့်
အသက်ဆက်ရှင်သန်နိုင်ခဲ့ပါတယ်။
သွေးကင်ဆာဆိုးတစ်ခုဖြစ်တဲ့
acute myeloid leukemia မှာဆို
အသက် ၆၀ အောက်လူနာထဲက ၆၀ ရာနှုန်း
ကျော်ဟာ ခီမိုကုထုံး ပထမအဆင့်မှာပဲ
ရောဂါပျောက်ကင်းတဲ့အဆင့်ကို
ရောက်ရှိခဲ့ပါတယ်။
လေ့လာသူပညာရှင်တွေဟာ
ကင်ဆာဆဲလ်ကိုသာ ဦးတည်တိုက်ခိုက်မယ့်
ပိုမိုအစွမ်းထက်တဲ့ ဆေးဝါးများကို
လေ့လာရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဒီရှာဖွေမှုတွေကြောင့်
သာမန်ဆဲလ်တွေ အထိအခိုက်နည်းပြီး
ပိုကောင်းလာသလို
ကင်ဆာကိုတိုက်မယ့် အကောင်းဆုံး
လက်နက်တစ်ခု ရရှိလာမှာဖြစ်ပါတယ်။