လွန်ခဲ့တဲ့ (၁ရ)နှစ်ကပါ။ ကျွှန်တော်ဟာဒေလီမြို့တော်ရဲ့ လေထုနဲ့ ဓာတ်မတည့် ဖြစ်လာတယ်။ ကျွန်တော့ဆရာဝန်တွေ ပြောတာကတော့ ကျွန်တော့ရဲ့ အဆုတ်အလုပ်လုပ်နိူင်စွမ်းဟာ (၇၀)ရာခိူင်နှုန်းလောက် ကျဆင်းနေတယ်တဲ့လေ။ နောက်ပြီး ဒါက ကျွန်တော့ကို သတ်နေတာတဲ့ဗျာ။ IIT၊ TERIတို့ရဲ့ အကူအညီရယ်၊ နောက်ပြီးတော့ NASA ကနေ လေ့လာထားချက်တွေရယ်နဲ့ ကျွန်တော်တို့တွေ အခြေခံကျတဲ့ စိမ်းလန်းစိုပြေတဲ့ အပင်(၃)မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ တွေ့မြင်နေကျ အပင်စိမ်းစိမ်းလေးတွေပါပဲ၊ ဒါတွေနဲ့ ကျွန်တော်တို့ကို ကျန်းမာစေဖို့ အိမ်တွင်းမှာလိုအပ်တဲ့ လေကောင်းလေသန့်အားလုံးကို ထုတ်လုပ်နိူင်တာပေါ့ဗျာ။ နောက်ကျွန်တော်တို့ တွေရှိခဲ့သေးတာက လုပ်ငန်းသုံး လေထုအရည်အသွေး အဆင့်အတန်းကို ထိန်းသိမ်းရင်းနဲ့ အဆောက်အဦထဲမှာ လိုအပ်တဲ့ လေကောင်းလေသန့် လိုအပ်ချက်ကို လျှော့ချပေးနိူင်တယ်ဆိုတာပါ။ အပင်(၃)မျိုးကတော့ ကြိမ်အုန်းပင် ၊ နဂါးစက်ဂမုန်းပင်နဲ့ ဆင်ကွမ်းပင်တို့ပါပဲ။ ရုက္ခဗေဒဆိုင်ရာ အမည်တွေကတော့ သင်တို့ရဲ့ ရှေ့မှောက်မှာပဲပေါ့။ ကြိမ်အုန်းပင်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုတ်ယူပြီး၊ အောက်စီဂျင်အဖြစ်ပြောင်းလဲပေးတဲ့အပင်ပါ။ လူတစ်ယောက်အတွက်ဆို ပခုံးအမြင့်လောက်ရှိတဲ့ အပင်(၄)ပင်လိုအပ်ပါတယ်။ နောက်ပြီး အပင်ကို ပြုစုဖို့ ပတ်သက်လို့ကတော့ ဒေလီလိုမြို့မှာဆိုရင် အရွက်တွေကို နေ့တိုင်း ဖုန်ကို သန့်စင်ပေးရန် လိုပါတယ်။ နောက်ပြီး ပိုပြီး လေထုသန့်ရှင်းတဲ့ မြို့တွေမှာဆိုရင်တော့ တစ်ပတ်တစ်ခါလောက် ဖုန်သုတ်ပေးရင် ရမှာပေါ့။ ဒီအပင်တွေကို ဇီဝမြေဩဇာတွေထဲမှာ စိုက်ပျိုးခဲ့ရပါတယ် အဲဒါက ပိုးသတ်ထားတယ်လေ။ တနည်း မြေမဲ့ အာဟာရရည်ဖြင့် စိုက်ပျိုးတဲ့ နည်းပေါ့။ နောက်ပြီး (၃)လ၊ (၄)လလောက်တစ်ခါ အပြင်ကို ထုတ်ပြီး ထားပေးရတာပေါ့ဗျာ။ ဒုတိယအပင်ကတော့ နဂါးစက်ဂမုန်းပင်ပါ။ ဒါကလည်း တော်တော်လေး တွေ့မြင်နေကျ အပင်ပါပဲ၊ ဒါကို ကျွန်တော်တို့က အိပ်ခန်းဆောင်အပင်လို့ ခေါ်ကြပါတယ်။ အကြောင်းကတော့ဗျာ ဒါက ညဘက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အောက်စီဂျင်အဖြစ်ပြောင်းလဲပေးလို့ပါ။ လူတစ်ယောက်အတွက်ဆို ခါးအမြင့်လောက်ရှိတဲ့ အပင်(၆)ပင်ကနေ (၈)ပင်လောက်လိုတာပေါ့။ တတိယမြောက် အပင်ကတော့ ဆင်ကွမ်းပင်ပါ၊ ဒီပင်ကလည်း အတွေ့များတဲ့ အပင်ပါပဲဗျာ။ ရေထဲမှာ စိုက်တာကို ပိုကြိုက်ပါတယ်။ နောက်ပြီး ဒီထူးခြားတဲ့အပင်က ဖော်မယ်ဒီဟိုက် ဓာတ်ငွေနဲ့ အခြား အငွေ့ပျံလွယ်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ ဒီအပင်(၃)မျိုးနဲ့ ခင်ဗျားတို့ လိုအပ်တဲ့ လေကောင်းလေသန့်အားလုံးကို ဖန်တီးယူလို့ရပါတယ်။ တကယ်တမ်းကျတော့ ခင်ဗျားတို့အားလုံးဟာ ထိပ်ဘက်မှာ အဖုံးတစ်ခု တပ်ထားတဲ့ ပုလင်းတစ်လုံးထဲမှာ နေရင်တောင်၊ ခင်ဗျားတို့ လုံးဝကို မသေနိူင်ဘူး၊ နောက်ထပ် လေကောင်း လေသန့်တွေလည်း လိုအပ်မှာ မဟုတ်ပါဘူး။ ဒီအပင်တွေကို ဒေလီက ကျွန်တော်တို့ ကိုယ်ပိုင်အဆောက်အဦမှာ စမ်းသပ်ထားတာပါ။ စတုရန်းပေ(၅)သောင်း အကျယ်ရှိပြီး၊ အဆောက်အဦသက်တမ်းက အနှစ်(၂၀)ရှိပါပြီ။ ပြီးတော့ နေထိုင်ကြသူ (၃၀၀)အတွက် ဒီလိုအပင်မျိုး (၁၂၀၀) နီးနီးရှိပါတယ်။ ကျွန်တော်တို့ လေ့လာမှုတွေမှာ တွေ့ရှိရတာက တစ်စုံတစ်ယောက်ဟာ ဒီအဆောက်အဦထဲမှာ (၁၀)နာရီလောက် နေမယ်ဆိုရင် ထိုသူရဲ့ သွေးထဲကအောက်စီဂျင်ဟာ တစ်ရာခိုင်နှုန်း တိုးလာနိုင်တဲ့ အလားအလာဟာ ၄၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရပါတယ်။ အိန္ဒိယနိူင်ငံရဲ့ အစိုးရကနေ ဒါဟာဆိုရင် နယူးဒေလီမှာ ကျန်းမာရေးနှင့် အကိုက်ညီဆုံး အဆောက်အဦဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဒါမှမဟုတ် ထုတ်ြပန်ကြေညာခဲ့တာ ရှိပါတယ်။ ဒီလေ့လာမှုက ထောက်ပြထားတာက အခြားအဆောက်အဦတွေ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မျက်စိကျိန်းစပ်မှု ဖြစ်ပွားခြင်းကို (၅၂)ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ်ပြဿနာတွေကို (၃၄)ရာခိုင်နှုန်း၊ ခေါင်းကိုက်ခဲမှု (၂၄)ရာခိုင်နှုန်း၊ အဆုတ်ချို့ယွင်းမှု (၁၂)ရာခိုင်နှုန်း နဲ့ ပန်းနာရင်ကျပ် (၉)ရာခိုင်နှုန်း အသီးသီး ဖြစ်နှုန်းလျော့ကျလာခဲ့ပါတယ်။ ဒီလေ့လာမှုကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အိန္ဒိယနိူင်ငံရဲ့ အစိုးရ ဝက်ဆိုဒ်မှာ တွေ့ရှိနိူင်ပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံက ထောက်ပြတာကတော့ ဒီအပင်တွေကို အသုံးပြုခြင်းအားဖြင့် လူသားဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအား (၂၀)ရာခိုင်နှုန်းကျော်ကျော် အံ့မခန်း တိုးပွားလာတယ်ဆိုတာပါ။ နောက်ပြီးတော့လည်း အဆောက်အဦတွေမှာ စွမ်းအင်လိုအပ်ချက်တွေ လျော့ကျမှုဟာ ထူးထူးခြားခြား (၁၅)ရာခိုင်နှုန်းရှိပါတယ်။ အကြောင်းကတော့ လေကောင်းလေသန့်လိုအပ်မှု လျော့ကျသွားလို့ပါ။ အခုဆိုရင် ကျွန်တော်တို့ဟာ စတုရန်းပေ ၁ ဒဿမ ၇ သန်းရှိတဲ့ အဆောက်အဦမှာ ဒါကို အစားထိုးနေပါတယ်၊. အဲဒီမှာ မိုးလုံလေလုံ အပင်ပေါင်း (၆)သောင်းရှိပါလိမ့်မယ်။ ဘာကြောင့် ဒါက အရေးကြီးတာပါလိမ့်။ ဒါဟာ ပတ်ဝန်းကျင်အတွက်လည်း အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်လာမယ့် ဆယ်စုနှစ်မှာ ကမ္ဘာ့စွမ်းအင် လိုအပ်ချက်ဟာ (၃၀)ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ လောလောဆယ်မှာ ကမ္ဘာ့စွမ်းအင်ရဲ့ (၄၀)ရာခိုင်နှုန်းဟာ အဆောက်အဦတွေက ယူထားတာပါ။ နောင်လာမယ့် (၁၅)နှစ်တာကာလမှာ ကမ္ဘာ့လူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းဟာ လူဦးရေ တစ်သန်းကျော်ရှိတဲ့ မြို့ကြီးတွေမှာရှိတဲ့ အဆောက်အဦတွေထဲမှာ နေထိုင်နေကြပါလိမ့်မယ်။ နောက်ပြီး လေအေးစက်တပ်ထားတဲ့ နေရာတွေမှာ နေထိုင်ပြီး အလုပ်လုပ်ရတာကို ပိုပြီးလိုလားသူတွေ တိုးပွားလာနေပါတယ်။ "ကမ္ဘာကြီးထဲမှာ ဖြစ်စေလိုတဲ့ အပြောင်းအလဲ ဖြစ်ပြပါ"လို့ မဟတ္တမဂန္ဒီက မိန့်ကြားခဲ့ဘူးပါတယ်။ နောက်ပြီး နားထောင်ခဲ့ကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ (လက်ခုပ်သံများ)