ကျွန်တော်လုပ်မယ်လို့ ကြံထားတာက ရိုးရိုး ပန်ကြားချက်တစ်ခုနဲ့ စမယ်ပေါ့ ခင်ဗျားတို့အားလုံး ခဏကြာ ကိုယ့်ရဲ့ စိတ်မချမ်းသာစရာ ပျော့ညံ့ချက်တွေ ကိုယ့်ရဲ့စိတ်ပျက်စရာ ဖြစ်တည်မှုတွေကို ရပ်တန့် ပစ်လိုက်စေချင်ပါတယ်။ (ရယ်သံများ) ကဲ ဒါက ငါးရာစုမှာ St. Benedict က သူ့ရဲ့ အတော့ကို ချောက်ချားနေတဲ့ နောက်ပါးတွေကိုပေးတဲ့ အကြံပါ။ ဒါက ကျွန်တော် အသက် ၄၀ အရောက်မှာ ကိုယ်တိုင် လိုက်နာဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြံဉာဏ်ပါ။ အဲဒီကာလမတိုင်ခင်က ဖြစ်နေကျ ပူးပေါင်းသူ ရဲမက်ဖြစ်ဖူးတယ်၊ အရမ်းစား၊ အရမ်းသောက် အရမ်း အလုပ်ကြိုးစားခဲ့ပြီး မိသားစုကို လျစ်လျှူရှု နေခဲ့တာပေါ့။ ဒါနဲ့ ကိုယ့်ဘဝကို အလှည့် အပြောင်းလုပ်ဖို့ ကြိုးစာရန် ဆုံးဖြတ်ခဲ့တယ်။ အထူးသဖြင့် အလုပ်၊ ဘဝ ဟန်ချက်ရဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားမယ်ပေါ့။ ဒါနဲ့ အလုပ်နေရာမှ နှုက်ထွက်ခဲ့ပြီး အိမ်မှာ ဇနီး၊ ကလေးငယ် လေးယောက်နဲ အတူ တစ်နှစ်တာ ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်က အလုပ်၊ ဘဝ ဟန်ချက် ညီမှုနဲ့ ပတ်သက်ပြီး သိလိုက်ရတာက အလုပ်နဲ့ ဘဝကို ဟန်ချက်ညီဖို့ဆိုတာ အလုပ်လုပ်စရာ မရှိတဲ့အခါမှာ အတော်လွယ်သားပဲလို့ ထင်ခဲ့တာပါ။ (ရယ်သံများ) သိပ် အသုံးမဝင်တဲ့ အတတ်တစ်ခုပါ၊ အထူးသဖြင့် ငွေကုန်သွားတဲ့အခါမှာပေါ့။ ဒါနဲ့ အလုပ်ပြန်လုပ်ခဲ့ပြီး အဲဒီကတည်းက ခုနစ်နှစ်ကြာ အလုပ်၊ဘဝ ဟန်ချက်ညီမှု အကြောင်း လေ့လာခြင်း၊ ရေးသားခြင်းနဲ့ ရုန်းကန်ခဲ့ပါတယ်။ ဒီနေ့ ခင်ဗျားတို့နဲ့ မျှဝေချင်တဲ့ လေ့လာမှု လေးခုရှိပါတယ်။ ပထမဆုံးက လူ့အဖွဲ့အစည်းက ဒီကိစ္စကို တိုးတက်အောင်လုပ်ဖို့ဆိုရင် ရိုးသားတဲ့ ဆွေးနွေးမှုကို လိုအပ်ပါတယ်။ ဒါပေမဲ့ ပြဿနာက လူတော်တော်များများက အလုပ်၊ ဘဝ ဟန်ချက်ညီမှုကို ပေါက်ကရ ပြောလွန်းတာပါ။ အလုပ်ချိန် လွှဲပြောင်းတာ (သို့) ပေါ့ပေါ့ပါးပါး ဝတ်တဲ့ သောကြာနေ့တွေ၊ ကလေးအဖေခွင့်နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေဟာ အဓိက ကိစ္စကို ဖုံးကွယ်ရာပဲ ရောက်ပါတယ်။ ဒါက တစ်ချို့ အလုပ်နဲ့ အသက်မွေးမှု ရွေးချယ်မှုတွေဟာ ငယ်ရွယ်တဲ့ မိသားစုနဲ့ နေ့တဓူဝ ကိစ္စမှာ အဓိပ္ပါယ်ရှိရှိ ဆက်စပ်နေခြင်းနဲ့ အခြေခံအားဖြင့် သဟဇာတ မဖြစ်တာပါ။ အခု ပြဿနာတိုင်းကို ဖြေရှင်းဖို့ ပထမအဆင့်က ကိုယ်ရှိနေတဲ့ အခြေအနေရဲ့ ဒိဋ္ဌဖြစ်ရပ်ကို လက်ခံခြင်းပါ။ ကျွန်တော်တို့ ရှိနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ဒိဋ္ဌဖြစ်ရပ်က အဲဒီက ထောင်ပေါင်းများစွာသော လူတွေရှိနေပြီး တိတ်ဆိတ်တဲ့၊ အော်ဟစ်နေတဲ့ ကြံရာ မရတဲ့ ဘဝတွေမှာနေထိုင်နေတယ်၊ အဲဒီမှာ သူတို့မကြိုက်တဲ့ လူတွေအထင်ကြီးဖို့ သူတို့မလိုအပ်တဲ့ ပစ္စည်းတွေဝယ်နိုင်အောင် သူတို့မုန်းတဲ့ အလုပ်တွေမှာ အကြာကြီး ပင်ပန်းစွာ အလုပ်လုပ်ကြတယ်။ (ရယ်သံများ) (လက်ခုပ်သံများ) ကျွန်တော့ အမြင်က သောကြာနေ့မှာ ဂျင်းနဲ့ တီရှပ်တစ်ထည်ဝတ်ပြီး အလုပ်သွားခြင်းဟာ ပြဿနာရဲ့အဓိကအရာဆီ မရောက်တာပါ။ (ရယ်သံများ) ကျွန်တော်ထောက်ပြလိုတဲ့ ဒုတိယလေ့လာမှုက အစိုးရတွေ၊ လုပ်ငန်းအဖွဲ့ကြီးတွေက ဒီကိစ္စကို ကျွန်တော်တို့အတွက် ဖြေရှင်း ပေးမှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ရင်ဆိုင်ဖို့လိုတာပါ။ အပြင်ကို ကြည့်တာ ရပ်ဖို့သင့်ပါတယ်။ တစ်ဦးချင်းအနေနဲ့ ကိုယ်ရှင်သန်ရှင်တဲ့ ဘဝ အမျိုးအစားအတွက်ထိန်းချုပ်၊ တာဝန်ယူဖို့က ကျွန်တော်တို့အပေါ် မူတည်ပါတယ်။ ကိုယ့်ဘဝကို ပုံစံမချရင် သူများက ကိုယ့်အတွက် ပုံစံချသွားမှာဖြစ်ပြီး သူတို့ရဲ့ ဟန်ချက်ညီမှု စိတ်ကူးကို ကိုယ်က ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါက အထူး အရေးကြီးပါတယ်၊ WWW မှာမရှိဘူးမို့လား၊ ငါအထုတ်ခံရတော့မယ်။ ဒါက အထူးအရေးကြီးတာက စီးပွားရေး အဖွဲ့အစည်းတွေရဲ့ လက်ထဲကို ကိုယ့်ဘဝ အရည်အသွေးကို ကိုယ်က ဘယ်တော့မှ ထည့်မပေးခြင်းပါ။ အခု ကျွန်တော်က မကောင်းတဲ့ ကုမ္ပဏီတွေအကြောင်းပဲ ပြောမနေပါဘူး၊ ကျွန်တော့ အခေါ်အရ "လူသားစိတ်ရဲ့ သားသတ်ရုံတွေပေါ့။ (ရယ်သံများ) ကုမ္ပဏီအားလုံးကို ပြောနေတာပါ။ အကြောင်းက စီးပွားရေး ကုမ္ပဏီတွေဟာ သူတို့ရှောင်လို့ရသလောက် သင့်ဆီကနေ အများဆုံးယူဖို့ နဂိုကတည်းက ပုံစံချထားတာကြောင့်ပါ။ ဒါက သူတို့သဘာဝ၊ သူတို့ရဲ့ DNA ၊ သူတို့ လုပ်နေကျပါ။ ကောင်းမွန်ပြီး၊ စေတနာကောင်းတဲ့ ကုမ္ပဏီတွေတောင်ပါ။ တစ်ဘက်မှာကျတော့ အလုပ်ခွင်မှာ ကလေးစောင့်ရှောက်ရေး အထောက်အကူတွေ တပ်ဆင်တာ အံ့ဩစရာ၊ အသိကြွယ်တာပါ အခြာတစ်ဘက်ကျတော့ အိပ်မက်ဆိုးတစ်ခုပါ။ ဆိုလိုတာက သင်ဟာ သွေးပျက်စရာရုံးမှာ အချိန်ပိုကုန်တာပါ။ ကျွန်တော်တို့ ဘဝမှာလိုချင်တဲ့ နယ်နိမိတ်တွေကို ချမှတ်၊ ပြဋ္ဌာန်းဖို့ တာဝန်ယူဖို့လိုပါတယ်။ တတိယလေ့လာမှုက ကိုယ့်ဟန်ချက်ကို အကဲဖြတ်တာအပေါ် ကိုယ်ရွေးတဲ့ အချိန်ဘောင်ကို သတိပြုဖို့လိုတာပါ။ အလုပ်ပြန်မလုပ်ခင် အိမ်မှာနေတဲ့ နှစ်အပြီးမှာ ထိုင်ပြီး ရေးချလိုက်တာက ကိုယ် ဆန္ဒပြင်းပြတဲ့ အကောင်းဆုံး ဟန်ချက်ညီ နေ့တစ်နေ့ရဲ့ အသေးစိတ် အဆင့်ဆင့် ရေးသားဖေါ်ြပချက်ပါ။ ဒါက ဒီလိုမျိုးပါ။ ကောင်းမွန်တဲ့ ညရဲ့ အိပ်စက်မှုအပြီး ကောင်းစွာ အနားယူမှုနဲ့ နိုးထ၊ သံဝါသပြု။ ခွေးကို လမ်းလျှောက်ပေး၊ ဇနီး၊ ကလေးတွေနဲ့ နံနက်စာစား၊ သံဝါသ ထပ်ပြု။ (ရယ်သံများ) ရုံးသွားတဲ့လမ်းမှာ ကလေးတွေကို ကားနဲ့ ကျောင်းပို့၊ အလုပ် သုံးနာရီစာလုပ်၊ မိတ်ဆွေတစ်ယောက်နဲ့ နေ့လည်စာအချိန်မှာ အားကစားလုပ်၊ နောက် သုံးနာရီ အလုပ်လုပ်။ ညနေအစောပိုင်း သောက်စားဖို့ အရက်ဆိုင်မှာ အဖော်တွေနဲ့ ဆုံ၊ မိန်းမ၊ ကလေးတွေနဲ့အတူ ညစာအတွက် အိမ်ကို ကားမောင်းပြန်၊ နာရီဝက်လောက် တရားထိုင်၊ သံဝါသပြု၊ ခွေးကို လမ်းလျှောက်ပေး၊ ထပ်ပြီး သံဝါသပြု၊ အိပိရာဝင်တယ်။ (လက်ခုပ်သံများ) အဲဒီလိုနေ့မျိုး ဘယ်နှစ်ခုလောက် ရတယ်ထင်လဲ။ (ရယ်သံများ) လက်တွေ့ကျဖို့တော့ လိုတာပေါ့။ တစ်နေ့တည်း အကုန်လုပ်လို့မရဘူးလေ။ ဘဝဟန်ချက်ကို အကဲဖြတ်တာအပေါ်မှာ အချိန်ဘောင်ကို ရှည်အောင်လုပ်ဖို့လိုတယ်။ ဒါပေမဲ့ ဒီလှည့်ကွက်ထဲ ကျမသွားစေပဲ တာရှည်ဖို့တော့ လိုပါတယ်၊ "ငါ အငြိမ်းစားယူတဲ့အခါ အချိန်ရှိမှာပဲ၊ ကလေးတွေ အိမ်ကထွက်သွားတဲ့အခါ၊ မိန်းမက ငါနဲ့ကွာရှင်းပြီး ကျန်းမာရေးကျဆင်းတဲ့အခါ၊ အဖော်တွေ မရှိ၊ စိတ်ဝင်စားစရာ ကုန်တဲ့အခါ" (ရယ်သံများ) တစ်နေ့တာဟာ တိုလွန်းတယ်၊ "အငြိမ်းစားယူပြီးမှ" ဆိုတာ ကြာလွန်းတယ်။ အလယ်အလတ်မှာ ဖြစ်ဖို့လိုတယ်လေ။ စတုတ္ထလေ့လာမှုက ဟန်ချက်ညီမှုကို ဟန်ချက်ညီတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ လိုတာပါ။ မနှစ်က မိတ်ဆွေတစ်ယောက် လာတွေ့တယ်၊ ဒီဇာတ်လမ်းပြောလို့ ကျွန်တော့ကို သူမစိတ်မဆိုးဘူး၊ သူမလာပြီး ပြောတာက "Nigel ရှင့်စာအုပ် ဖတ်ပြီးပြီ၊ ကျွန်မဘဝဟာ လုံးဝ ဟန်ချက်ပျက်နေတယ်လို့ နားလည်လိုက်တယ်။ လုံးဝကို အလုပ်ရဲ့ ကြီးစိုးတာခံရတယ်။ တစ်နေ့ ၁၀ နာရီ အလုပ်လုပ်တယ်၊ အလုပ်အသွား လမ်းမှာက တစ်နေ့ ၂နာရီ။ ဆက်ဆံရေးတွေအားလုံ ပျက်ကုန်ပြီ။ ကျွန်မအလုပ်ကလွဲပြီး ဘဝမှာ ဘာမှမရှိတော့ဘူး။ ဒါနဲ့ ထိန်းချုပ်ပြီး ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ အားကစား လေ့ကျင့် လိုက်တယ်။"တဲ့ (ရယ်သံများ) ကဲ လှောင်ပြောင်ဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ ကျန်းမာတဲ့ တစ်နေ ၁၀ နာရီ ရုံးကြွက်တစ်ကောင်ဖြစ်နေတာက ပိုဟန်ချက်ညီတာမဟုတ်ပဲ ပိုပြီး ကျန်းမာတာပါ။ (ရယ်သံများ) ကိုယ်လက်လေ့ကျင့်ခန်းက ချစ်စရာကောင်းလောက်ပေမယ့် ဘဝမှာ အခြားအပိုင်းတွေ ရှိနေတယ်။ ဉာဏ်ရည်ပိုင်း၊ စိတ်ခံစားမှုပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေရှိတယ်။ ပြီးတော့ ဟန်ချက်ညီဖို့ပါ။ ဒီနယ်ပယ်အားလုံးကို အာရုံစိုက် လုပ်ဆောင်ဖို့ လိုတယ်လို့ ယုံကြည်တယ်။ ဗိုက်လေ့ကျင့်ခန်း အကြိမ် ၅၀ တင်ပဲမဟုတ်ပါဘူး။ ကဲဒါက လန့်စရာဖြစ်နိုင်တာပေါ့။ အကြောင်က လူတွေက " ငါ့မှာ ကျန်းမာရေး လုပ်ဖို့ အချိန်မရှိဘူး၊ ဘုရားကျောင်းတက်၊ အမေ့ကို ဖုန်းဆက်ခိုင်းတယ်"။ ကျွန်တော် နားလည်ပါတယ်။ အဲဒါ လန့်စရာကောင်းတာ တကယ်ပဲ နားလည်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က ကြုံခဲ့တဲ့ အဖြစ်က ကျွန်တော့ကို အမြင်သစ်တစ်ခုပေးခဲ့တယ်။ ကျွန်တော့ ဇနီးက၊ ဒီနေ့ပရိတ်သတ်ထဲမှာ ရှိနေပါတယ်၊ ရုံးကို ဖုန်းဆက်ပြီး ပြောတာက "Nigel ရှင် ကျွန်မတို့ အငယ်ဆုံးသား Harry ကို ကျောင်းက ကြိုလာဖို့ လိုတယ်နော်"တဲ့။ သူမဟာ အဲဒီညနေက အခြားကလေး သုံးယောက်နဲ့ တစ်နေရာမှာ ရှိဖို့လိုတာကိုး။ ဒါနဲ့ အဲဒီနေ့လည်က ရုံးက တစ်နာရီစောဆင်းခဲ့ပြီး Harry ကို ကျောင်းတံခါးဝမှာ ကြိုခဲ့တယ်။ ကျွန်တော်တို့ အနီးရှိပန်းခြံဆီ လျှောက်တယ်၊ ဒန်းတွေပေါ်မှာ ဆော့၊ ပေါက်ကရတွေ ကစားပေါ့။ နောက် တောင်ကုန်းလေးပေါ်တက်၊ အနီးက ကော်ဖီဆိုင်ကို လျှောက်ကာ ပီဇာတစ်ချပ် နှစ်ယောက် မျှစားခဲ့တယ်။ တောင်ကုန်းကို ဆင်းပြီး အိမ်ပြန်ခဲ့တာပေါ့။ သူ့ကို ရေချိုးပေးပြီး သူ့ရဲ့ Batman ညဝတ်အင်္ကျီဝတ်ပေးလိုက်တယ်။ Roald Dahl ရဲ့ "James and the Giant Peach က အခန်းတစ်ခန်း သူ့ကို ဖတ်ပြတယ်။ သူ့ကို အိပ်ရာထဲသိပ်ပြီး စောင်ခြုံပေးကာ သူ့နဖူးကို နမ်းပြီး "ကောင်းသောညပါကွာ" လို့ ပြောပြီး သူ့အိပ်ရာက ထွက်ခဲ့တယ်။ သူ့အိပ်ရာက အထွက်မှာ သူပြောတာက "ဖေဖေလား" ကျွန်တော်က "အေးပါ သားရ။" သူက "ဖေဖေ၊ ဒီနေ့ဟာ သားဘဝမှာ အကောင်းဆုံး နေ့ပဲ"တဲ့။ ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး၊ သူ့ကို Disney World ပို့တာ၊ PlayStation ဝယ်ပေးတာ မလုပ်ခဲ့ဘူး။ အခု ကျွန်တော် ပြောချင်တာက အသေးအဖွဲလေးတွေက အရေးပါတာပါ။ ပိုပြီး ဟန်ချက်ညီတာက ကိုယ့်ဘဝမှာ သိသာတဲ့ ဗြောင်းဆန်တာကို မဆိုလိုပါဘူး။ မှန်ကန်တဲ့ နေရာတွေမှာ အသေးဖွဲဆုံး ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ့်ဆက်ဆံရေးရဲ့ အရည်အသွေးနဲ့ ကိုယ့်ဘဝ အရည်အသွေးကို အကြီးအကျယ် ပြောင်းလဲနိုင်တာပါ။ ဒါ့အပြင် ကျွန်တော်တွေးမိတာက ဒါက လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်တာပါ။ အကြောင်းက အတော်အသင့် လူတွေလုပ်ကြရင် လူအဖွဲ့အစည်းရဲ့ အောင်မြင်မှု အဓိပ္ပါယ်ကို ပြောင်းနိုင်ပါတယ်၊ ပိုက်ဆံအရှိဆုံးလူဟာ သူသေတဲ့အခါ အောင်နိုင်တယ်ဆိုတဲ့ လွယ်သယောင် ခပ်တုံးတုံး အယူအဆကနေ ဖယ်ခွာပြီး ကောင်းမွန်စွာနေထိုင်တဲ့ ဘဝတစ်ခုဟာ ဘယ်ပုံပေါက်တယ်ဆိုတာရဲ့ ပိုပြီးလေးနက်ကာ ဟန်ချက်ညီတဲ့ အဓိပ္ပါယ်တစ်ခုဆီကိုပါ။ ပြီးတော့ ဒါက ပျံ့နှံ့ထိုက်တဲ့ စိတ်ကူးတစ်ခုလို့ ထင်ပါတယ်။ (လက်ခုပ်သံများ)