ကျွန်မဟာ ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းလာခဲ့သူပါ၊ အခု US မှာ နေထိုင်နေတာ ခြောက်နှစ်ရှိပြီ။ ရှင်တို့က နိုင်ငံခြားမှာ နေထိုင်ရတဲ့ ကျွန်မဘဝ အကြောင်းကို မေးရင်၊ ကျွန်မ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘဝဟာ မလွယ်ကူခဲ့ပါဘူး။ ကျွန်မ ကြီးပြင်းလာချိန်မှာ အမိနိုင်ငံကို စွန့်ခဲ့ရမှာကို ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ ကျွန်မဟာ ကျွန်မရဲ့ ပထမဦးဆုံး ကျောင်းသား ဆန္ဒပြပွဲထဲ ၂၀၀၇ ခုနှစ်မှာ ပါဝင်ခဲ့တယ်၊ သမ္မတက အရေးအကြီးဆုံး သတင်းကွန်ယက် တစ်ခုကို ပိတ်ခဲ့လို့ပါ။ ကျွန်မဟာ ဆက်သွယ်ရေးဆိုင်ရာ ဝိဇ္ဇာဘွဲ့ကို ရယူချိန်မှာ ကျွန်မဆီမှာ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတာ ပထမအကြိမ် နားလည်မိတယ်။ အခြေအနေတွေ ဆိုးလာတာကို ကျွန်မတို့ မြင်ခဲ့ ကြရပေမဲ့ ရှေ့ဆက်ဖြစ်လာမှာကို မြင်မရခဲ့ပါ- စီးပွားရေးအကျပ်အတည်း၊ အခြေခံအဆောက်အအုံတွေ ပြိုကွဲမှု၊ မြို့ကြီးများအလိုက် လျှပ်စစ်ပြတ်တောက်ခံရမှုတွေ၊ ပြည်သူ့ကျန်းမာရေး စနစ် ကျဆင်းလာပြီး ဆေးဝါးတွေ ရှားပါးလာမှု၊ ရောဂါတွေ ပျံ့နှံ့လာခြင်းနှင့် ငတ်မွတ်ခေါင်းပါးမှု။ ကျွန်မဟာ ကျွန်မယောက်ျားနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ကနေဒါကို ပြောင်းခဲ့တယ်။ အကျပ်အတည်း အခြေအနေ ပိုကောင်းလာရင် ကိုယ့် နိုင်ငံကို ပြန်မယ်လို့ အမြဲ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ မပြန်ဖြစ်ခဲ့ပါ။ ကျွန်မ ငယ်စဉ်က သူငယ်ချင်းအားလုံးနီးပါး တိုင်းပြည်ကို စွန့်ထွက်သွားကြပါပြီ။ ဒါပေမဲ့ ကျွန်မ မိဘတွေ အဲဒီမှာ ရှိနေကြတုန်းပါပဲ။ အမေ့ဆီကို ဖုန်းဆက်ခေါ်တဲ့ အခါတွေ ရှိပါတယ်၊ လမ်းပေါ်မှာ မျက်ရည်ယိုဗုံးတွေ ပေါက်ကွဲလို့ လူတွေ အော်ဟစ်နေကြတဲ့ အသံတွေကို ကျွန်တော် ကြားမိခဲ့ပါတယ်။ ကျွန်မ အမေကတော့၊ ကျွန်မက အဲဒါတွေကို ကြားမိမယ် မထင်လို့၊ (စပိန်လို ပြောသံ) “ဒို့ဒီမှာ အဆင်ပြေတယ်၊ စိတ်မပူပါနဲ့။” ဘယ်နှယ်ပြောပါလိမ့်၊ ကျွန်မ စိုးမိတာပေါ့။ အဲဒါ ကျွန်မမိခင်ပဲ၊ ကျွန်မက မိုင် ၄၀၀၀ ဝေးတဲ့ နေရာမှာ။ ဒီနေ့တွင် ကျွန်မဟာ နိုင်ငံ့ကို စွန့်ထွက်သွားကြတဲ့ ဗင်နီဇွဲလား နိုင်ငံသား လေးသန်းထဲက တစ်ဦးမျှပါ။ ကျွန်မရဲ့ မိတ်ဆွေ အများအပြားက ဗင်နီဇွဲလားမှ ကူးလာခဲ့သူတွေပါ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ၊ ကျွန်မတို့ ဒီလိုဝေးတဲ့ နေရာမှာ နေထိုင် ကြပေမဲ့ ဘယ်လိုများ တစ်ခုခုထူးလာအောင် လုပ်ပေးနိုင်ကြမလဲ ဆွေးနွေးကြပါတယ်။ အဲဒီလိုနည်းဖြင့် Code for Venezuela ဆိုတာ ၂၀၁၉ ခုနှစ်မှာ ပေါ်လာခဲ့ရတာပါ။ ကျွန်မတို့ဟာ နည်းပညာပိုင်း ကျွမ်းကျင်လို့ ခေါင်းချင်းဆိုင် ဆွေးနွေးမှု စခဲ့ကြပြီး ကျုပ်တို့ နည်းပညာတွေကို သုံးပြီး ကျုပ်တို့ နိုင်ငံထဲမှာ နေထိုင်သူတွေ အတွက် ဖြေရှင်းနည်းတွေကို ရှာကြံကြရန်ပါ။ ဒါပေမဲ့ အစပိုင်းတွင် ကျွန်မတို့ကို လမ်းညွှန် ပေးနိုင်ကြမယ့် ဗင်နီဇွဲလားမှာ ကျွမ်းကျင်သူတွေကို လိုအပ်ခဲ့ကြပါတယ်။ ကျွန်မတို့ဟာ ရည်မှန်းချက်ကောင်းပြီး မယုံနိုင်ဖွယ်ရာ နည်းပညာ အဖြေတွေ နားထောင်ကြည့်ရင် အရမ်းကောင်းတယ်လို့ ထင်ခဲ့ရတာကို များစွာမှ ကြားသိခဲ့ကြရပေမဲ့ သီအိုရီအရ ကြီးကျယ်ပေမဲ့ လက်တွေ့မှာ အဲဒီဖြေရှင်းနည်းတွေရဲ့ ရည်ရွယ်ရင်း နိုင်ငံမှာ လက်တွေ့ အလုပ်မဖြစ်ခဲ့ကြပါဘူး။ ကျွန်မတို့ အများစုဟာ နိုင်ငံခြားမှာ နေကြတာ နှစ်ပေါင်း မနည်းတော့ဘူး၊ ဗင်နီဇွဲလားနိုင်ငံမှာ နေထိုင်နေကြရတဲ့ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝ ပြဿနာတွေနဲ့ ဝေးနေကြတဲ့သူတွေပါ။ အဲဒါကြောင့် ကျွန်မတို့ဟာ ပြည်တွင်းထဲက ကျွမ်းကျင်သူတွေထံ ချဉ်းကပ်ကြရတယ်။ ဥပမာအဖြစ် ဂျူလီယိုကတ်စထရို ဆိုပါစို့၊ ဆရာဝန်ဖြစ်ပြီး Médicos por la Salud ရဲ့ ခေါင်းဆောင် တစ်ဦးပါ။ အစိုးရက ကျန်းမာရေးဆိုင်ရာ တရားဝင်အချက်အလက် တွေ ထုတ်ပြန်မှုကို ၂၀၁၅ တွင် ရပ်လိုက်တော့၊ ဒေါက်တာ Julio ဟာ ကိုယ်တိုင် အချက်အလက်တွေကို စုစည်းလာခဲ့တယ်၊ ဆဲလ်ဖုန်းတွေကို အခြေခံထားတဲ့ ညှိချိန်းထားတဲ့ အစိုးရမဟုတ်တဲ့ စနစ်ကို သုံးပါတယ်။ သူတို့ဟာ ရှာတွေ့နိုင်တဲ့ ဝန်ထမ်းတွေ၊ ဆေးပစ္စည်းများ၊ သေဆုံးမှု ဒေတာ၊ ရောဂါဖြစ်ပွားမှုတွေ၊ ရသမျှကို အစီရင်ခံစာ တစ်ခုအဖြစ် ပြုစုကြတယ်၊ အဲဒီနောက်မှာ Twitter ပေါ် တင်ပေးတယ်။ သူဟာ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ ကျွန်မတို့ အားကိုးရတဲ့ ကျန်းမာရေး ကျွမ်းကျင်သူပါ။ Luis Carlos Díaz ဆိုရင်၊ သတင်းတွေ အားလုံးကို အစိုးရမှ ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးထဲမှာ ဆင်ဆာလုပ်မှုတွေ၊ ဗင်နီဇွဲလားပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုစည်းပေးရင်း အဲဒီကနေပြီး ကူညီပေးနေခြင်းဖြင့် ကျွန်မတို့ရဲ့ အရေးတော်ပုံကို ထောက်ကူပေးပါတယ်။ အဲဒီလိုလူတွေကို ကျွန်မတို့က မြေပေါ်က သူရဲကောင်းတွေလို့ ခေါ်ကြပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်သူ အကြံပေးချက်ရတော့ ကျွန်မတို့ ခေါင်းချင်းဆိုင် ဆွေးနွေးပွဲထဲ ပါတဲ့လူတွေဟာ စိန်ခေါ်မှု တသီကြီးကို ရင်ဆိုင်ခဲ့ကြရတယ်။ ပထမ ဦးဆုံး ခေါင်းချင်းဆိုင် ဆွေးနွေးမှုထဲ ပါဝင်သူ ၃၀၀ ရှိခဲ့ပြီး ခုနစ်နိုင်ငံက သူတွေပါ၊ တင်ပြခဲ့ကြတဲ့ ပရိုဂျက် ၁၆ ခု ပေါ်ထွက်လာခဲ့ပါတယ်။ ကျွန်မတို့က ဖြစ်နိုင်ခြေ အကောင်းဆုံး ပရိုဂျက်တွေကို ယူခဲ့ကြပြီး စတင်ပြီး ဆက်လက် ဆောင်ရွက်လာခဲ့ကြပါတယ်။ ဒီနေ့တွင် ကျွန်မဟာ အအောင်မြင်ဆုံး နှစ်ခုတို့ကို မျှဝေပေးပါမယ်၊ ကျွန်မ အခုထိ ရရှိလာတဲ့ သက်ရောက်မှုကို ရှင်တို့ နားလည်နိုင်ဖို့ အတွက်ပါ။ MediTweet နဲ့ Blackout Tracker လို့ ခေါ်ပါတယ်။ MediTweet ဟာ အသိဉာဏ်သုံး Twitter bot ပါ။ ဗင်နီဇွဲလားနိုင်ငံသားတွေ လိုအပ်တဲ့ ဆေးတွေကို ရှာကူပေးပါတယ်။ ဒီနေ့ ဗင်နီဇွဲလားနိုင်ငံမှာ ဖျားနာလို့ ဆေးရုံကိုသွားမယ် ဆိုရင်၊ ရှင်တို့ကို ကုသပေးဖို့ လိုအပ်တဲ့ ဆွေးတွေ သူတို့ဆီမှာ မရှိဖို့ အလားအလာ များပါတယ်။ အခြေအနေက ဘယ်လောက်တောင် ဆိုးလဲဆိုရင် လူနာတွေဟာ ဆေးစာအစာ ဝယ်ရမယ့် ဆေးစာရင်းကို ရရှိကြပါတယ်။ ကျွန်မကိုယ်တိုင်ကိုက အဲဒါကို သိပ်လိုအပ်ပါတယ်။ ကျွန်မ အမေ့ဆီမှာ ကင်ဆာရှိကြောင်း ၂၀၁၅ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။ သူမကို ခါးဆစ်ကျော်ရိုးမှာ ဆေးထိုးအပ်နဲ့ ဖောက်ရန် လိုအပ်ခဲ့တယ်၊ ရောဂါရဲ့ နောက်ဆုံးအခြေအနေကို သိဖို့နဲ့ ရောဂါကို ကုသနည်း သိဖို့အတွက်ပါ။ ဒါပေမဲ့ အဲဒါ့အတွက် လိုအပ်တဲ့ ဆေးထိုးအပ် မရှိခဲ့ပါ။ အဲဒီအချိန်မှာ ကျွန်မ ဗင်နီဇွဲလားမှာ ရှိနေခဲ့တယ်၊ ကျွန်မ မျက်စိရှေ့မှောက်မှာကို အမေရဲ့ အခြေအနေ ဆိုးဆိုးလာတာ မြင်ရတယ်။ နေရာတိုင်းမှာ ရှာကြည့်ပြီးတဲ့ နောက်မှာ ဆိုက်တစ်ခုမှာ သွားတွေ့တယ်၊ လက်တင်အမေရိကရဲ့ eBay ဆိုက်မျိုးပါ။ ကျွန်ဟာ ရောင်းသူကို ဒေသခံ ပေါင်မု့န်ဆိုင်မှာ တွေ့ခဲ့ပြီး မှောင်ခိုပစ္စည်း ဝယ်ရသလို ဝယ်ခဲ့ရတယ်။ အမေက အပ်ကို သူ့ဆရာဝန်ဆီ ယူသွားလို လိုအပ်တာကို လုပ်နိုင်ခဲ့တယ်။ အဲဒီအပ်မရှိခဲ့ရင် သူသေသွားနိုင်ခဲ့မှာပါ။ ပြဿနာ ဆေးပစ္စည်းတင် မကပါဘူး၊ ကျန်းမာရေး စနစ်လည်း ပြဿနာနဲ့ပါ။ သူ့ကို ပထမဦးဆုံးအကြိမ် ရောဂါရှာတွေ့လိုက်တော့၊ သူမအတွက် လိုအပ်တဲ့ ဆေးတွေကို အစိုးရ ဆေးဆိုင်မှာ ဝယ်နိုင်ခဲ့တယ်၊ လက်တွေ့မှာ အခမဲ့လို့ပါ။ နောက်ပိုင်းမှာ အစိုးရဆေးဆိုင် ပိတ်သွားပေမဲ့ ကျွန်မတို့ ရှေ့ဆက် ကုသခံယူဖို့ ခြောက်လ လိုအပ်နေသေးတယ်။ ခြောက်လကြာ ကုသမှု ခံယူရဦးမယ်။ ကျွန်မတို့ တချို့ဆေးကို အွန်လိုင်းမှနဲ့ ကျန်တာကို မက္ကဆီကိုမှာ ဝယ်ခဲ့ကြရတယ်။ အခုတော့ အမေဟာ ကုသခံနေရတာ သုံးနှစ်ထဲ ရောက်နေပြီ။ ကျွန်မက သူ့ကို ဖုန်းဆက်ခေါ်တိုင်း၊ သူမက "ငါနေကောင်းတယ်၊ စိတ်မပူပါနဲ့" တဲ့။ ဒါပေမဲ့ လူတိုင်းဟာ နိုင်ငံ့ထဲက ထွက်မသွားနိုင်ပါဘူး၊ ပြီးတော့ တချို့ကျတော့ ခရီးသွားနိုင်အောင် မကျန်းမာကြပါဘူး။ အဲဒါကြောင့် လူတွေက Twitter ကို အားကိုးကြရတယ်။ ဆေးပစ္စည်းတွေ ဝယ်ချင်ရင်၊ ရောင်းချင်ရင် #ServicioPublico ကို သုံးကြရတယ်၊ "ပြည်သူ့ ဝန်ဆောင်မှု။" အဓိပ္ပါယ်ရပါတယ်။ ကျွန်မတို့ရဲ့ Twitter bot က #ServicioPublico ကိုစကင်ဖတ်ကြည့်နေပြီး ဆေးတစ်မျိုးမျိုးကို ရှာဖွေနေသူကို ကိုယ့်လက်ထဲ လက်ကျန် ရှိနေသူ တစ်ဦးဦး ရောင်းလိုတာနဲ့ ချိတ်ဆက်ပေးပါတယ်။ ကျွန်မတို့ဟာ Twitter သုံးစွဲကြသူတို့ရဲ့ တည်နေရာထိုကိုပါ ရယူပြီး ဘယ်မှာ ရှိကြောင်းကို ပြသတဲ့ ကိရိယာအဖြစ် သုံးကြတယ်။ ဒီလိုနည်းဖြင့် Médicos por la Salud လို အဖွဲ့အစည်းက ဆေးပြတ်တောက်နေတဲ့ နေရာကို ရှာတွေ့စေနိုင်တယ်။ ပြီးတော့ ရောဂါစုပြုံ ဖြစ်ပွားနေတဲ့ နေရာတွေကို ဖေါ်ထုတ်ပေးရန် စက်ကို သင်ကြားပေးနိုင်ကြပါသေးတယ်။ လူသားချင်းစာနာမှုအဖြစ် ဆေးအကူအညီ သူတို့ ရခဲ့လျှင် အဲဒီဆေးတွေကို ဘယ်ဒေသများဆီ ဖြန့်ဝေပေးသင့်သလဲ ဆိုတာကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်ပါတယ်။ ကျွန်တို့ရဲ့ ဒုတိယ ပရိုဂျက်က Blackout Tracker ပါ။ ဗင်နီဇွဲလားနိုင်ငံမှာ လောလောဆယ်တွင် လျှပ်စစ်ဓာတ်အား ပြဿနာ ရှိနေတယ်။ မနှစ်တုန်းက ဗင်နီဇွဲလားနိုင်ငံဟာ မိမိသမိုင်းထဲက အဆိုးဝါးဆုံး လျှပ်စစ်ပြတ်တောက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မဟာ မိဘတွေနဲ့ ဆက်သွယ်မရခဲ့တာ နှစ်ရက်ကြီးတောင် ကြာခဲ့ပါတယ်။ တချို့မြို့ကြီးတွေဆို နေ့စဉ်လိုလို မီးပြတ်ကြပါတယ်။ အဲဒါတွေကို ကျွန်မတို့ဟာ လူမှုမီဒီယာ ပေါ်မှာသာ သိနိုင်ကြတယ်။ မီးပြတ်တောက်မှု ကိစ္စကို အစိုးရက ကြေညာပေးမှာ မဟုတ်ပါဘူး။ လျှပ်စစ်မီး ပြတ်တာနဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေက အလျင်အမြန် တည် နေရာကို #SinLuz hashtag တွစ်ကြတယ်။ "လျှပ်စစ်မီးမရှိ" ဆိုတဲ့သဘောပါ။ သူတို့ဖုန်းတွေ အားမကုန်မီ ပို့ပေးကြတယ်။ နိုင်ငံ့ထဲက လူတွေက အခြေအနေတွေကို သိနိုင်ဖို့ အတွက်ပါ။ MediTweet လိုပဲ၊ Blackout Tracker ကလည်း Twitter မှာ #SinLuz ကို စကင်လုပ်ပါတယ်။ ခုနက သုံးစွဲသူတို့ရဲ့ တည်နေရာ ဒေတာကို သုံးပြီး မြေပုံကို ဆွဲပေးပါတယ်။ ဒီနေ့တွင် မီးပြတ်နေတာ ဘယ်နေရာတွေလဲ၊ စုစုပေါင်း မီးပြတ်ခဲ့ကြတဲ့ နေရာတွေ ဘယ်လောက်များမှန်း ကျွန်မတို့ ချက်ချင်း သိနိုင်တယ်။ ဘာတွေ ဖြစ်ပျက်နေတာကို လူတွေ သိချင်ကြတယ်၊ ဒါက ကျွန်မတို့ရဲ့ အဖြေပါ။ ပြီးတော့ တချိန်တည်းမှာဒါက အစိုးရအား ပိုတာဝန်စေရန်လည်း ပါပါတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ တရားဝင် ဒေတာ မရှိဘူးဆိုတော့ သူတို့ဟာ ဘာမှ မသိသယောင် တာဝန် မရှိသယောင် နေထိုင်နိုင်ကြတယ်လေ။ ပြဿနာ ဘယ်လောက် ဆိုးဝါးမှန်းကို Blackout Tracker ကပြပေးတယ်။ Silicon Valley ထဲက တချို့သူတို့က ကျွန်မတို့ရဲ့ ပရိုဂျက်တွေကို ကြည့်ပြီးတော့ ဒါများ ဘာများ ထူးဆန်းတဲ့ နည်းပညာလဲလို့ ဆိုနိုင်ကြပါတယ်။ ကျွန်မတို့ အဲဒါကို သဘောတူပါတယ်။ ဒီပရိုဂျက်တွေဟာ အရမ်းကို အဆင့်မြင့် စီမံကိန်းတွေ မဟုတ်ကြပါ၊ ဒါပေမဲ့ ၎င်းတို့ကို ဗင်နီဇွဲလားပြည်သူတွေ လိုအပ်နေကြပြီး သူတို့အတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိကြပါတယ်။ ဒီပရိုဂျက်တွေထက်ကို ကျော်လွန်ပြီး အရေးကြီးဆုံး အချက်က လှုပ်ရှားမှု တစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ၊ ကမ္ဘာတဝမ်းက လူတွေ အတူတကွလက်တွဲလျက် ဗင်နီဇွဲလားပြည်သူတွေရဲ့ အကျိုးအတွက် သူတို့ ကျွမ်းကျင်မှုတွေကို သုံးနေကြပါတယ်။ ကျွန်မတို့က ဒေသခံ ပြည်သူတွေနဲ့ လက်တွဲ လုပ်ကိုင်နေကြတဲ့ အတွက် ပြည်သူက လိုချင်ပြီး လိုအပ်နေတဲ့ ဖြေရှင်း နည်းတွေကို ကျုပ်တို့ တီထွင်ပေးနိုင်ကြတယ်။ ဒီနေရာမှာ ကျွန်မတို့ အားလုံးက ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာတွေကို အသုံးချနေကြတာမို့လို့ လွယ်ကူပြီး သဘာဝကျတာ အားရစရာပါ။ ကျွန်မတို့ အနေနဲ့ နည်းနည်းလေး အခြေအနေပြောင်းလဲပေးဖို့ သိပ်မခဲယဉ်းပါဘူး။ San Francisco မှာနေသူ တစ်ဦးဦးက MediTweet (သို့) Blackout Tracker လို ဖြေရှင်းနည်းတွေကို ဖန်တီးပေးရန် ပညာရှင်တွေကို ငှားရမ်းခဲ့မယ်ဆိုရင် မနည်းလှတဲ့ ဉာဏ်ပူဇော်ခကို ပေးခဲ့ရမှာပါ။ ကျွန်မတို့က ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ ပေးလှူကြခြင်းဖြင့် ငွေသက်သက်ကို လှူမှုနဲ့စာရင် ပိုအကျိုးရှိတဲ့ သက်ရောက်မှု ရှိခဲ့တယ်။ ရှင်တို့အားလုံးကလည်း အလားတူ လုပ်ပေးနိုင်ကြပါတယ် -- ဗင်နီဇွဲလားထဲတွင် ဖြစ်ဖို့ မလိုပါဘူး၊ ရှင်တို့ရဲ့ အသိုင်းအဝိုင်း အတွက်လည်း ဖြစ်နိုင်ပါတယ်။ မကြုံစဖူး ချိတ်ဆက်မိနေတဲ့ ဒီနေ့ ကမ္ဘာကြီးထဲတွင်၊ သီးခြား အသိုင်းအဝိုင်းတွေဟာ တသီးတခြား ဒါမှ မဟုတ် အလုံပိတ်နေကြတာကို မြင်နေကြရဆဲပါ။ ကူညီပေးနိုင်တဲ့ ဧရာမ နည်းလမ်းတွေ အများကြီး ရှိကြပါတယ်၊ ဒါပေမဲ့ ကျွန်မ ယုံကြည်တာက ကိုယ့်ကျွမ်းကျင်မှုကို သုံးပြီး ကွဲပြားနေကြတဲ့ လူ့အသိုင်းအဝိုင်းတွေကို ချိတ်ဆက်ပေးရင်း အဲဒီလို ဆက်ဆံမှုများမှ တစ်ဆင့် ထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ရှာကြံပေးနိုင်ကြမှာပါ။ အသိပညာနဲ့ ကျွမ်းကျင်မှု ရှိသူ မည်သူမဆိုဟာ လူ့အသိုင်းအဝိုင်း အတွက် မျှော်လင့်ချက်ကို ယူဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိသူပါ။ Code for Venezuela ထဲက ကျွန်မတို့ အတွက်တော့ ဒါဟာ အစပဲရှိပါသေးတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)