အဖွားရဲ့ငယ်စဉ်က အကြောင်းတွေ စားမြုံပြန်ရင်း သင့်အဖွားဟာ ကျွမ်းဘားမယ်ဆိုရင် သင်ယုံဖို့ခက်နေပါလိမ့်မယ်။ တကယ်တော့ ခါးနာ၊ တံတောင်နာ၊ ဒူးကိုက်တာတွေ အသက်အရွယ်ကြီးရင့်လာတဲ့ လူကြီးသူမတွေမှာ အိုနာ အနေနဲ့ ဖြစ်လာသလို လူငယ်တွေမှာလည်း ဖြစ်နေတဲ့ ပြဿနာပါ။ တရားခံကတော့ အဆစ်ရောင်ရောဂါပါ။ အဆစ်တွေရောင်ပြီး နာတဲ့ရောဂါပေါ့။ အမေရိကမှာဆို လူသန်း ၉၀ ကျော် ခံစားနေရတဲ့ရောဂါပါ။ ဒီလိုအဆစ်ရောင်တာဟာ ရှောင်လွှဲမရဘူးလား? နေရာအနှံ့မှာ ဘာကြောင့်ဖြစ်နေရသလဲ? ဒါကို အရှင်းပျောက်ဖို့ ကုထုံး ဘာလို့ ရှာမရသေးတာလဲ? ပထမဆုံးအနေနဲ့ ပြောရရင် အဆစ်ရောင်တယ်ဆိုတာ ရောဂါပေါင်း ၁၀၀ ကျော်ကို စုစည်းခေါ်၀ေါ်လိုက်တာပါ။ ဒီရောဂါတိုင်းဟာ အဆစ်ရောင်ပြီး နာတဲ့ လက္ခဏာတွေ တူညီကြတယ် ဆိုပေမဲ့ ဇစ်မြစ်နဲ့ ရောဂါအတိမ်အနက် ကွဲပြားခြားနားပါတယ်။ အများဆုံးဖြစ်တဲ့ရောဂါကတော့ ထင်တာထက် ပိုပြီးကာကွယ်ရခက်တဲ့ osteoarthritis ပါ။ ယေဘုယျအားဖြင့် အသက်ကြီးလို့ဖြစ်တာ ဆိုပေမဲ့ နောက်ကြောင်းပြန်စစ်လိုက်ရင် ငယ်စဉ်အခါက အဆစ်ထိခိုက်ဒဏ်ရာရခဲ့တာတွေကနေ အခြေတည်လာခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်မှုဖြစ်တဲ့အခါ ကိုယ်ခံအားဆဲလ်တွေက ထိခိုက်မိတဲ့နေရာကို ပြင်ဆင်ရှင်းလင်းဖို့ metalloproteinases နဲ့ aggrecanases တွေပါတဲ့ အင်ဇိုင်းတွေကို ထုတ်ပါတယ်။ ဒီအင်ဇိုင်းတွေက ပျက်နေတဲ့ဆဲလ်တွေရှင်းရင်း ရောင်ရမ်းတာကို ဖြစ်စေပါတယ်။ ရောင်ရမ်းတာဟာ ပြင်ဆင်နေချိန်မှာ အဆစ်ကို ကာကွယ်ထားတာဖြစ်ပေမဲ့ ချက်ခြင်းအနာမကျက်နိုင်သေးတဲ့ ဆဲလ်တွေဟာ ကိုယ်ခံအားဆဲလ်တွေကို ဆက်လက်လက်ခံထားရာက အင်ဇိုင်းတွေ ဆက်တိုက်ထွက်နေပြီး အရွတ်တွေ စတင်ထိခိုက်ရာမှ အဆစ်တွေအားနည်းလာကာ နောက်ပိုင်း အဆစ်ရောင်ရောဂါ ဖြစ်လာတာပါ။ အားလုံးကတော့ ငယ်စဉ်က ဒဏ်ကြောင့် မဟုတ်ပါဘူး။ အမေရိကန်လူလတ် ၁.၃သန်းမှာ လေးဘက်နာအဆစ်ရောင် rheumatoid arthritis ဖြစ်နေတာပါ။ သူကတော့ မိမိကိုယ်ခံစွမ်းအားကြောင့် ဖြစ်ပွားလာတဲ့ ရောဂါပါ။ အရွတ်ဆဲလ်တွေက ထုတ်တဲ့ သာမန်ပရိုတိန်းတွေကို ကိုယ်ခံအားဆဲလ်တွေက လိုက်တိုက်ရာက ဖြစ်တာပါ။ ဘာလို့ ဒီလိုဖြစ်လဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး၊ သာမန်တစ်ရှူးတွေကို ပြင်ပက ဝင်ရောက်လာသလို သဘောထားတိုက်ခိုက်နေတာနဲ့တူပါတယ်။ ဘာပြင်ဆင်စရာ ဘာဒဏ်ရာမှ မရှိပဲ ကိုယ်ခံအားဆဲလ်တွေ အဆစ်ထဲ စိမ့်ဝင်ရာက နာတာရှည် အဆစ်ရောင်ရောဂါ ဖြစ်လာပြီး အရိုးနဲ့ အရွတ်ကို ဖျက်ပါတော့တယ်။ နောက်ရောဂါတစ်မျိုးကတော့ spondyloarthritis ဖြစ်ပါတယ်။ သူကတော့ တခြားအဆစ်ရောင်တာတွေနဲ့ လက္ခဏာတွေ ဆင်တူပါတယ်။ သူဟာ အဆစ်တွေ (အထူးသဖြင့် အရိုးနဲ့အရွတ် တွဲဆက်တဲ့ နေရာတွေ) ကို ဘာဒဏ်မှ မဖြစ်ဖူးပါဘဲနဲ့ ကာလရှည်ကြာ ရောင်ရမ်းနေစေပါတယ်။ ဒီလိုကြောင့် အင်ဇိုင်းတွေ ဗလပွဖြစ်လာပြီး အရွတ်တွေ ပျက်လာပါတော့တယ်။ သူကတော့ မတူကွဲပြားတဲ့ cytokines ဆိုတဲ့ ပရိုတိန်း လက်ချက်ပါ။ အင်ဇိုင်းတွေက အရွတ်တွေကို စားထုတ်ပစ်လိုက်တဲ့အခါ ခန္ဓာကိုယ်က အရိုးတွေကို ပူးပြီး အဆစ်ငယ်တွေကို ထိန်းဖို့ကြိုးစားရာက အရိုးအတက်ထွက်လာပြီး အဆစ်ခိုင်ပြီး နာတဲ့ ကျီးပေါင်းရောဂါပါ ဖြစ်လာတတ်ပါတယ်။ အဆစ်ရောင်ရောဂါ ဖြစ်စေတဲ့အချက် များစွာရှိနေပေမယ့် လက်ရှိကုသမှုတွေဟာ ရောဂါဖြစ်စေတဲ့ အချက်တွေထက် လက္ခဏာတွေကိုပဲ လိုက်လံကုသနေရတာဖြစ်ပါတယ်။ ကုနည်းတွေကတော့ MACI ခေါ်တဲ့ အရွတ်ကနေ ဆဲလ်ထုတ်ယူပြီး တစ်ရှူးအစားထိုး ပျိုးပေးတာမျိုးကနေ microfracture လို့ခေါ်တဲ့ အရိုးမှာ အပေါက်လေးတွေ ဖေါက်ပြီး ရိုးတွင်းခြင်ဆီပင်မဆဲလ်တွေ စိမ့်ထွက်လာစေကာ အရွတ်အသစ်ဖြစ်စေမယ့်နည်းအထိ ရှိပါတယ်။ နောက်ဆုံးနည်းကတော့ အရွတ်ခမ်းသွားတဲ့သူကို အဆစ်အစားထိုးနည်းနဲ့ ကုသပေးပါတယ်။ ဒီလိုကုသနည်းတွေ ရှိပေမဲ့ ကိုယ်ခံအားကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါတွေကတော့ ကုထုံး ရှာဖွေနေရဆဲပါပဲ။ သိပ္ပံပညာရှင်တွေဟာ လေးဘက်နာအဆစ်ရောင်မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ TNF-alpha ပရိုတိန်းကို တားဆီးမယ့် ကုထုံးကို ဖော်ထုတ်နေပါတယ်။ ဒါကလည်း လက္ခဏာကို ကုတဲ့ကုထုံးပါ။ ဇစ်မြစ်ကိုကုဖို့ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ကျွန်တော်တို့ကလည်းပဲ အဆစ်တွေ ဝိတ်အများကြီး မထမ်းရအောင် ကိုယ်အလေးချိန်ချ၊ ယောဂနဲ့ စက်ဘီးစီးတာလို ပေါ့ပါးတဲ့အားကစားလေးတွေလုပ်၊ ဆေးလိပ်သောက်ခြင်းကိုရှောင် စတာတွေလုပ်သင့်ပါတယ်။ ဒီလို အမူအကျင့်တွေက တဖက်ကများပြားလှတဲ့ အဆစ်ရောင်ရောဂါတွေကို ကုသမယ့်နည်းလမ်းတွေကို ရှာဖွေလေ့လာနေချိန်မှာပဲ ကျွန်တော်တို့ အသက်ရှည်အောင် ကူညီပေးပါလိမ့်မယ်။