ဒီမိုကရေစီကို ကျုပ်တို့နည်းနည်းလေး စိတ်ပျက်နေတာက ကျွန်တော် တစ်ယောက်တည်းလား ဒါမှမဟုတ် ဒီ့ပြင်လူတွေကော် ဒီမှာ ရှိကြသေးလား။ (လက်ခုပ်သံများ) ကျုပ်တို့ နံပါတ်တချို့ကို ယူကြည့်ကြပါစို့။ ကျုပ်တို့က ကမ္ဘာ့တဝမ်းကို လေ့လာကြည့်ကြပါက၊ သမ္မတရွေးကောက်ပွဲများ အတွက် ပျမ်းမျှမဲလာကြပေးသူတို့ဟာ နောက်ဆုံး နှစ် ၃၀ အတွင်းမှာ ၆၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ အခု ကျုပ်တို့က ဥရောပကိုယူကြည့်ရင်၊ အီးယူပါလီမန် ရွေးကောက်ပွဲထဲ ပါဝင်ခဲ့ကြတဲ့ လူတွေကိုကြည့်ကြည့်ပါက၊ အဲဒီ ရွေးကောက်ပွဲတွေ အတွက် ပျမ်းမျှကျတော့ ၄၂ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ ဆက်ပြီး နယူးယောက်ကိုသွားကြပါစို့၊ နောက်ဆုံး မြို့တော်ဝန် ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတာ ဘယ်လောက်လဲ ကြည့်ကြရအောင်။ မဲပေးဖို့ လာခဲ့ကြတာက လူဦးရေ အားလုံးရဲ့ ၂၄ ရာခိုင်နှုန်းသာ ရှိခဲ့ကြတာ တွေ့ရမှာပါ။ ဆိုလိုရင်းက "သူငယ်ချင်းတွေ" ဆက်ပြီး အရွေးခံနေတုန်း ဆိုရင်၊ Joey ရယ်၊ ပြီးတော့ Phoebe တို့ဟာ မဲပေးလို့ လာခဲ့ကြမှာပါ။ (ရယ်သံများ) လူတွေက နိုင်ငံရေးသမားတွေကို စိတ်ကုန်နေကြ တော့ သူတို့ကို အပြစ်တင်လို့ မရနိုင်ပါ။ ပြီးတော့ လူတွေက သူတို့ရဲ့ မိတ်ဆွေများနဲ့ မိသားစုနဲ့ ဆက်သွယ်စကားပြောဖို့ အသုံးပြုခဲ့ကြတဲ့ ဒေတာကို တခြားလူတွေက နိုင်ငံရေး ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ပြီး သုံးနေကြတာကိုလည်း လူတွေဟာ စိတ်ကုန်နေကြပါပြီ။ ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ဒီခေတ်ထဲမှာ လူတွေက ခင်ဗျားတို့ကို ဝါဒဖြန့်ဖို့ ပစ်မှတ် ထားလာကြတာက သူတို့က ခင်ဗျားတို့ရဲ့ ဇစ်ကုဒ် ဒါမှမဟုတ် လိင် ဒါမှမဟုတ် အသက်ကို မသုံးခင်မှာပါ၊ လူတွေကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ပစ်မှတ်ထားလာခြင်းဟာ နိုင်ငံရေးလိုပဲ စိတ်ကူးစောင်း မို့လို့ပါ။ ပြီးတော့ အဲဒီလို စိတ်ကူးကို ဆက်သုံးနေကြတာက ဒီမိုကရေစီဆီမှာ အခြေခံအရ အားနည်းချက် ရှိနေလို့ပါ။ အဲဒါက ကိုယ်စားပြုရေး စိတ်ကူးမို့လို့ပါ။ အခြေခံမူအရ၊ ဒီမိုကရေစီ ဆိုတာက လူတွေရဲ့ အာဏာကို ကျင့်သုံးနိုင်စွမ်းပါ။ ဒါပေမဲ့ လက်တွေ့မှာကျတော့ ကျုပ်တို့ဟာ အဲဒီအာဏာကို ကျနော်တို့ကိုယ်စား ကျင့်သုံးနိုင်မယ့် ကိုယ်စားလှယ်အား လွှဲပေးရတယ်။ အဲဒီ ကိုယ်စားလှယ်ဟာ ပြဿနာ တစ်ဆို့တဲ့နေရာ၊ ဒါမှမဟုတ် အားနည်းတဲ့ နေရာပါ။ အဲဒီနေရာက ကိုယ်က ဒီမိုကရေစီကို တိုက်ခိုက် ချင်ရင် ပစ်မှတ်ထားရမယ့် နေရာပါ၊ ကိုယ်က ဒီမိုကရေစီကို ချုပ်ကိုင်ချင်ရင် ကိုယ်စားလှယ်ကို ထိန်းချုပ်ရမယ်၊ ဒါမှမဟုတ် လူတွေက သူတို့ကို ရွေးကြပုံကို ထိန်းချုပ်ရမှာပါ။ ဒီတော့ မေစရာ မေးခွန်းကြီးက- ဒါဟာ သမိုင်း၏ နိဂုံးပဲလား။ ကျုပ်တို့ အကောင်းဆုံး လုပ်နိုင်တာက ဒါပဲလား ဒါမှမဟုတ်၊ အခြားနည်းလမ်းတွေ ရှိကြသေးလား။ လူအချို့တို့က အခြားအစားထိုးရမယ့် နည်းလမ်းတွေကို စဉ်းစားလာခဲ့ကြရာ၊ စိတ်ကူး တစ်ခုက တိုက်ရိုက် ဒီမိုကရေစီ ဆိုတဲ့ စိတ်ကူးပါ။ အဲဒါက နိုင်ငံရေးသမားကို လုံးဝကို ရှောင်နိုင်မယ့် စိတ်ကူးပါ။ ပြည်သူတွေကို ပြဿနာအလိုက် တိုက်ရိုက် မဲပေးစေရန် ဖြစ်ပါတယ်။ ပြည်သူတွေ ဥပဒေမူကြမ်းတွေကို တိုက်ရိုက် မဲပေးနိုင်ကြမှာပါ။ သိပ်ကို ရိုးလွန်းတဲ့ စိတ်ကူးပါ၊ ကျုပ်တို့ ရွေးပေးရမယ့် အရာတွေက သိပ်ကို များလွန်းမှာမို့လို့ပါ။ ကျုပ်တို့က ၁၁၄ ကြိမ်မြောက် အမေရိကန် ကွန်ဂရက်ကို ကြည့်ရင်၊ အောက်လွှတ်တော် ဆိုရင် ဥပဒေမူကြမ်း ၆၀၀၀ ကျော်ကို စဉ်းစားခဲ့တာကို၊ အထက်လွှတ်တော် ကျတော့ ဥပဒေမူကြမ်း ၃၀၀၀ ကျော်ကို၊ စဉ်းစားခဲ့ကြပြီး အတည်ပြုခဲ့ကြတာ ဥပဒေ ၃၀၀ ကျော်ခဲ့ပါတယ်။ အဲဒီလို အတည်ပြုဖို့ လူတစ်ဦးချင်းဟာ သူသိခဲ့တဲ့ ခေါင်းစီး တစ်ခုကို တစ်ပတ်လောက် စဉ်းစားခဲ့ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ရိုက် ဒီမိုကရေစီကို ဖြစ်နိုင်တဲ့ အလားအလာ တစ်ခုအနေနဲ့ ကျုပ်တို့က စဉ်းစားကြမယ်ဆိုရင် သိမြင်မှု ဘောင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြရမယ်။ အဲဒါကြောင့် အချို့တို့က အရည်ဒီမိုကရေစီ ဒါမှမဟုတ် စီးဆင်းနေတဲ့ ဒီမိုကရေစီကို ကိုယ်က ကိုယ့်နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ အခြားသူ တစ်ဦးအား အပ်နှံပေးလျက် ထိုသူက ပြန်ပြီး တစ်ဦးဦးအား ပြန်အပ်နှံရေးကို စဉ်းစားလာကြတယ်။ ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ဧရာမများပြားတဲ့ နောက်လိုက်များရဲ့ ကွန်ရက်ကို ဖန်တီးလျက် နောက်ဆုံးတွင် လူအနည်းငယ်တို့ကသာ သူတို့နောက်လိုက်များ ကိုယ်စား လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို စဉ်းစား ချမှတ်ပေးကြတာပါ။ ဒါပေမဲ့ ဒီယူဆချက်ကလည်း သိမြင်မှုဘောင် ဆိုင်ရာ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘဲ အမှန်စင်စစ်မှာ ကိုယ်စားလှယ်ထားရှိရေး စိတ်ကူးနဲ့ အတော်လေး ဆင်တူပါတယ်။ ဒါကြောင့် ကျွန်တော် ဒီနေ့ နည်းနည်းလေး လှုံ့ဆော်ပေးတဲ့ အနေနဲ့ ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက- နိုင်ငံရေးသမားတွေကို ရှောင်ကွင်းဖို့ ကြိုးစားမယ့်အစား၊ သူတို့ကို အလိုအလျောက် လုပ်လာဖို့ အားထုတ်ကြမယ် ဆိုရင်ကော။ အလိုအလျောက် လုပ်ခိုင်းခြင်းဟာ ဆန်းသစ်တဲ့ စိတ်ကူး မဟုတ်ပါ။ အဲဒါကို လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်တုန်းက ပြင်သစ် ရက်ကန်းသမားတွေက ရက်ကန်းစင်ကို အလိုအလျောက် လုပ်ခိုင်းစဉ် စတင်ခဲ့တာပါ။ အဲဒီစက်မှုစစ်ပွဲမှ အောင်ပွဲကို ခံယူ ထွက်လာခဲ့သူမှာ Joseph-Marie Jacquard ပါ။ သူဟာ ပြင်သစ် ရက်ကန်းသမားနဲ့ ကုန်သည် ဖြစ်ခဲ့ပြီး ရက်ကန်းစင်ကို ရေနွေးငွေ့အင်ဂျင်နဲ့ ပေါင်းစပ်ပေးလျက် အလိုအလျောက် လုပ်ကိုင်နိုင်တဲ့ ရက်ကန်းစင်တွေကို ဖန်တီးခဲ့သူပါ။ အလိုအလျောက် ရက်ကန်းစင်တွေကို သူဟာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သူဟာ လူတွေရဲ့ လက်များဖြင့် ထုတ်လုပ်နိုင်ခဲ့တဲ့ အထည်များထက် ပိုမို ရှုပ်ထွေးပြီး သိမ်မွေ့တဲ့ အထည်များကို ထုတ်လုပ်နိုင်ကြတယ်။ ပြီးတော့ အဲဒီ စက်မှုစစ်ပွဲကို အနိုင်ယူလိုက်တဲ့ သူဟာ အလိုအလျောက်စနစ်တွေရဲ့ ပုံကြမ်းကို ချမှတ်ပေးလိုက်တာပါ။ အရာတွေကို အလိုအလျောက် လုပ်ခဲ့ပုံဟာ နောက်ဆုံး နှစ် ၃၀၀ အတွင်းမှာ အစဉ်လိုလို ဆင်တူပါပဲ- အစပိုင်းတွင် ကျနော်တို့ဟာ လိုအပ်ချက်ကို ဖေါ်ထုတ်ကြတယ်၊ ပြီးရင် အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ကိရိယာကို ထွင်ကြတယ်၊ ခုနက ရက်ကန်းစင်တို့လိုပေါ့။ ပြီးရင် လူတွေ အဲဒီကိရိယာကို သုံးကြပုံကို လေ့လာပြီး သုံးသူကိုပါ အလိုအလျောက် လုပ်ဖို့ကို လေ့လာကြပါတယ်။ စက်တပ် ရက်ကန်းစင်မှ အလိုအလျောက် ရက်ကန်းစင်သို့ ကျုပ်တို့ ကူးပြောင်းခဲ့ကြတာ အဲဒီလိုပုံစံပါ၊ ပြီးတော့ အဲဒါဟာ နှစ်ပေါင်း တစ်ထောင် ကြာခဲ့ပါတယ်။ တဖန်၊ ကားကို အလားတူပုံကြမ်းကို သုံးပြီး လုပ်ကိုင်နိုင်ဖို့ကျတော့ နှစ်ပေါင်း တစ်ရာပဲ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ချီတွင်ကျတော့၊ တကယ့်ကို အလိုအလျောက် လုပ်ကိုင်မှုမျိုးပါ။ အခုပြမယ့် ဗီဒီယိုက Toshiba မှ ကျွန်တော့် လုပ်ဖေါ် တစ်ဦးထံမှပါ၊ solid state drives တွေ ထုတ်လုပ်တဲ့ စက်ရုံကို ပြသထားပါတယ်။ စက်ရုံတစ်ခုလုံးကိုက ရိုဘော့ပါ။ အဲဒီစက်ရုံမှာ လူသားရယ်လို့ တစ်ဦးမှ မရှိပါ။ အဲဒီလို ရိုဘော့တွေဟာ မကြာမီတွင် စက်ရုံမှ ထွက်လာကြပြီး ကျုပ်တို့ ကမ္ဘာရဲ့ အစိတ်အပိုင်း ဖြစ်လာကြမယ်၊ ကျုပ်တို့ရဲ့ လုပ်သားအင်အား တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်။ ကျွန်တော် နေ့စဉ် လုပ်ကိုင်တာက တစ်နိုင်ငံလုံးအတွက် ဒေတာကို စုစည်းပေးမယ့် ကိရိယာများကို ဖန်တီးမှုပါ၊ လာမယ့် အနာဂတ်တွင် ခုနကလို စက်တွေကို စီမံခန့်ခွဲဖို့ လိုအပ်နိုင်တဲ့ အခြေခံအုတ်မြစ်မျိုးကို ချမှတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော် ဒီကို လာခဲ့တာ နိုင်ငံများဆိုင်ရာ ဒေတာကို စုစည်းပေးမဲ့ အဲဒီလို ကိရိယာတွေ အကြောင်း ပြောပြဖို့ မဟုတ်ပါ။ ဒါပေမဲ့ အသိဉာဏ်အတုကို ဒီမိုကရေစီထဲမှာ သုံးနိုင်ဖို့ကို ကူညီပေးမဲ့ စိတ်ကူး အကြေင်းကို ပြောပြဖို့ အတွက် ဒီမှာ ရပ်နေတာပါ။ ကျွန်တော် တီထွင်တဲ့ ကိရိယာတွေဟာ အချက်အချာ ကျတဲ့ ဆုံးဖြတ်ချက်များ အတွက်မို့လို့ပါ။ ဓမ္မဓိဌာန်ကျတဲ့ ပုံစံမျိုးဖြင့် စဉ်းစား ချမှတ်ရမယ့် ဆုံးဖြတ်ချက်မျိုးပါ- အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ချက်များပါ။ ဒါပေမဲ့ ဥပဒေပြုစုရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ရှိကြပါတယ်၊ ဥပဒေပြု ဆုံးဖြတ်ချက်တွေအတွက် အမြင်မျိုးစုံ ရှိကြတဲ့ ပြည်သူတွေ အကြားမှာ ဆက်သွယ် ဆွေးနွေးရန် လိုအပ်တယ်၊ လူတွေ ပါဝင်ကြဖို့၊ ငြင်းခုံဆွေးနွေးဖို့ စဉ်းစားဖို့ လိုအပ်ပါမယ်။ ပြီးတော့ ကျုပ်တို့ အချိန်အတော်ကြာ စဉ်းစားလာခဲ့လို့ နားလည်လာတာက ဒီမိုကရေစီကို မြှင့်တင်ပေးဖို့ တကယ် လိုအပ် တာက ပိုပြီး ဆက်သွယ် ပြောဆိုကြဖို့ပါပဲ။ ဒါကြောင့်မို့လို့ ဒီမိုကရေစီနဲ့ ဆက်စပ်ပြီး ကျုပ်တို့ တီထွင်ခဲ့ကြတဲ့ နည်းပညာအားလုံးဟာ၊ သတင်းစာတွေပဲ ဖြစ်ဖြစ်၊ လူမှုမီဒီယာပဲ ဖြစ်ဖြစ်၊ ကျုပ်တို့အား ပိုပြီးဆက်သွယ် ပြောဆိုဖို့ ကြိိုးပမ်းနေကြတာပါ။ ဒါပေမဲ့ ကျုပ်တို့ အဲဒီလို လုပ်ကိုင်လာခဲ့တာ ကြာပါပြီ၊ အဲဒါက ပြဿနာကို ဖြေရှင်း မပေးနိုင်ကြောင်း ကျုပ်တို့ သိကြတယ်။ ဆက်သွယ်ပြောဆိုမှု ဆိုင်ရာ ပြဿနာမဟုတ်ဘဲ၊ သိမြင်မှုဘောင် ပြဿနာပါ။ ပြဿနာက သိမြင်မှုဘောင်နဲ့ သက်ဆိုင်နေတယ် ဆိုတော့၊ ပြည်သူတွေအတွက် ပိုပြီး ဆက်သွယ်ပြောကြားခွင့် ထပ်ထည့်ပေးခြင်းက အဲဒါကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါအစား ကျုပ်တို့ လိုအပ်နေကြတာက ကျုပ်တို့ ဝန်ပိနေကြတဲ့ များလွန်းနေတဲ့ ဆက်သွယ်ပြောဆိုမှုများကို ကိုင်တွယ်ရာမှာ ကူညီပေးကြမယ့် နည်းပညာတွေပါ။ ကိုယ်ပွား အသေးလေး လိုဟာမျိုး၊ ဆော့ဖ်ဝဲ အေဂျင့်မျိုး၊ ဒစ်ဂျစ်တယ် Jiminy Cricket မျိုးကို စဉ်းစားကြည့်ကြပါ - (ရယ်သံများ) ကျုပ်တို့ ကိုယ်စား မေးခွန်းတွေကို ဖြေကြားပေးနိုင်မယ့် အရာပါ။ ကျုပ်တို့ဆီမှာ အဲဒီလို နည်းပညာ ရှိလာရင်၊ ကျုပ်တို့ဟာ ဆက်သွယ်ပြောဆိုရေး ဝန်တချို့ကို ဖယ်ရှားနိုင်ကြပြီး အကြီးစား စကေးဖြင့် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကူညီပေးမယ်။ ဆော့ဝဲ အေဂျင့် ဆိုတဲ့ စိတ်ကူးဟားလည်း အသစ်အဆန်း မဟုတ်ပါဘူး။ ကျုပ်တို့ဟာ ၎င်းတို့ကို တချိန်လုံး သုံးနေကြပါပြီ။ ကျုပ်တို့ ကားမောင်းစဉ် ကိုယ်သွားမယ့် နေရာကို ဘယ်လို မောင်းသွားသင့်ကြောင်း ရွေးရာတွင် ကျုပ်တို့ ဆော့ဝဲအေဂျင့်ကို သုံးကြတယ်။ ကျုပ်တို့ နားထောင်ချင်တဲ့ တေးဂီတကို၊ ဒါမှမဟုတ် ဆက်ပြီး ဖတ်သင့်တဲ့ စာအုပ်ဆိုင်ရာ အကြံပြုချက် ရယူဖို့ သုံးနေကြပါပြီ။ အခု ၂၁ ရာစုမှာ ထင်ရှားလာတဲ့ စိတ်ကူး တစ်ခုက Jacquard ခေတ်တုန်းက ရက်ကန်းစင်ကို အင်ဂျင်တပ်ပေးဖို့ လိုဘဲ ထင်ရှားတဲ့ စိတ်ကူး တစ်ခု ပေါ်လာခဲ့ပါပြီ။ တိုက်ရိုက် ဒီမိုကရေစီကို ဆော့ဝဲ အေဂျင့် များနဲ့ ပေါင်းစပ်ပေးရေး စိတ်ကူးပါပဲ။ ခဏလောက် စိတ်ကူးကြည့်ကြပါ၊ ခင်ဗျားကိုရော ကျန်တဲ့ လူသန်းချီတို့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အစား ခင်ဗျားကိုယ်တိုင်ကိုသာ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ရှိနိုင်ပြီး ခင်ဗျားရဲ့ သူများနဲ့မတူတဲ့ နိုင်ငံရေး အမြင်တွေကို၊ လစ်ဘရယ်ဝါဒီနဲ့ လွတ်လပ်မှု၊ ပြီးတော့ တချို့ပြဿနာတွေမှာ ရှေးရိုးဆန်တဲ့ အမြင်တွေ၊ အခြားကိစ္စများဆိုင်ရာ တိုးတက်တဲ့ အမြင်တွေ ပေါင်းစပ်ကျင့်သုံးနိုင်လာမယ်။ ဒီနေ့ နိုင်ငံရေးသမားတွေဟာ သူတို့အစီအစဉ် တွေနဲ့ အပေးအယူ များစွာကို လုပ်ကြရပါတယ်။ ဒါပေမဲ့ ခင်ဗျားကိုသာ ကိုယ်စားပြုမယ့် တစ်ဦးဦး ခင်ဗျားမှာ ရှိနိုင်ပါတယ်၊ ကိုယ့်ကိုယ်စားလှယ်ဟာ လူသားပဲ ဖြစ်ရမယ် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ဆော့ဖ်ဝဲ အေဂျင့်ကို ကိုယ်စားပြုခွင့် ပေးဖို့ သဘောတူရင်ပေါ့။ ကျုပ်တို့မှာ ကိုယ်ပိုင် အမတ် ရှိပြီး လူတိုင်း အမတ်ကိုယ်စီ ရှိနိုင်တယ်။ အဲဒီ အမတ်တွေဟာ ဥပဒေမူကြမ်းတိုင်းကို ဖတ်နိုင်စွမ်း ရှိကြမှာဖြစ်ပြီး၊ ၎င်းတို့ တစ်ခုချင်းစီကို မဲပေးနိုင်စွမ်းလည်း ရှိကြမှာပါ။ ဒီတော့ ကျုပ်တို့အနေနဲ့ စဉ်းစားသင့်တဲ့ ထင်ရှားတဲ့ စိတ်ကူး တစ်ခုပါ။ ဒါပေမဲ့ ဒီနေ့ ဒီအသက်အရွယ်မျိုးမှာ ဒီစိတ်ကူးဟာ ထိတ်လန့်ဖွယ် ဖြစ်နိုင်တာကို နားလည်ပါတယ်။ တကယ်ပါပဲ၊ ကျုပ်တို့ အစိုးရတွေကို စီမံအုပ်ချုပ်ဖို့ အနာဂတ်ထံမှ ရိုဘော့ လာကူနိုင်မယ်ဆိုတာ ထိတ်လန့်စရာ ကောင်းတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်တို့ ဒါမျိုး အရင်တုန်းက ကြုံခဲ့ဖူးပါတယ်။ (ရယ်သံများ) တကယ်တော့ အဲဒီငနဲဟာ လူတော်လေးပါ။ ဒီတော့ အခုစိတ်ကူးရဲ့ Jacquard ရဲ့ ရက်ကန်းစင် ဗားရှင်းဟာ ဘယ်လိုများရှိမလဲ။ အဲဒါ သိပ်ကို ရိုးရှင်းတဲ့ စနစ် ဖြစ်မယ်။ ကိုယ်က လက်မှတ်ထိုး ဝင်ရမယ့် စနစ်ကို စိတ်ကူးကြည့်ပါ၊ ကိုယ့်ပွားကို ဖန်တီးရမယ်၊ ပြီးရင် ကိုယ်ပွားကို ကိုယ်ဟာ စပြီး လေ့ကျင့်ပေးရတော့မယ်။ ကိုယ်ဟာ ကိုယ်ရဲ့ စာဖတ်တဲ့ အလေ့အကျင့်ကို သင်ပေးနိုင်တယ်၊ ဒါမှမဟုတ် သင့်လူမှုမီဒီယာနဲ့ ဆက်သွယ်ပေးနိုင်တယ်၊ အခြား ဒေတာနဲ့လည်း ဆက်သွယ်ပေးနိုင်တယ်၊ ဥပမာအဖြစ် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို ထည့်ပေးနိုင်တယ်။ အဲ့ထဲ ကောင်းတဲ့ အချက်က လှည့်စားမှုမျိုး မရှိုနိုင်ခြင်းပါပဲ။ ကိုယ်က ဒေတာကို ကိုယ့်မိတ်ဆွေများနဲ့ မိသားစုကို မပေးဘူးဆိုတော့၊ အဲဒါကို နောက်ပိုင်းတွင် နိုင်ငံရေးစနစ်ကလည်း သုံးမရနိုင်ပါ။ ဒေတာကို ခင်ဗျား ပေးနေတာက ခင်ဗျား ကိုယ်စား နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ပြုလုပ်ပေးရမယ့် ကိုယ်ပိုင်စနစ်ကိုပါ။ နောက်မှာ ခင်ဗျားက ဒေတာကို ယူပြီး လေ့ကျင့်ရေး အယ်လ်ဂိုရီသမ်ကို ရွေးရမယ်။ အဲဒါဟာ အားလုံးသုံးနိုင်တဲ့ ဈေးကွက်နေရာ ဖြစ်ပြီး ခင်ဗျားက ပေးလိုက်တဲ့ ဒေတာကို အခြေခံပြီး ခင်ဗျား ဘယ်လို မဲပေးမလဲဆိုတာကို ခန့်မှန်းပေးမယ့် အယ်လ်ဂိုရီသမ်ကို လူတွေ အမျိုးမျိုးက ကမ်းလှမ်းကြပါမယ်။ အဲဒီစနစ်က လုံးဝမြင်သာလို့ ဘယ်သူမှ အယ်လ်ဂိုရီသမ်ကို ထိန်းချုပ်ရန် မလိုပါ။ အဲဒါနဲ့ ပိုလူကြိုက်များလာတဲ့ အယ်လ်ဂိုရီသမ်တွေ ရှိလာပြီး လူကြိုက်နည်းတာတွေ ရှိပါလိမ့်မယ်။ နောက်ဆုံး ကိုယ်ဟာ စနစ်ကို စိစစ်နိုင်တယ်။ ကိုယ်ပွားရဲ့ လုပ်ကိုင်ပုံကို ကိုယ်မြင်နိုင်တယ်။ ကိုယ်ကကြိုက်ရင် အော်တိုလုပ်ပိုင်ခွင့် ပေးနိုင်တယ်။ ကိုယ်က ပိုပြီး ထိန်းချုပ်ချင်ရင်၊ ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်တိုင်း ၎င်းတို့မှ ခင်ဗျားကို မေးဖို့ မှာထားနိုင်တယ်၊ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် သတ်မှတ်ပေးနိုင်ပါတယ်။ ကျုပ်တို့က ဒီမိုကရေစီကို ဒီနေ့ နည်းနည်းပဲ သုံးကြတာရဲ့ အကြောင်းရင်းတစ်ခုက ဒီမိုကရေစိရဲ့ အင်တာဖေ့စ် ညံ့နေလို့ ဖြစ်နိုင်တယ်။ အသုံးပြုသူတို့အတွက် အင်တာဖေ့စ်ကို မြှင့်ပေးခြင်းဖြင့် ၎င်းကို တိုးပြီး သုံးနိုင်စွမ်း ရှိလာစေနိုင်တယ်။ ဒီနေရာမှာ ခင်ဗျားတို့အနေနဲ့ မေးလိုမယ့် မေးခွန်းအများကြီးရှိမှာပါ။ ဆက်ပြီး ကိုယ်ပွားများကို ဘယ်လို လေ့ကျင့်ပေးရမှာလဲ။ ဒေတာတွေ လုံခြုံစေဖို့ ဘယ်လို လုပ်ကိုင်မလဲ။ စနစ်တွေကို ဖြန့်ချိနိုင်ပြီး စစ်ဆေး နိုင်အောင် ဘယ်လို လုပ်ကိုင်မလဲ။ အသက် ၈၀ ရှိပြီး အင်တာနက်ကို မသုံးတတ်တဲ့ ကျွန်တော့်အဖွားကကော ဘာလုပ်ရမလဲ။ အဲဒါတွေ အားလုံး ကျွန်တော် သိတာ ယုံစေလိုပါတယ်။ ကိုယ်က ဒီလိုစိတ်ကူးမျိုးကို စဉ်းစားကတည်းက အဆိုးမြင်ကြတဲ့သူတွေ ရှိတာ တွက်ထားရမယ်၊ ဖြေရှင်းချက်တိုင်းအတွက် သူတို့က ပြဿနာ တစ်ခုစီ ရှိကြတယ်လေ။ (ရယ်သံများ) ဆက်ပြီး ကြီးမားတဲ့ အတွေးအခေါ်တွေကို စဉ်းစားကြရန် ကျွန်တော် ဖိတ်ကြားလိုပါတယ်။ ကျွန်တော် ခုနလေးတင် ပြသခဲ့တာက စိတ်ကူး အသေးလေးတွေပါ၊ ဒါ အလုပ်မလုပ်ဖြစ်နိုင်တဲ့ မေးခွန်းတွေ ဖြစ်ခဲ့ကြလို့ပါ။ ကြီးမားတဲ့ စိတ်ကူးများကျတော့ - ဒီစိတ်ကူး လက်တွေ့ လုပ်ဖြစ်ခဲ့ရင် ကိုယ်ဟာ နောက်ထပ် ဘာများ လုပ်ပေးနိုင်မလဲ။ အဲဒီလို စိတ်ကူး တစ်ခုက ဥပဒေတွေကို ရေးကြတာက ဘယ်သူတွေလဲ။ အစပိုင်းတွင်၊ ကျုပ်တို့ဟာ ရှိနှင့်ပြီးသား ကိုယ်ပွားတွေကို သုံးပြီး ဒီနေ့ လုပ်နေကျအတိုင်း အမတ်များနဲ့ နိုင်ငံရေးသမားတွေ ရေးခဲ့ကြတဲ့ မဲပေးနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ကိုင်လာနိုင်ပြီဆိုရင်၊ တစ်ဦးဦးက ဥပဒေကို ပြုစုရေးသားဖို့ အယ်လ်ဂိုရီသမ်ကို ရေးပေးလိုက်လို့၊ အဲဒီ ဥပဒေမျိုးဟာ ထောက်ခံမှု ရာခိုင်နှုန်း တချို့ ရနိုင်ပါတယ်၊ ဒီဖြစ်စဉ် ပြောင်းပြန် လုပ်ခိုင်းလို့ ရနိုင်ပါတယ်။ ဒီစိတ်ကူးဟာ အဓိပ္ပါယ်မရှိဘူး၊ လက်တွေ့လုပ် မရနိုင်ဘူးလို့ ခင်ဗျားတို့ ထင်နိုင်ပါတယ်၊ ဒါပေမဲ့၊ တိုက်ရိုက် ဒီမိုကရေစီထဲ ဆော့ဝဲ အေဂျင့်တွေ ပါဝင်ခွင့်ရှိမယ့် ကမ္ဘာကြီးမျိုးထဲမှာသာ အခု တင်ပြလာခဲ့တဲ့ စိတ်ကူးဟာ လက်တွေ့ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကျုပ်တို့က တော်လှန်ရေးကို ဘယ်လိုများ စတင်ကြမလဲ။ ဒီတော်လှန်ရေးကို ကျွန်တော်တို့ဟာ ထွက်ပြီး ဆန္ဒပြခြင်းဖြင့်၊ လက်ရှိ နိုင်ငံရေးသမားတွေကို ရိုဘော့တွေနဲ့ ပြောင်းဖို့ တောင်းဆိုကြမှာ မဟုတ်ပါဘူး။ အဲဒါက မလုပ်မဖြစ်နိုင်ပါ။ ပိုပြီးရိုးရှင်းတာ ရှိပါတယ်။ ပိုပြီး နှေးပါမယ်၊ ပိုပြီး နှိမ့်ချခံရပါမယ်။ ဒီလိုတော်လှန်ရေးကို အထက်တန်းကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ပရဟိတအဖွဲ့တွေမှာ စတင်ပြီး ဖန်တီးရကြပါမယ်။ တချိန်တည်းမှာ ကျုပ်တို့ဟာ ဒီစိတ်ကူး ရှင်သန်ဖို့ ဒီစိတ်ကူးကို ကျုပ်တို့ ယုံကြည်မှုရှိလာဖို့ ရှိနိုင်ကြတဲ့ မေးခွန်းတွေကို ညှိပေးဖို့ ပေါ်လာနိုင်ကြတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အားထုတ်ကြရမယ်။ အဲဒီစနစ်တွေကို ကျုပ်တို့ ဖန်တီးလိုက်လို့ လူတွေ ရာချီ၊ ထောင်ချီ၊ သိန်းချီတို့က နိုင်ငံရေးအရ မလိုက်နာမနေရ မဟုတ်ပေမဲ့၊ ကျင့်သုံးလာကြမယ်ဆိုရင် ဒီစိတ်ကူးကို လူတွေ ယုံကြည်လာအောင် ကျုပ်တို့ လုပ်နိုင်ကြမှာပါ။ ကမ္ဘာကြီးဟာ ပြောင်းလဲလာရမှာပါ၊ ဒီနေ့တွင် ကျွန်တော့်သမီးလို ငယ်ကြတဲ့ လူငယ်တွေဟာ တစ်နေ့တွင် ကြီးပြင်းလာကြမှာပါ။ ကျွန်တော့်သမီးက ကျွန်တော့် အသက်မျိုး ရှိလာတဲ့ အချိန်မှာ ဒီနေ့တွင် စိတ်ကူးအရူးလို ထင်စရာရှိတဲ့ ဒီစိတ်ကူးဟာဖြင့်၊ သူမအတွက် သူ့မိတ်ဆွေများအတွက် ရူးစရာလို့ ထင်ချင်မှ ထင်ကြပါမယ်။ အဲဒီလို အချိန်မျိုးမှာ၊ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သမိုင်း နိဂုံးပိုင်းမှာ ရှိနေကြမှာ ဖြစ်ပေမဲ့၊ သူတို့ကျတော့ သူတို့ရဲ့ သမိုင်းအစမှာ ရှိကြမှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)